【 နည်းပညာ 】 ဉာဏ်ရည်တု (AI) နည်းပညာကို ကိုင်တွယ်ဖို့ စွမ်းရည်မြင့် ချစ်ပ်တွေကို Nvidia မိတ်ဆက်

【 နည်းပညာ 】 ဉာဏ်ရည်တု (AI) နည်းပညာကို ကိုင်တွယ်ဖို့ စွမ်းရည်မြင့် ချစ်ပ်တွေကို Nvidia မိတ်ဆက်

ကယ်လီဖိုးနီးယား၊ နိုဝင်ဘာ - ၁၅

ကမ္ဘာ့နည်းပညာကဏ္ဍကို အရှိန်အဟုန်မြင့်မားစွာနဲ့ ဝင်ရောက်နေရာယူလာခဲ့တဲ့ ဉာဏ်ရည်တု (AI) နည်းပညာကို ကိုင်တွယ်နိုင်ဖို့အတွက် စွမ်းရည်မြင့် ချစ်ပ်တွေကို Nvidia ကုမ္ပဏီက မိတ်ဆက်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ AI နည်းပညာဟာ နည်းပညာကဏ္ဍအသီးသီးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်လာခဲ့ပြီး၊ ၎င်းရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကြောင့် အင်အားကြီးနိုင်ငံအချို့ဟာ AI ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ထိန်းချုပ်ဖို့အတွက် ဥပဒေသစ်တွေ ချမှတ်ဖို့ ပြင်ဆင်လျက်လည်းရှိနေပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီကြီး Nvidia ကိုတော့ မြန်မာနိုင်ငံမှာ PC ကွန်ပျူတာတွေအတွက် ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် လူသိများပါတယ်။ဒါပေမဲ့ Nvidia ကုမ္ပဏီရဲ့ လုပ်ဆောင်နိုင်စွမ်းက ဒီထက်မကပါဘူး။ Nvidia ဟာ စွမ်းရည်မြင့် ချစ်ပ်တွေကို ထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။

AI နည်းပညာကို ကိုင်တွယ်နိုင်ဖို့အတွက် Nvidia ကုမ္ပဏီဟာ H200 အမည်ရ စွမ်းရည်မြင့် ချစ်ပ်ကို မိတ်ဆက်ခဲ့ပါတယ်။ H200 ချစ်ပ်ဟာ Nvidia ရဲ့ လက်ရှိ စွမ်းရည်အမြင့်ဆုံးလို့ဆိုရမယ့် H100 ချစ်ပ် နေရာကို အစားထိုးနေရာယူသွားမှာဖြစ်ပါတယ်။ H200 ချစ်ပ်မှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးထားတဲ့အနက် အဓိကအဆင့်မြှင့်တင်မှုကတော့ မြင့်မားတဲ့ မမ်မိုရီလုပ်ဆောင်နိုင်စွမ်းဖြစ်ပါတယ်။မမ်မိုရီစွမ်းရည် မြင့်မားလာတဲ့အတွက် ဒေတာအချက်အလက် လုပ်ငန်းတွေကို တွက်ချက်လုပ်ဆောင်ရာမှာ ပိုမိုလျင်မြန်ချောမွေ့လာမှာဖြစ်ပါတယ်။

AI နည်းပညာကို ကိုင်တွယ်နိုင်မယ့် AI ချစ်ပ်တွေကို ထုတ်လုပ်လာမှုဟာ OpenAI ရဲ့ ChatGPT ကဲ့သို့ မျိုးဆက်သစ် AI နည်းပညာ ဝန်ဆောင်မှုတွေကို ပိုမိုအားကောင်းလာစေမှာပါ။ Nvidia ရဲ့ ပိုမိုမြင့်မားတဲ့ မမ်မိုရီစွမ်းရည်နဲ့ H200 ချစ်ပ်ဟာ လူသားနဲ့တူတဲ့ AI နည်းပညာတွေရဲ့ တုံ့ပြန်မှုတွေကို ပိုမိုမြန်ဆန်လာစေမှာဖြစ်သလို၊ ပိုမိုမြန်ဆန်တဲ့  ချိတ်ဆက်မှု စွမ်းရည်ကြောင့် AI နည်းပညာဟာ လူသားတွေ မေးမြန်းထားတဲ့ မေးခွန်းတွေရဲ့ အဖြေကို ပိုမိုလျင်မြန် တိကျစွာ ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

စွမ်းရည်မြင့် AI ချစ်ပ် H200 ကို AI နည်းပညာ ဝန်ဆောင်မှုတွေအဖြစ် Amazon Web Services ၊ Google Cloud ၊ Microsoft Azure နဲ့ Oracle Cloud Infrastructure အပြင် CoreWeave ၊ Lambda နဲ့ Vultr တို့လည်း ပထမဆုံး အသုံးပြုခွင့်ရမယ်လို့ Nvidia က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Damien
Ref - reuters