【 နည်းပညာ 】 ‘လ’ သက်တမ်း ခန့်မှန်းမှုတွေ မှားယွင်းနိုင်တယ်လို့ သိပ္ပံညာရှင်တွေ ဆို

【 နည်းပညာ 】 ‘လ’ သက်တမ်း ခန့်မှန်းမှုတွေ မှားယွင်းနိုင်တယ်လို့ သိပ္ပံညာရှင်တွေ ဆို

ဝါရှင်တန်၊ အောက်တိုဘာ - ၂၄

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၄ ဘီလီယံခန့်က ကမ္ဘာကြီး ဖြစ်တည်လာပြီးနောက်ပိုင်း ‘လ’ ဖြစ်ပေါ်လာတယ်လို့ အများစုက ယူဆထားကြပါတယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်အချို့ကတော့ ‘လ’ ဖြစ်ပေါ်လာတဲ့ အချိန်ကာလဟာ ကမ္ဘာကြီး ဖြစ်တည်လာချိန်နဲ့ အချိန်သိပ်မကွာဘဲ အရင်ခန့်မှန်းတွက်ချက်မှုတွေထက် နှစ်သန်းပေါင်းများ ပိုစောနိုင်တယ်လို့ ဆိုပါတယ်။

အပိုလို ၁၇ (Apollo 17) မစ်ရှင်က ရရှိခဲ့တဲ့ ‘လ’ မျက်နှာပြင် နမူနာတွေကို လေ့လာခဲ့ရာမှာ တွေ့ရှိချက်အသစ်အရ အများစုယူဆထားတဲ့ အချိန်ကာလထက် နှစ်သန်းပေါင်း ၄၀ ခန့် ပိုစောနေတယ်လို့ သိရပါတယ်။ဒီတွေ့ရှိချက်ကြောင့် ‘လ’ ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၄၆ ဘီလီယံရှိနေပြီလို့ ယူဆရတော့မှာဖြစ်ပါတယ်။

‘လ’ နမူနာ လေ့လာမှုတွေကို ဂလက်စဂိုးတက္ကသိုလ်က ဘူမိဗေဒပညာရှင် ဂျနီကာ ဂရီယာ ဦးဆောင်တဲ့ အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ “ကမ္ဘာကြီးရဲ့ ခန့်မှန်းခြေ နှစ်ပေါင်း ၄.၅၄ ဘီလီယံ သက်တမ်းထက် ‘လ’ ရဲ့ သက်တမ်းက ပိုငယ်တယ်” လို့လည်း ၎င်းတို့က ဆိုပါတယ်။

“ကျွန်မတို့ လေ့လာနိုင်ခဲ့တဲ့ ကျောက်တုံးက အခုအချိန်အထိ တွေ့ဖူးခဲ့သမျှ ‘လ’ နမူနာတွေထဲ ရှေးအကျဆုံး အပိုင်းအစဖြစ်နေတယ်ဆိုတာကို သက်သေပြနိုင်တာ အံ့အားသင့်စရာပါပဲ၊ ဒီလေ့လာမှုတွေ့ရှိမှုဟာ ကမ္ဘာနဲ့ပတ်သက်တဲ့ မေးခွန်းပေါင်းများစွာအတွက် ခိုင်မာတဲ့ တွေ့ရှိချက်တစ်ခုပါပဲ” လို့ ဂရီယာက ပြောပါတယ်။

ဘူမိဗေဒပညာရှင် ဂရီယာ ဦးဆောင်တဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ နောက်ဆုံးသော ‘လ’ မစ်ရှင် အပိုလို ၁၇ (Apollo 17) က ယူဆောင်လာခဲ့တဲ့ နမူနာတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

Damien
Ref - sciencealert