【နည်းပညာ】တရုတ်နိုင်ငံက သဲကန္တာရထိန်းချုပ်ရေး ကြိုးပမ်းမှုအဖြစ် သစ်ပင်တွေနဲ့ မြက်ခင်းပြင်တွေကို စိုက်ပျိုးလျက်ရှိ

【နည်းပညာ】တရုတ်နိုင်ငံက သဲကန္တာရထိန်းချုပ်ရေး ကြိုးပမ်းမှုအဖြစ် သစ်ပင်တွေနဲ့ မြက်ခင်းပြင်တွေကို စိုက်ပျိုးလျက်ရှိ

သဲကန္တာရတွေလို ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေကို ထိန်းချုပ်ပြီး ပြန်လည်စိမ်းလန်းစိုပြေလာစေဖို့အတွက် တရုတ်နိုင်ငံက သစ်ပင်တွေနဲ့ မြက်ခင်းပြင်တွေကို စိုက်ပျိုးလျက်ရှိတယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

တရုတ်နိုင်ငံဟာ Three-North Shelterbelt သစ်တောအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သစ်တောနဲ့ မြက်ခင်းပြင် ဟက်တာပေါင်း ၆၆၀,၀၀၀ ကျော်ကို စိုက်ပျိုးနေတာဖြစ်ပါတယ်။

Three-North Shelterbelt သစ်တောအစီအစဉ်ကို တရုတ်က ၁၉၇၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ နိုင်ငံရဲ့ အနောက်မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်တို့မှာ သစ်တောတွေကို တိုးချဲ့တည်ဆောက်ပြီး၊ သဲမုန်တိုင်းတွေနဲ့ မြေဆီလွှာတိုက်စားမှုတွေရဲ့ နောက်ဆက်တွဲတွေကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ နိုင်ငံတွင်း ပြည်နယ်အဆင့် တိုင်းဒေသကြီး ၁၃ ခုကို လွှမ်းခြုံသွားမယ့် သစ်တောအစီအစဉ်ရဲ့ အဆင့် ၈ စီမံကိန်းကိုတော့ ၂၀၅၀ ခုနှစ်မှာ ပြီးဆုံးဖို့ တရုတ်က မျှော်မှန်းထားပါတယ်။

တရုတ်ဟာ သဲကန္တာရထိန်းချုပ်ရေးအတွက် ဒေသသုံးခုကို အဓိကပစ်မှတ်ထား ဆောင်ရွက်ခဲ့ပါတယ်။တရုတ်နိုင်ငံ မြောက်ပိုင်းက အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ သဲကန္တာရနေရာတွေအပြင်၊ ကမ္ဘာကျော် မြစ်ဝါမြစ်ဘေးက သဲကန္တာရကိုလည်း ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံ အလယ်ပိုင်း Hexi စင်္ကြံမှ အနောက်ဘက်ရှိ Taklimakan သဲကန္တာရအထိ ထိန်းချုပ်သွားမှာလည်းဖြစ်ပါတယ်။

သစ်တောအစီအစဉ်အတွက် မောင်းသူမဲ့ဒရုန်းတွေကို အသုံးပြုကာ သစ်ပင်မျိုးစေ့တွေကို သဲကန္တာရအတွင်း ကြဲချပြီး စိုက်ပျိုးတဲ့နည်းလမ်းကို တရုတ်က လုပ်ဆောင်လျက်ရှိပါတယ်။

ဒေသသုံးခုမှာ သစ်တောအစီအစဉ် ပရောဂျက်တွေကို အဆင်ပြေချောမွေ့စွာ စတင်နေပါပြီလို့လည်း အမျိုးသား သစ်တောနဲ့ မြက်ခင်းပြင် စီမံခန့်ခွဲရေး လက်အောက်ရှိ ဂေဟစနစ် ကာကွယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Yan Jian က ပြောကြားခဲ့ပါတယ်။

Damien

Ref - CMG

ပေကျင်း၊ ဇန်နဝါရီ ၈