【နည်းပညာ】လူသားတွေ မသေတော့မယ့်နေ့ ရောက်လာလိမ့်မည်ဟု Google အင်ဂျင်နီယာဟောင်း ပြောဆို

【နည်းပညာ】လူသားတွေ မသေတော့မယ့်နေ့ ရောက်လာလိမ့်မည်ဟု  Google အင်ဂျင်နီယာဟောင်း ပြောဆို

ကမ္ဘာကျော် ရှာဖွေမှုအင်ဂျင် Google ရဲ့ အင်ဂျင်နီယာဟောင်းတစ်ဦးဖြစ်တဲ့ ရေးခါ့ဇ်ဝဲလ်က အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ ခန့်မှန်းမှုတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒါကတော့ လူသားတွေအနေနဲ့ မကြာတော့မယ့် နှစ်တွေအတွင်းမှာပဲ မသေမျိုးဖြစ်လာမယ်လို့ ခန့်မှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၇၅ ကျော်ခန့်ရှိပြီဖြစ်တဲ့ ရေး ခါ့ဇ်ဝဲလ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာပဲ စစ်တုရင်အားကစားမှာ ကွန်ပျူတာက လူသားတွေကို အနိုင်ယူနိုင်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုအပြင် တိကျတဲ့ ခန့်မှန်းမှုအချို့ကို ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “The Singularity Is Near“ အမည်ရ စာအုပ်မှာလည်း ၂၀၃၀ ခုနှစ်မှာ လူသားတွေ မသေမျိုးဖြစ်လာတော့မယ့် ခန့်မှန်းချက်ကို ဦးစွာဖော်ပြခဲ့ပါသေးတယ်။
ရေး ခါ့ဇ်ဝဲလ် ပြောကြားခဲ့တဲ့ ၂၀၃၀ ခုနှစ်မှာ လူသားတွေ မသေမျိုးဖြစ်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်ကတော့ သိပ္ပံပညာပေါ်မှာ အခြေခံထားပါတယ်။သူဟာ ခေတ်ရှေ့ပြေး နာနိုနည်းပညာပေါ်မှာ အခြေခံပြီး ပြောကြားခဲ့တာပါ။နာနိုနည်းပညာကို ကျနော်တို့ လက်တွေ့ကမ္ဘာမှာ တွင်ကျယ်စွာ မမြင်တွေ့ရသေးပေမယ့်လည်း ကမ္ဘာကျော် သိပ္ပံရုပ်ရှင်တွေထဲမှာတော့ နာနိုနည်းပညာကို ခေတ်ရှေ့ပြေး စွမ်းအင်မြင့် နည်းပညာအဖြစ် ပုံဖော်ပြသခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
နာနိုနည်းပညာကို အသုံးပြုပြီး လူသားတွေရဲ့ သွေးပြန်ကြောထဲ နာနိုစက်ရုပ်တွေကို ဖြတ်သန်းစီးဆင်းစေခြင်းအားဖြင့် အိုမင်းမှုနဲ့ နာမကျန်းဖြစ်မှုတို့ကို တားဆီးနိုင်တဲ့ နည်းပညာကို ဖန်တီးနိုင်လိမ့်မယ်လို့ သူကပြောပါတယ်။ထို့နောက်မှာတော့ ဉာဏ်ရည်တု (AI) နည်းပညာနဲ့ လူသားတွေ ပေါင်းစပ်ပြီး အင်မတန် ဉာဏ်ရည်ထက်မြက်တဲ့ လူသားတွေအဖြစ် ရှင်သန်နိုင်လိမ့်မယ်လို့လည်း သူကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ရေး ခါ့ဇ်ဝဲလ်ရဲ့ လူသားတွေ မသေမျိုးဖြစ်လာမယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ စိတ်ကူးယဉ်ဆန်နေသေးပေမယ့်လည်း အဆက်မပြတ် လျင်မြန်စွာ တိုးတက်ပြောင်းလဲ မြှင့်တင်နေတဲ့ နည်းပညာတွေကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆကို ဘေးဖယ်ထုတ်ထားရမှာဖြစ်ပါတယ်။
 
Damien
 
Ref - ubergizmo
 
ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၆