【နည်းပညာ】တရုတ်နဲ့ ရုရှားတို့ ကွမ်တမ်ဆက်သွယ်ရေးကို အသုံးပြုပြီး ဂြိုဟ်တုကတစ်ဆင့် ဓာတ်ပုံတွေကို ပို့ဆောင်နိုင်ခဲ့

【နည်းပညာ】တရုတ်နဲ့ ရုရှားတို့ ကွမ်တမ်ဆက်သွယ်ရေးကို အသုံးပြုပြီး ဂြိုဟ်တုကတစ်ဆင့် ဓာတ်ပုံတွေကို ပို့ဆောင်နိုင်ခဲ့

တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ဆက်သွယ်ရေးနည်းပညာသစ် ကွမ်တမ်ဆက်သွယ်မှုကို အသုံးပြုပြီး ဂြိုဟ်တုကနေတစ်ဆင့် ဓာတ်ပုံနှစ်ပုံကို အောင်မြင်စွာ လွှဲပြောင်းပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ဂြိုဟ်တုကနေတစ်ဆင့် ကွမ်တမ်ဆက်သွယ်ရေးကို အောင်မြင်စွာ သရုပ်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဆက်သွယ်ရေးစမ်းသပ်မှုဟာ လုံခြုံရေးအဆင့်မြင့်မားတာကြောင့် အခြားနိုင်ငံတွေရဲ့ အချက်အလက်ဖောက်ထွင်းတိုက်ခိုက်ခံရမှုကို တားဆီးနိုင်ဖို့ရှိပြီး၊ BRIC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် အစရှိတဲ့ နိုင်ငံတွေအကြားမှာလည်း လုံခြုံတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုကို တည်ထောင်နိုင်ဖို့ ယခုစမ်းသပ်မှုက အရေးပါလျက်ရှိပါတယ်။

ဒါ့အပြင် ပေကျင်းနဲ့ မော်စကိုအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းပညာမြင့် ပူးပေါင်းဆောင်ရွက်မှုတွေကို နက်ရှိုင်းစွာ လုပ်ဆောင်လျက်ရှိနေတာကို ယခုစမ်းသပ်မှုက သက်သေပြနေတာလည်းဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားတို့ စမ်းသပ်ခဲ့တဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာသစ်ဟာ ဆိုင်ဘာတိုက်ခိုက်ခံရမှုမရှိနိုင်တဲ့ အဆင့်မြင့်ကုဒ်ဝှက်ထားတဲ့ နည်းစနစ်နဲ့ တည်ဆောက်ထားပါတယ်။လျှို့ဝှက်အချက်အလက်တွေ အပြန်အလှန်ပေးပို့နိုင်ဖို့အတွက် အလွန်လုံခြုံတဲ့ ဆက်သွယ်ရေးကွန်ရက်လည်းဖြစ်ပြီး၊ ယခုလို တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ စမ်းသပ်မှုဟာ နည်းပညာအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ပမာဏခြေလှမ်းအဖြစ်သာ ရှိနေပါသေးတယ်။

အဆိုပါစမ်းသပ်မှုအတွက် တရုတ်ဟာ ၎င်းတို့ ၂၀၁၆ ခုနှစ်က လွှတ်တင်ထားတဲ့ ကွမ်တမ်ဂြိုဟ်တု Mozi ကို အသုံးပြုခဲ့ပြီး၊ တရုတ်သိပ္ပံအကယ်ဒမီက စမ်းသပ်မှုကို အဓိကစီမံခန့်ခွဲခဲ့ပါတယ်။ရုရှားနိုင်ငံအတွင်းက မြေပြင်အခြေစိုက်စခန်း Zvenigorod ကနေတစ်ဆင့် အချက်အလက်ကို Mozi ဂြိုဟ်တုသို့ ပေးပို့ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်ကျန်းဒေသအတွင်းရှိ မြေပြင်စခန်းသို့ ကွမ်တမ်သော့တွေနဲ့ ကုဒ်ဝှက်ထားတဲ့ အချက်အလက်တွေကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ ကွမ်တမ်ဆက်သွယ်ရေးဟာ အချက်အလက်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ပြဿနာတွေရှိနေသေးပြီး၊ အလင်းအမှုန်များကို အသုံးပြုကာ အချက်အလက်တွေပေးပို့တာကြောင့် အဆိုပါလုပ်ငန်းစဉ်ဟာ အချက်အလက်တွေ အလွန်ပျက်စီးလွယ်တဲ့ အခြေအနေတွေတော့ရှိနေပါသေးတယ်။

Damien

Ref - techspot

ပေကျင်း၊ ဇန်နဝါရီ ၇