【 နည်းပညာ 】 နာရီလို ဝတ်ဆင်နိုင်တဲ့ မျက်နှာပြင်နဲ့ concept စမတ်ဖုန်းကို Motorola ထုတ်ဖော်ပြသ

【 နည်းပညာ 】 နာရီလို ဝတ်ဆင်နိုင်တဲ့  မျက်နှာပြင်နဲ့ concept စမတ်ဖုန်းကို Motorola ထုတ်ဖော်ပြသ

အီလီနွိုက်စ်၊ အောက်တိုဘာ ၂၆

နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Lenovo မှ ကြီးမှူးကျင်းပတဲ့ Lenovo Tech World ‘23 နည်းပညာပြပွဲမှာ Motorola ကုမ္ပဏီက စမတ်ဖုန်း မျက်နှာပြင် နည်းပညာသစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

Motorola ထုတ်ဖော်ပြသခဲ့တဲ့ စမတ်ဖုန်းရဲ့ မျက်နှာပြင်ဟာ နာရီလို လက်ကောက်ဝတ်မှာ ကွေးညွတ်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ စမတ်ဖုန်းစျေးကွက်ထဲမှာ နည်းပညာအမြင့်ဆုံးကတော့ ကွေးညွတ်စမတ်ဖုန်း (Foldable Smartphone) နဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်း (Flip Smartphone) တို့ပဲဖြစ်ပါတယ်။အခု Motorola ကုမ္ပဏီက ထုတ်ဖော်ပြသလာခဲ့တဲ့ စမတ်ဖုန်းကတော့ စမတ်ဖုန်းကမ္ဘာအတွက် နည်းပညာသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။

စိတ်မကောင်းစရာကတော့ concept စမတ်ဖုန်းလို့သာ ဆိုခဲ့တဲ့အတွက် ဒီနည်းပညာကို စမတ်ဖုန်းစျေးကွက်ထဲ ကျနော်တို့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုက ဒီလိုနည်းပညာသစ်ကို ကမ္ဘာကို ချပြခဲ့တဲ့အတွက် အနာဂတ်မှာတော့ ထိတွေ့ခွင့်ရှိလာနိုင်ပါတယ်။

လက်ကောက်ဝတ်မှာ နာရီလိုမျိုး ဝတ်ဆင်နိုင်တဲ့ စမတ်ဖုန်းကို Motorola က ပထမဆုံး ထုတ်ဖော်ပြသနိုင်ခဲ့တာဖြစ်ပေမယ့် တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ZTE ကတော့ ၎င်းရဲ့အမှတ်တံဆိပ်ခွဲအနေနဲ့ စမတ်ဖုန်းတစ်လုံးနီးပါး စွမ်းဆောင်ရည်မြင့်တဲ့ ZTE nubia Alpha အမည်ရ စမတ်နာရီကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က မိတ်ဆက်ခဲ့ဖူးပါတယ်။အဆိုပါစမတ်နာရီမှာ 4G LTE ကွန်ရက် ရရှိမှာဖြစ်သလို ကွေးညွတ်ထားတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားတာဖြစ်ပြီး၊ နည်းပညာမြင့် စမတ်နာရီအဖြစ် အာရုံစိုက်မှုရရှိခဲ့ပါတယ်။

Motorola က ထုတ်ဖော်ပြသလိုက်တဲ့ concept စမတ်ဖုန်းမှာလည်း pOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပါတယ်။အသေးစိတ်အချက်အလက် စွမ်းဆောင်ရည်တွေကို Motorola က မဖော်ပြထားပေမယ့် မျက်နှာပြင်အရွယ်အစားက ၆.၉ လက်မရှိမယ်လို့ ဆိုထားပါတယ်။ဒါပေမဲ့ concept စမတ်ဖုန်းသာဖြစ်တဲ့အတွက် စမတ်ဖုန်းစျေးကွက်အတွင်းသို့ ရောက်ရှိလာမှာမဟုတ်ဘဲ စမတ်ဖုန်းကုမ္ပဏီကြီးတွေရဲ့ နည်းပညာသစ် ကြိုးပမ်းမှုအဖြစ်ပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။

Damien
Ref - gsmarena