【 အလှအပနှင့်ကျန်းမာရေး 】ဆီးကျောက်တည်ခြင်း
ဆီးကျောက်တည်တယ်ဆိုတာကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်ဆီယမ် နဲ့အခြားသောသတ္တုဓါတ်တွေကကျောက်အဖြစ်အနည်ကျခြင်းကိုဆိုလိုပါတယ်။
ဆီးကျောက်ဟာ ကျောက်ကပ်၊ဆီးလမ်းကြောင်း၊ဆီးအိမ်စတဲ့နေရာတွေမှာကျောက်တည်နိုင်ပါတယ်။
ဆီးကျောက်တည်ခြင်းဟာကျောက်ရဲ့တည်နေရာနဲ့အရွယ်အစားပေါ်မူတည်ပြီး အချို့သောသူတွေမှာလက္ခဏာမပြပဲရှိနိုင်ပါတယ်။
ဆီးကျောက်တည်စေတဲ့သတ္တုဓါတ်အမျိုးမျိုးရှိတဲ့အထဲက
ကယ်ဆီယမ်အောက်ဇလိပ် (Calcium oxalate) နဲ့ယူရစ်အက်ဆစ် ( Uric acid) ကြောင့်ဖြစ်တဲ့ကျောက်ကတော့အဖြစ်များပါတယ်။
ကျောက်ကပ်မှာကျောက်တည်ခြင်းရဲ့ရောဂါလက္ခဏာတွေကတော့
၁- ခါးအနောက်ဖက်နှင့် ဘေးဘက်တို့တွင်နာကျင်ခြင်း
၂- ပျို့အန်ခြင်း
၃- ဆီးထဲတွင်သွေးပါခြင်း
၄- ဆီးသွားချိန်တွင်နာကျင်မှုခံစားရခြင်း
၅- ဆီးသွားရခက်ခဲခြင်း
၆- မကြာခဏဆီးသွားချင်စိတ်ဖြစ်ခြင်း
၇- ဆီးကျောက်တည်ခြင်းကြောင့်ဆီးလမ်းကြောင်းပိုးဝင်ပါက ချမ်းတုန်ခြင်း
၈- ဆီးအနံ့နံခြင်း၊ ဆီးအရောင်နောက်ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုလူတွေမှာဆီးကျောက်တည်ခြင်းဖြစ်နိုင်ချေပိုများပါသလဲ?
၁- မိသားစုမျိုးရိုးထဲတွင်ဆီးကျောက်တည်ဖူးသောရာဇဝင်ရှိသူများ သို့မဟုတ် ယခင်တုန်းက ဆီးကျောက်တည်ဖူးသူများ
၂- ရေသောက်နည်းသူများ ကတော့ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဆီးကျောက်တည်ခြင်းဖြစ်နိုင်ချေပိုများပါတယ်။
၃- အဝလွန်သူများ
၄- သွေးတွင်း ကယ်ဆီယမ်ဓါတ်များသူများ (သွေးတွင်းကယ်ဆီယမ်များစေသောအစားအစာ၊ဆေးဝါးသောက်သုံးသူများ)
၅- ဆိုဒီယမ်၊ ကယ်ဆီယမ် နှင့် ပရိုတင်းဓါတ်များခြင်းကလည်း ဆီးကျောက်ကိုဖြစ်စေနိုင်ပါတယ်။
၆- နာတာရှည်အူလမ်းကြောင်းရောင်ရမ်းခြင်းဖြစ်စေသောရောဂါရှိသူများ
၇- အကြောင်းအမျိုးမျိုးကြောင့် အူလမ်းကြောင်းဖြတ်တောက်ခွဲစိတ်မှုခံယူထားသူများ စတဲ့သူတွေမှာ ဆီးကျောက်တည်ခြင်းအဖြစ်များပါတယ်။
ဆီးကျောက်တည်ခြင်းကိုဘယ်လိုကုသနိုင်ပါသလဲ?
- ဆီးကျောက်အရွယ်အစားနဲ့ နေရာပေါ်မူတည်ပြီး ဆေးဝါးနှင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ အသံလှိုင်းဖြင့်ကျောက်ချေခြင်းစတဲ့
ကုသနည်းတွေနဲ့ကုသနိုင်ပါတယ်
ဆီးကျောက်မဖြစ်အောင်ဘယ်လိုကာကွယ်ရပါမလဲ?
- ရေများများသောက်ပါ။ ကျောက်ကပ်မှာ ကျောက်တည်ဖူးသူ တွေအနေနဲ့ တစ်နေ့ကို ရေပမာဏ ၂လီတာခန့်သောက်သုံးဖို့လိုပါတယ်။
- အောက်ဆယ်လိပ် (oxalate) ပါဝင်သော အစားအစာများဖြစ်သည့် ဟင်းနုနွယ်၊ ကန်စွန်းဥ၊ ချောကလက် ၊လက်ဖက်ရည်၊ချောကလက်၊မြေပဲနှင့်ပဲထွက်ကုန်များစတဲ့စားစရာများကို လျော့စားပါ။
- ဆား နှင့် တိရစ္ဆာန်များမှရသော အသား များကိုလျော့စားပါ။
စတဲ့နည်းလမ်းတွေနဲ့ကာကွယ်နိုင်ပါတယ်။
Dr.Phyu
Photo credit-Navbharat Times