【 နည်းပညာ 】 စမတ်ဖုန်းတွေအတွက် အရည်အသွေးမြင့် မျက်နှာပြင်တွေကို တရုတ်မျက်နှာပြင်ကုမ္ပဏီ မိတ်ဆက်

【 နည်းပညာ 】 စမတ်ဖုန်းတွေအတွက် အရည်အသွေးမြင့် မျက်နှာပြင်တွေကို တရုတ်မျက်နှာပြင်ကုမ္ပဏီ မိတ်ဆက်

ပေကျင်း၊ အောက်တိုဘာ - ၂၅

စမတ်ဖုန်းတွေအတွက် အရည်အသွေးမြင့် မျက်နှာပြင်တွေကို တရုတ်မျက်နှာပြင်ကုမ္ပဏီကြီးဖြစ်တဲ့ BOE က မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

BOE ကုမ္ပဏီက X1 Oriental Screen အမည်ရ မျက်နှာပြင်တွေကို မိတ်ဆက်ခဲ့တာဖြစ်ပြီး 2K နဲ့ 1.5K resolution အရည်အသွေးရှိ မော်ဒယ်လ်နှစ်မျိုးကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

BOE ဆိုတဲ့ အမည်ကတော့ နည်းပညာလောကသားတွေနဲ့ မစိမ်းဘူးလို့ ဆိုရမှာပါ။ Apple ရဲ့ နောက်ဆုံးထွက် iPhone 15 series အချို့မော်ဒယ်လ်တွေအတွက် မျက်နှာပြင်တွေကို BOE ကုမ္ပဏီအပါအဝင် Samsung နဲ့ LG တို့ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ X1 Oriental Screen မျက်နှာပြင်ဟာ ကမ္ဘာ့ပထမဆုံး DisplayMate A+ အသိအမှတ်ပြုလက်မှတ်ရရှိခဲ့တဲ့ 2K အရည်အသွေးရှိ မျက်နှာပြင် ဖြစ်လာခဲ့ပါတယ်။တောက်ပမှုအနေနဲ့ 2,600 nits အထိရှိမှာဖြစ်ပြီး အဆိုပါပမာဏဟာ 2K အရည်အသွေး မျက်နှာပြင်တွေမှာ အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်ပါတယ်။အလွန်တောက်ပတဲ့ အလင်းရောင်ကို ပြသပေးတဲ့အတွက် အသုံးပြုသူရဲ့ မျက်လုံးထိခိုက်လာနိုင်မှုကို ကာကွယ်နိုင်ဖို့ PWM Dimming, blue light filtering နဲ့ DC Dimming အစရှိတဲ့ နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။

BOE ဟာ X1 Oriental Screen တွေမှာ ပါဝါစားနှုန်း သက်သာစေဖို့အတွက်လည်း အာရုံစိုက်ခဲ့ပြီး၊ ၁၈ ရာခိုင်နှုန်း ပါဝါစားနှုန်း သက်သာစေမှာဖြစ်ပါတယ်။ဒါ့အပြင် မျက်နှာပြင်သက်တမ်းဟာလည်း အရင်က မိတ်ဆက်ခဲ့တဲ့ မျက်နှာပြင်တွေထက် ကြာရှည်ခံမှာဖြစ်ပါတယ်။

BOE ရဲ့ X1 Oriental Screen မျက်နှာပြင် မော်ဒယ်လ်သစ်နှစ်ခုကို OnePlus စမတ်ဖုန်းတွေမှာ စတင်အသုံးပြုသွားမယ်လို့ တရားဝင် အတည်ပြုထားပြီး၊ နောက်ပိုင်းမှာတော့ စွမ်းရည်မြင့် တရုတ်စမတ်ဖုန်းအများအပြားမှာ အသုံးပြုလာဖွယ်ရှိပါတယ်။

Damien
Ref - gizmochina