【နည်းပညာ】နေရောင်ခြည်စွမ်းအင် ဖြာထွက်မှုကို တရုတ်စူးစမ်းလေ့လာရေးယာဉ် မှတ်တမ်းတင်နိုင်ခဲ့

【နည်းပညာ】နေရောင်ခြည်စွမ်းအင်  ဖြာထွက်မှုကို တရုတ်စူးစမ်းလေ့လာရေးယာဉ် မှတ်တမ်းတင်နိုင်ခဲ့

၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းအပြီး ပထမဆုံးနေ့ရက်မှာပဲ နေလုံးကြီးကနေ ပြင်းထန်တဲ့ နေရောင်ခြည်စွမ်းအင်တွေ ဖြာထွက်ခဲ့တယ်လို့ တရုတ် အာကာသ မိုးလေဝသ အမျိုးသားဗဟိုဌာန (NCSW) က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါနေရောင်ခြည်စွမ်းအင် ဖြာထွက်မှုကို စူးစမ်းလေ့လာရေးယာဉ် Kuafu-1 က အောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ တရုတ်သိပ္ပံအကယ်ဒမီရဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
Kuafu-1 စူးစမ်းလေ့လာရေးယာဉ်ဟာ နေရောင်ခြည်စွမ်းအင်ဖြာထွက်မှုကို ခြေရာခံ မှတ်တမ်းတင်နိုင်ခဲ့ပြီး စွမ်းအင်မြင့် အီလက်ထရွန် အချက်အလက်များအဖြစ် ထိန်းချုပ်မှုသို့ ပေးပို့နိုင်ခဲ့ပါတယ်။အဆိုပါယာဉ်က ပေးပို့လာတဲ့ အချက်အလက်တွေနဲ့ပြည်တွင်း၊ ပြည်ပက သက်ဆိုင်ရာ အချက်အလက်ဒေတာတွေကို အခြေခံပြီး နေရောင်ခြည်စွမ်းအင် ဖြာထွက်မှုကို သိပ္ပံနည်းကျ ဆက်လက်သုတေသနလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက စူးစမ်းလေ့လာရေးယာဉ် Kuafu-1 ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလက လွှတ်တင်ခဲ့ပါတယ်။၎င်းယာဉ်ဟာ ကမ္ဘာ့ပထမဆုံးသော ကမ္ဘာအနီး ဂြိုဟ်တုမှန်ပြောင်းဖြစ်လာခဲ့ပြီး၊ နေလုံးကြီးရဲ့ သံလိုက်စက်ကွင်း၊ စွမ်းအင်ဖြာထွက်မှုနဲ့ ပြင်းထန်တဲ့ စွမ်းအင်များ အစုလိုက်အပြုံလိုက် ထုတ်လွှတ်မှုတို့ကို တစ်ပြိုင်နက်တည်း စောင့်ကြည့်ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်ကာ အခုအချိန်မှာတော့ နေရောင်ခြည်စွမ်းအင် ဖြာထွက်မှုကို အောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင် ဖြာထွက်မှု ဖြစ်စဉ်ဟာ ကမ္ဘာပေါ်က လူသားတွေအတွက်တော့ အန္တရာယ်ရှိမှာမဟုတ်ဘဲ အလွန်ပြင်းထန်လာခဲ့ရင်တော့ ကမ္ဘာပေါ်ရှိ ရေဒီယိုဆက်သွယ်ရေးကွန်ရက်တွေကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပါတယ်။
 
Damien
 
Ref - CMG
 
ပေကျင်း၊ ဇန်နဝါရီ ၅