【 နည်းပညာ 】 စမတ်ဖုန်းတွေအတွက် Operating System အသစ်ကို Xiaomi မိတ်ဆက်ပြီ

【 နည်းပညာ 】 စမတ်ဖုန်းတွေအတွက် Operating System အသစ်ကို Xiaomi မိတ်ဆက်ပြီ

ပေကျင်း၊ အောက်တိုဘာ - ၁၈

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi က စမတ်ဖုန်းတွေအတွက် Operating System (OS) အသစ်ကို မိတ်ဆက်ဖွယ်ရှိတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ HyperOS အမည်ရ စမတ်ဖုန်းတွေအတွက် စနစ်သစ်တစ်ခုကို Xiaomi က မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

Xiaomi ရဲ့ CEO ဖြစ်သူ လေကျွင်းကိုယ်တိုင် HyperOS ကို မိတ်ဆက်ပေးခဲ့တာပါ။ပထမသတင်းထွက်ပေါ်မှုတွေအရတော့ MiOS အမည်နဲ့ မိတ်ဆက်ဖွယ်ရှိတယ်လို့ ဆိုခဲ့ပေမယ့် အခုတော့ HyperOS အမည်နဲ့ပဲ မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

Xiaomi နဲ့ Redmi စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ MIUI နေရာကို HyperOS က တဖြည်းဖြည်းချင်း အစားထိုး နေရာယူသွားမှာဖြစ်ပြီး၊ မကြာမီ အသစ်မိတ်ဆက်လာမယ့် Xiaomi 14 series စမတ်ဖုန်းသစ်တွေမှာတော့ HyperOS ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

Xiaomi ဘက်က HyperOS ကို စမတ်ဖုန်းတွေအတွက်သာမကဘဲ အခြားသော စမတ်ထုတ်ကုန်တွေမှ Xiaomi EV (လျှပ်စစ်ကား) တွေအထိ ချိတ်ဆက်သွားဖို့ ရည်ရွယ်ထားပါတယ်။ AndroidOS ကိုပဲ အခြေခံကာ ရေးဆွဲထားတာပဲဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်ကတည်းက OS အသစ်ကို Xiaomi က ကြိုးပမ်းနေခဲ့တာလည်းဖြစ်ပါတယ်။ HyperOS အတွက် အဖွဲ့တစ်ခုကိုလည်း Xiaomi က ဖွဲ့စည်းခဲ့ပြီး ဆော့ဖ်ဝဲလ်အင်ဂျင်နီယာပေါင်း ၅၀၀၀ ခန့်နဲ့ HyperOS ကို မောင်းနှင်ခဲ့တာဖြစ်ပါတယ်။

လတ်တလောအချိန်အထိတော့ HyperOS ကို အဆင့်မြှင့်တင်နိုင်မယ့် Xiaomi စမတ်ဖုန်းထုတ်ကုန်တွေကို အတိအကျမသိရသေးပေမယ့် စွမ်းရည်မြင့် Xiaomi flagship စမတ်ဖုန်းတွေမှာ HyperOS ကို စတင်ရယူနိုင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Damien
Ref - gadget360