【 နည်းပညာ 】 ကမ္ဘာ့အပူဆုံး ‘လ’ တစ်လအဖြစ် စံချိန်တင်ခဲ့တဲ့ အောက်တိုဘာ ၂၀၂၃

【 နည်းပညာ 】 ကမ္ဘာ့အပူဆုံး ‘လ’ တစ်လအဖြစ် စံချိန်တင်ခဲ့တဲ့ အောက်တိုဘာ ၂၀၂၃

ဝါရှင်တန်၊ နိုဝင်ဘာ - ၁၃

လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ကမ္ဘာကြီး ပူနွေးလာမှုဟာ ပိုမိုပြင်းထန်လာလျက်ရှိနေပါတယ်။

အခုလည်း ၂၀၂၃ ခုနှစ်ရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလဟာ ကမ္ဘာ့အပူဆုံး ‘လ’ တစ်လအဖြစ် ထပ်မံစံချိန်တင်လာခဲ့ပါတယ်။

လက်ရှိအချိန်အထိ မှတ်တမ်းတင်ထားမှုအရတော့ ကမ္ဘာ့အပူဆုံး ‘လ’ တွေဟာ ၁၂ လအထိ ရှိလာခဲ့ပါပြီ။ကမ္ဘာတစ်ဝှမ်းမှာလည်း လူသားတွေဟာ ကမ္ဘာကြီး ပူနွေးလာမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရလျက်ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ မြေမျက်နှာသွင်ပြင်နဲ့ ဒေသအလိုက် အပူဒဏ်ခံစားရပုံခြင်း မတူညီခဲ့ပေမယ့်လည်း တစ်နှစ်အတွင်း လူပေါင်း ၇.၈ ဘီလီယံခန့်ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမြင့်ဆုံးအပူချိန်တွေကို အနည်းဆုံး ၁၀ ရက်မှ တစ်လခန့်အထိ ခံစားခဲ့ရပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံနှစ်ခုကလွဲပြီး ကျန်တဲ့ နိုင်ငံတွေအားလုံးမှာ နှစ် ၃၀ ကြာ အပူစံချိန်တွေကို ကျော်လွန်ခဲ့ပြီး၊ လူသားမျိုးနွယ်ရဲ့ ၉၉ ရာခိုင်နှုန်းကို ပျမ်းမျှအပူချိန်ထက် ပိုပူစေခဲ့ပါတယ်။

ကမ္ဘာ့အပူဆုံး ၁၂ လဟာ လူသားတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် လေထုညစ်ညမ်းလာခဲ့ပြီး ကမ္ဘာကြီး ပူနွေးလာရာကနေတစ်ဆင့် ရာသီဥတုဖောက်ပြန်လာခဲ့ကာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။အစွန်းရောက် ရာသီဥတု အယ်လ်နီညိုကြောင့် ပုံမှန်မဟုတ်တဲ့ အပူဒဏ်တွေ ဆက်လက်ဖြစ်ပေါ်လာနိုင်တာကြောင့်လည်း လာမယ့်နှစ်တွေမှာ ကမ္ဘာ့အပူဆုံး ‘လ’ တွေဟာ ထပ်မံဖြစ်ပေါ်လာဖို့ရှိနေပါတယ်။

အထူးသဖြင့် အီကွေတာအနီးမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုသက်ရောက်မှု အပြင်းထန်ဆုံးဖြစ်နေပေမယ့် နောက်ပိုင်းမှာ အခြားသော အင်အားကြီး နိုင်ငံတွေမှာလည်း ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာပြီး ဘယ်နိုင်ငံမျှ လုံခြုံမှာမဟုတ်ကြောင်းကို အချက်အလက်မှတ်တမ်းတွေက ပြဆိုနေပါတယ်။

ဒီအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ပူးပေါင်းပြီး ရာသီဥတုဖောက်ပြန်မှုတွေ တုံ့ပြန်ဖို့အတွက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့နဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။

Damien
Ref - upi