【 နည်းပညာ 】 တီရှပ်တွေကို အီလက်ထရွန်းနစ် စက်ပစ္စည်းများအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းပညာသစ်ကို တရုတ်သုတေသီတွေ တီထွင်

【 နည်းပညာ 】 တီရှပ်တွေကို အီလက်ထရွန်းနစ် စက်ပစ္စည်းများအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းပညာသစ်ကို တရုတ်သုတေသီတွေ တီထွင်

ပေကျင်း၊ ဧပြီ - ၁၄
 
ခန္ဓာကိုယ်မှာ ဝတ်ဆင်လို့ရတဲ့ စမတ် စက်ပစ္စည်းတွေဟာ ယနေ့ခေတ်ကာလမှာ နေ့စဉ်လူမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။
 
စမတ်နာရီ၊ စမတ်လက်ပတ်၊ စမတ်မျက်မှန် အစရှိတဲ့ စမတ်ထုတ်ကုန်တွေဟာ ကျန်းမာရေးစောင့် ကြည့်ခြင်း၊ တယ်လီဆေးဝါး၊ လူသားနဲ့ ကွန်ပျူတာ အပြန်အလှန်ဆက်သွယ်မှုအပါအဝင် အခြားနယ်ပယ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
 
ယခုတော့ တရုတ်သုတေသီတွေဟာ တီရှပ်တွေကို အီလက်ထရွန်းနစ် စက်ပစ္စည်းများအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းပညာသစ်တီထွင်လိုက်တယ်လို့ CMG သတင်းအရ သိရပါတယ်။
 
တီရှပ်တွေကဲ့သို့ နေ့စဉ်ဝတ်ဆင်တဲ့ အဝတ်အစားတွေကို အီလက်ထရွန်းနစ် စက်ပစ္စည်းများအဖြစ် ပြောင်းလဲဖို့ဆိုတာ လွယ်ကူမှာမဟုတ်ပါဘူး။၎င်းမှာ ကြီးမားတောင့်တင်းတဲ့ ဘက်ထရီပမာဏတွေကို အသုံးပြုရမှာဖြစ်သလို ဒေတာအချက်အလက်တွေကိုလည်း ချစ်ပ်ပြားတွေနဲ့ စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။
 
ဒါပေမဲ့ Donghua တက္ကသိုလ်ရဲ့ ဝတ္ထုသိပ္ပံကောလိပ်သုတေသနအဖွဲ့က သုတေသီတွေကတော့ နည်းပညာသစ်ကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။၎င်းတို့ဟာ သတင်းအချက်အလက်ထောက်လှမ်းခြင်း၊ စွမ်းအင်စုဆောင်းခြင်းနဲ့ အချက်ပြထုတ်လွှင့်ခြင်းတွေ လုပ်ဆောင်မှုကို ကြိုးတစ်ခုတည်းမှာ ပေါင်းစပ်ထားတဲ့ non-von Neumann တည်ဆောက်မှုပုံစံကို အဆိုပြုခဲ့ပါတယ်။အဆိုပါနည်းပညာမှ ကြိုးမျှင်တွေမှာ လူ့ခန္ဓာကိုယ်မှ လျှပ်စစ်သံလိုက်စွမ်းအင်ကို စုဆောင်းပြီး စွမ်းအင်ပြန်လည်ထုတ်ပေးနိုင်တဲ့ ဆားကစ်တွေ ပေါင်းစပ်ထားတဲ့အတွက် ပါဝါစွမ်းအင်တွေအတွက် နောက်ထပ်ဘက်ထရီတွေ လိုအပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
 
တရုတ်သုတေသီတွေ ဆန်းသစ်တီထွင်ထားတဲ့ ကြိုးတွေမှာ သီးခြားအလွှာ ၃ လွှာနဲ့ ဖွဲ့စည်းထားပြီး၊ အောက်ဆုံးအလွှာကတော့ လျှပ်စစ်သံလိုက်စက်ကွင်းတွေကို အာရုံခံနိုင်တဲ့ အင်တာနာတစ်ခုအဖြစ် လုပ်ဆောင်ပါတယ်၊ ဒုတိယအလွှာကတော့ လျှပ်စစ်သံလိုက်စက်ကွင်းတွေကို တွဲဆက်ပြီး စွမ်းအင်မြှင့်တင်ပေးမှုအဖြစ်လုပ်ဆောင်ပေးပါတယ်။အပေါ်ဆုံးအလွှာကတော့ လျှပ်စစ်သံလိုက်စက်ကွင်း အလင်းတန်းအလွှာဖြစ်ပါတယ်။
 
ယခုတီထွင်ဖန်တီးလိုက်တဲ့ ကြိုးမျှင်နည်းပညာသစ်ဟာ အသုံးပြုဝတ်ဆင်သူရဲ့ မတူညီတဲ့ ကိုယ်ဟန်အနေအထားတွေကတစ်ဆင့် ထူးခြားတဲ့ အချက်ပြမှုတွေကို ထုတ်လုပ်ပေးနိုင်မှာဖြစ်သလို၊ အခြားသော အီလက်ထရွန်းနစ် စက်ပစ္စည်းတွေကိုလည်း ကြိုးမဲ့ချိတ်ဆက်နိုင်ဖွယ်လည်းရှိပါတယ်။
 
တရုတ်သုတေသီတွေရဲ့ ဆန်းသစ်တဲ့ တီထွင်ဖန်တီးမှုဟာ အနာဂတ် လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝကို အီလက်ထရွန်းနစ် စမတ်ထုတ်ကုန်တွေနဲ့ ချဲ့ထွင်ပြီး နေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးနိုင်ဖွယ်ရှိလာနေပြီဖြစ်ပါတယ်။
 
Damien
Ref - CMG