【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး မျိုးဆက်သစ် အင်တာနက်ကွန်ရက်ကို တရုတ်စတင်လွှင့်တင်

【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး မျိုးဆက်သစ် အင်တာနက်ကွန်ရက်ကို တရုတ်စတင်လွှင့်တင်

ပေကျင်း၊ နိုဝင်ဘာ - ၁၇

ကမ္ဘာ့ပထမဆုံး မျိုးဆက်သစ် အင်တာနက်ကွန်ရက်ကို တရုတ်နိုင်ငံက စတင်လွှင့်တင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အလွန်တရာ မြန်ဆန်တဲ့ မျိုးဆက်သစ် အင်တာနက်ကွန်ရက်ဟာ လှိုင်းနှုန်း 1,200G အထိရှိပြီး၊ ကီလိုမီတာ ၃,၀၀၀ ကျော် အကွာအဝေးရှိတဲ့ မြို့တော် ပေကျင်း၊ ဝူဟန်နဲ့ ကွမ်ကျိုးတို့ကို လွှမ်းခြုံထားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွက် ယခုလို ကမ္ဘာ့ပထမဆုံး မျိုးဆက်သစ် အင်တာနက်ကွန်ရက်ကို လွှင့်တင်နိုင်မှုဟာ အနာဂတ် အင်တာနက်နည်းပညာ အခြေခံအဆောက်အအုံကဏ္ဍအတွက် နည်းပညာဆိုင်ရာ အောင်မြင်တစ်ခုဖြစ်လာခဲ့ပါတယ်။

အဆိုပါအင်တာနက်ကွန်ရက်ပရောဂျက်ကို Tsinghua တက္ကသိုလ်၊ China Mobile ၊ Huawei နဲ့ CERNET ကော်ပိုရေးရှင်းတို့မှ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး၊ ဇူလိုင် ၃၁ ရက်နေ့ စတင်စမ်းသပ် လွှင့်တင်စဉ်ကတည်းက တည်ငြိမ်စွာ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

မျိုးဆက်သစ် အင်တာနက်ကွန်ရက်ကို တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် အဓိကနည်းပညာတွေနဲ့ အခြေခံတီထွင်ထားတာဖြစ်ပြီး၊ မျိုးဆက်သစ် အင်တာနက် core router နဲ့ 1.2T ultra-high-speed IPv6 interface အစရှိတဲ့ ဆော့ဖ်ဝဲလ်၊ ဟာ့ဒ်ဝဲလ်နည်းပညာတွေကို အသုံးပြုထားပါတယ်။

စွမ်းရည်မြင့်မားပြီး အလွန်တရာမြန်ဆန်တဲ့ မျိုးဆက်သစ် အင်တာနက်ကွန်ရက်ရဲ့ ဆုံမှတ်တွေကို တရုတ်နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၃၅ မြို့နဲ့ တက္ကသိုလ် ၄၀ တို့မှာ လွှမ်းခြုံနေရာချထားပါတယ်။

တရုတ်နိုင်ငံက မျိုးဆက်သစ် အင်တာနက်ကွန်ရက်ကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ နှစ်နှစ်ကျော် အကြာမှာတော့ ကမ္ဘာ့ပထမဆုံး မျိုးဆက်သစ် အင်တာနက်ကွန်ရက် နည်းပညာသစ်အဖြစ် လွှင့်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Damien
Ref - cgtn