【 နည်းပညာ 】 Google မှ AI မော်ဒယ်လ်သစ် Gemini ကို မိတ်ဆက်

【 နည်းပညာ 】 Google မှ AI မော်ဒယ်လ်သစ် Gemini ကို မိတ်ဆက်

ကယ်လီဖိုးနီးယား၊ ဒီဇင်ဘာ ၈

Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet က ဗီဒီယို၊ အသံနဲ့ စာသား အစရှိတဲ့ အချက်အလက်ပုံစံအမျိုးမျိုးကို ခွဲထုတ်ပေးနိုင်တဲ့ ၎င်းရဲ့ အဆင့်အမြင့်ဆုံး ဉာဏ်ရည်တု (AI) မော်ဒယ်လ်ကို ဗုဒ္ဓဟူးနေ့က မိတ်ဆက်ခဲ့ပါတယ်။

Gemini လို့ အမည်ပေးထားတဲ့ ဉာဏ်ရည်တု နည်းပညာဟာ Google ရဲ့ ယခင်နည်းပညာတွေထက် ပိုမိုသာလွန်ကာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး အချက်အလက်တွေကို ပိုမိုခေတ်မီတဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ နားလည်သဘောပေါက်နိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်လို့ Alphabet က ပြောကြားခဲ့ပါတယ်။

နည်းပညာအသိုင်းအဝိုင်းကတော့ Google ရဲ့ Gemini ဉာဏ်ရည်တုဟာ လက်ရှိ ရေပန်းစား လူသုံးများနေတဲ့ OpenAI ရဲ့ ChatGPT နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

Google ရဲ့ AI မော်ဒယ်လ်မှာ အမျိုးအစား ၃ မျိုး ပါဝင်လာမှာဖြစ်ပြီး၊ Gemini Ultra ကတော့ စွမ်းဆောင်ရည်အမြင့်ဆုံး ဖြစ်လာမှာပါ။ Gemini Ultra မှာ သင်္ချာ၊ ရူပဗေဒ၊ သမိုင်း၊ ဥပဒေ၊ ဆေးဘက်ဆိုင်ရာနဲ့ ကျင့်ဝတ် အစရှိတဲ့ ဘာသာရပ် ၅၇ ခုကို ပေါင်းစပ်ထည့်သွင်းပေးထားပြီး၊ လူသားကျွမ်းကျင်သူတွေထက် စွမ်းရည်ပိုမိုသာလွန်တဲ့ ပထမဆုံး AI မော်ဒယ်လ်ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။နောက်ထပ် AI မော်ဒယ်လ်နှစ်ခုကတော့ Gemini Pro နဲ့ Gemini Nano တို့ဖြစ်ပါတယ်။

Gemini AI မော်ဒယ်လ်ဟာ အစပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်္ဂလိပ်ဘာသာနဲ့သာ အလုပ်လုပ်မှာဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ အခြားသော ဘာသာစကားတွေ ထပ်မံထည့်သွင်းဖို့ ပြဿနာမရှိဘူးလို့လည်း Google အမှုဆောင်အရာရှိတွေက ပြောပါတယ်။

Damien
Ref - CMG