【 နည်းပညာ 】 Amazfit မှ Active အမည်ရ စမတ်နာရီသစ်များကို ကြေညာ

【 နည်းပညာ 】 Amazfit မှ Active အမည်ရ စမတ်နာရီသစ်များကို ကြေညာ

ပေကျင်း၊ အောက်တိုဘာ - ၃၁

မြန်မာနိုင်ငံစျေးကွက်အတွင်း လူကြိုက်များတဲ့ စမတ်နာရီအမှတ်တံဆိပ်ဖြစ်တဲ့ Amazfit က Active အမည်ရ စမတ်နာရီသစ်တွေကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

Amazfit ကုမ္ပဏီက နောက်ဆုံးမိတ်ဆက်လိုက်တဲ့ စမတ်နာရီသစ်တွေကိုတော့ Active နဲ့ Active Edge လို့ အမည်ပေးထားပါတယ်။

Amazfit Active စမတ်နာရီကို လေးထောင့်ပုံစံ နာရီဒိုင်ခွက်နဲ့ မိတ်ဆက်လာခဲ့ပြီး၊ Amazfit Active Edge ကတော့ မျက်နှာပြင်အဝိုင်းပုံစံနဲ့ မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

မော်ဒယ်လ်နှစ်ခုရဲ့ အကြီးမားဆုံး ကွာခြားချက်ကတော့ Amazfit Active မှာ AMOLED မျက်နှာပြင်အမျိုးအစားကို တပ်ဆင်ပေးထားတာဖြစ်ပြီး၊ Amazfit Active Edge မှာတော့ TFT LCD မျက်နှာပြင်ကိုသာ အသုံးပြုပေးထားတာပါ။ဒါ့အပြင် Amazfit Active မှာ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှု Bluetooth 5.2 BLE ကွန်ရက်ပါဝင်မှာဖြစ်သလို Bluetooth ချိတ်ဆက်မှုကနေ ဖုန်းခေါ်ဆိုမှုတွေလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Amazfit Active Edge မှာတော့ Bluetooth 5.0 BLE ကွန်ရက် ချိတ်ဆက်မှုသာ ပါဝင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ Amazfit Active Edge မှာတော့ Active မော်ဒယ်လ်ထက် ပိုကြီးမားတဲ့ ဘက်ထရီပါဝင်လာမှာဖြစ်တဲ့အတွက် ရက်အနည်းငယ် ပိုအသုံးခံမှာဖြစ်ပါတယ်။

Amazfit ရဲ့ Active စမတ်နာရီသစ် မော်ဒယ်လ်နှစ်မျိုးလုံးမှာ BioTracker PPG optical sensor (အာရုံခံကိရိယာ) ကို အသုံးပြုပေးထားတဲ့အတွက် အိပ်စက်ချိန်၊ သွေးတွင်း အောက်စီဂျင်၊ နှလုံးခုန်နှုန်းနဲ့ စိတ်ဖိစီးမှုအခြေအနေများကို ၂၄ နာရီ ၇ ရက် စောင့်ကြည့်အကဲဖြတ်ပေးနိုင်မှာဖြစ်တဲ့အပြင်၊ အခြားသော အားကစားနည်းများစွာကိုလည်း အကဲဖြတ်ပေးမှာဖြစ်ပါတယ်။

Amazfit က Active မော်ဒယ်လ်ကို အမေရိကန်ဒေါ်လာ ၁၅၀ သတ်မှတ်ထားပြီး၊ Active Edge ကိုတော့ ကန်ဒေါ်လာ ၁၄၀ စျေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

Damien
Ref - gsmarena