【အလှအပနှင့်ကျန်းမာရေး】အသည်းခြောက်ခြင်း

【အလှအပနှင့်ကျန်းမာရေး】အသည်းခြောက်ခြင်း

အသည်းခြောက်တယ်ဆိုတာကတော့ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့ပုံမှန် အသည်းတစ်သျှူးနေရာမှာ အမျှင်တစ်သျှူးတွေအစားထိုးဝင်ရောက်လာပြီး အသည်းတွင်အမာရွတ်များဖြစ်ခြင်းကို အသည်းခြောက်တယ်လို့ခေါ်ကြတာဖြစ်ပါတယ်။

အသည်းခြောက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့

၁- အရက်သောက်ခြင်း

၂- အသည်းရောင်အသားဝါရောဂါပိုး(ဘီပိုး၊စီပိုး၊ဒီပိုး)ရှိခြင်း

၃- အသည်းအဆီဖုံးခြင်း

၄- အသည်းတွင်(Copper)ကြေးနီဓါတ်များစုခြင်းကိုဖြစ်စေသော Wilson disease ရောဂါ

၅- ခန္ဓာကိုယ်တွင်သံဓါတ် (Iron)စုခြင်း‌ကြောင့်ဖြစ်သော Hemochromatosis ရောဂါ

၆- ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့်ဖြစ်သော အသည်းရောဂါများ

၇- အသည်းကိုထိခိုက်စေသောဆေးဝါးများ

၈- သည်းခြေပြွန်တွင်ဖြစ်သောရောဂါများ

၉- အချို့‌ သောမျိုးရိုးလိုက်သောရောဂါများ စတာ‌တွေ‌ကြောင့်အသည်းခြောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

အသည်းခြောက်ခြင်းရဲ့ရောဂါလက္ခဏာတွေကတော့

ပင်ပန်းနွမ်းနယ်ခြင်း

ပျို့အန်ခြင်း

အစားအသောက်ပျက်ခြင်း

ကိုယ်အလေးချိန်ကျဆင်းခြင်း

ခြေလက်များဖောရောင်ခြင်း

ရေဖျင်းစွဲခြင်း

အသားဝါခြင်း ၊ဆီးအရောင်ရင့်ခြင်း

အရေပြားယားယံခြင်း

ခန္ဓာကိုယ်တွင်သွေးခြေဥလွယ်ခြင်း၊သွေးထွက်ခြင်း

သွေးအန်ခြင်း

ကတ္တရာ‌စေးကဲ့သို့ဝမ်းအမည်းများသွားခြင်း

အမျိုးသမီးများတွင် ရာသီထိန်ခြင်း

အမျိုးသားများတွင်ရင်သားများကြီးခြင်း၊ဝှေးစေ့အရွယ်အစားသေးသွားခြင်း၊လိင်စိတ်ဆန္ဒလျော့နည်းခြင်း

အသည်းခြောက်ခြင်းကြောင့် ဦးနှောက်ထိခိုက်ပါက

-ဂယောင်ခြောက်ခြားဖြစ်ခြင်း

-ညအိပ်မပျော်ခြင်း

-သတိလစ်ခြင်း - စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

အသည်းခြောက်ခြင်းကိုသိရှိနိုင်ဖို့

ရောဂါရာဇဝင်မေးမြန်းခြင်း၊စမ်းသပ်ခြင်း

သွေးစစ်ဆေးခြင်း

ဝမ်းဗိုက် အာထရာဆောင်း (Ultrasound)စစ်ဆေးခြင်း

Fibroscan ဖြင့်အသည်းခြောက်သောအဆင့်စစ်ဆေးခြင်း

ဝမ်းဗိုက်ကွန်ပျူတာဓါတ်မှန် (CT) နှင့် သံလိုက်စက်ကွင်းဓါတ်မှန် (MRI) စစ်ဆေးခြင်း

အသည်းတစ်သျှူးစစ်ဆေးခြင်း(Liver Biopsy)

အသည်းခြောက်ခြင်းကြောင့် သွေးအန်ခြင်းဖြစ်ပါက အစာအိမ်မှန်ပြောင်းကြည့်၍သွေးပြန်ကြော သွေးကြောထုံးခြင်းကိုစစ်ဆေးခြင်း စတဲ့နည်းလမ်းများနှင့်ရောဂါအခြေအနေစစ်ဆေးနိုင်ပါတယ်။

အသည်းခြောက်ခြင်းဟာ‌ ပျောက်ကင်း‌‌အောင်ကုသလို့မရ‌ပေမယ့် ရောဂါအခြေအနေမဆိုးသွားအောင် အသည်းခြောက်တဲ့အဆင့်၊အခြေအနေ၊အသည်း‌ခြောက်ခြင်းဖြစ်‌‌စေတဲ့အ‌ကြောင်းအရင်းပေါ်မူတည်ပြီးကုသမှုနည်းလမ်းအမျိုးမျိုးရှိပါတယ်။

ဒါကြောင့် အသည်းခြောက်ခြင်းရောဂါခံစားနေရသူတွေအနေနဲ့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံ သွားရောက်စစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါတယ်။

အသည်းခြောက်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့

အသည်းသွေးပြန်ကြောအတွင်းဖိအားများခြင်းကြောင့်

-ရေဖျင်းစွဲခြင်း၊ခြေလက်များဖောရောင်ခြင်း

-သွေးထွက်လွယ်ခြင်း၊ အစာပြွန်သွေးကြောထုံးများဖြစ်ကာ သွေးအန်ခြင်း၊ ဝမ်းအမည်းများသွားခြင်း

-ဘေလုံးကြီးခြင်း

-ရောဂါပိုးဝင်လွယ်ခြင်း

- အသည်းခြောက်ခြင်းကြောင့် ဦးနှောက်ထိခိုက်ခြင်း(Hepatic encephalopathy)-အသည်းခြောက်ခြင်းကြောင့်ကျောက်ကပ်ပျက်စီးခြင်း-အသည်းကင်ဆာဖြစ်ခြင်း -အသည်းပျက်စီးခြင်း-စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

အသည်းခြောက်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?

အသည်းခြောက်ခြင်းအကြောင်းရင်းအမျိုးမျိုးရှိတဲ့အထဲမှာ အသည်းခြောက်ခြင်းကို အဓိကဖြစ်စေတာကတော့ အရက်သောက်ခြင်းနဲ့ အသည်းရောင်အသားဝါပိုးကူးစက်ခံရခြင်း ပဲဖြစ်ပါတယ်။

ဒါကြောင့် အသည်းခြောက်ခြင်းကိုကာကွယ်ဖို့

အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ။

အသည်းခြောက်ခြင်း‌ရောဂါခံစားနေရသူ‌တွေကတော့ အရက်လုံးဝဖြတ်ဖို့လိုပါတယ်။

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသည်းရောင်အသားဝါဘီပိုးကိုကာကွယ်နိုင်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးရှိတဲ့မိခင်တွေအနေနဲ့လည်း မိမိကလေးကိုအသည်းရောင်အသားဝါဘီပိုးမကူးစက်အောင် ကလေးမွေးဖွားပြီးပြီးခြင်း‌မွေးကင်းစကလေးကို

အသည်းရောင်အသားဝါဘီပိုးကိုယ်ခံအား‌‌ဆေး (immunoglobulin)နဲ့ဘီပိုးကာကွယ်ဆေးကိုထိုးနှံခြင်းနဲ့ကာကွယ်နိုင်ပါတယ်။

လိင်ဆက်ဆံရာမှာအကာအကွယ်ကွန်ဒုံးအသုံးပြုခြင်းဖြင့်လည်း အသည်းရောင်အသားဝါဘီပိုးစီပိုးသာမက၊ HIV၊ကာလသားရောဂါစသဖြင့်လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဆေးထိုးအပ်၊ဘလိပ်ဓါးစသဖြင့်သွေးထွက်စေနိုင်တဲ့ ကိရိယာတွေကို မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်သစ်သီးများကိုစားသောက်ပါ၊ အဆီကိုလျော့စားပါ။

အချို့သောဆေးဝါးများဟာအသည်းကိုထိခိုက်နိုင်တာ‌‌ကြောင့်ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးဝါးများသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။

စတဲ့နည်းလမ်းတွေနဲ့မိမိအသည်းကျန်းမာရေးကို ထိန်းသိမ်းဖို့တိုက်တွန်းလိုပါတယ်။

 

 Dr.Phyu

Photo credit - Times of India