【 အလှအပနှင့်ကျန်းမာရေး 】နှလုံးကြွက်သားပုပ်ခြင်း

【 အလှအပနှင့်ကျန်းမာရေး 】နှလုံးကြွက်သားပုပ်ခြင်း

နှလုံးကြွက်သားပုပ်ခြင်း သို့မဟုတ် Heart Attack လို့ခေါ်ကြတဲ့ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း ရောဂါဟာ ရုတ်တရက်အသက် ဆုံးရှုံးနိုင်တဲ့ရောဂါဖြစ်ပါတယ်။

ဘာကြောင့် နှလုံးကြွက်သားပုပ်ရတာလဲ?

နှလုံးကိုပေးပို့နေတဲ့သွေးကြောတွေမှာ အဆီ၊ကိုလက်စထရောတွေပိတ်ရာကနေ အဆီခဲတွေဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေပါတယ်။

အဆီခဲတွေ အရွယ်အစားကြီးရာကနေပေါက်ထွက်ပြီး သွေးခဲခြင်းကြောင့် နှလုံးကို သွေးပေးပို့နေတဲ့လမ်းကြောင်းပိတ်ဆို့ပြီးနှလုံးကြွက်သား၊နှလုံးတစ်သျှူးများ သွေးမရရှိတဲ့အခါမှာတော့ နှလုံးကြွက်သားပုပ်ခြင်းကိုဖြစ်စေပါတယ်။

နှလုံးဟာအသက်ရှင်ဖို့ အဓိကအစိတ်အပိုင်းဖြစ်တဲ့အတွက် အချိန်မီကုသမှုမခံယူရင်တော့ အသက်သေဆုံးနိုင်ပါတယ်။

ဒါကြောင့် နှလုံးကြွက်သားပုပ်ခြင်းရဲ့လက္ခဏာတွေကို စောစီးစွာသိရှိပြီး ကုသမှုခံယူဖို့လိုပါတယ်။

နှလုံးကြွက်သားပုပ်ခြင်းရဲ့လက္ခဏာတွေကတော့

၁- ရင်ဘတ်ကိုညှစ်ထား၊ဖိထားသကဲ့သို့ရင်ဘတ်အောင့်ခြင်း

၂- ရင်ဘတ်အောင့်ခြင်းအပြင် မေးရိုး၊ပုခုံး၊လက်မောင်း၊လက်ဖျံ၊ရင်ခေါင်း စတဲ့နေရာများတွင်နာကျင်မှုခံစားရခြင်း

၃- ချွေးစေးများထွက်ခြင်း

၄- ပျို့ခြင်း၊အန်ခြင်း

၅- ခေါင်းမူး၍ ရင်ပြည့်ရင်ကယ်ခံစားရခြင်း

၆- အသက်ရှူရခက်၍မောခြင်း

စတဲ့လက္ခဏာတွေခံစားရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်သွားရောက်ဖို့ လိုအပ်ပါတယ်။

ရုတ်တရက် နှလုံးတိုက်ခိုက်ခံရနိုင်ချေများတဲ့ သူတွေကတော့

၁- အသက်အရွယ်ကြီးသူများ

၂- ဆေးလိပ်သောက်သူများ

၃- သွေးတိုးရောဂါရှိသူများ

၄- ဆီးချိုရောဂါရှိသူများ

၅- သွေး‌တွင်းအဆီ၊ကိုလက်စ‌ထရောပမာဏများသူများ

၆- အဝလွန်သူများ

၇- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ

၈- မိသားစုမျိုးရိုးထဲတွင်နှလုံးကြွက်သားပုပ်ခြင်း၊

နှလုံးတိုက်ခိုက်ခံရခြင်းဖြစ်ဖူးသူများ

၉- စိတ်ဖိစီးမှုများသူများ

၁၀- ကိုကင်း (Cocaine)၊ အမ်ဖက်တမင်း (Amphetamine) စသောမူးယစ်ဆေးဝါးသုံးစွဲသူများ စတဲ့သူတွေမှာ အဖြစ်များပါတယ်။

နှလုံးသွေးကြောကျဉ်းခြင်းကြောင့် ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်းမဖြစ်အောင် ကာကွယ်နိုင်တဲ့နည်းတွေကတော့

၁- ဆေးလိပ်ဖြတ်ပါ။

၂- ကိုယ်အလေးချိန်ကိုပုံမှန်အတွင်းရောက်အောင်ထိန်းသိမ်းပါ

၃- ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ

၄- အဆီ၊အငန် စတာတွေကို လျော့စားပါ။

၅- သွေးတိုး၊ဆီးချို၊သွေးတွင်းအဆီများခြင်းစသောရောဂါ‌တွေကို ဆရာဝန်နဲ့သေချာစွာပြသပြီးကုသမှုခံယူပါ။

၆- ဆရာဝန်ညွှန်ကြားထားသောဆေးများကိုပုံမှန်သောက်သုံးပါ။

နှလုံးသွေးကြောပိတ်ခြင်းကြောင့်ဖြစ်သောနှလုံးကြွက်သားပုပ်ခြင်းကို ဘယ်လိုကုသနိုင်ပါသလဲ။

နှလုံးသွေးကြောထဲသို့ stent ထည့်ခြင်း၊ သွေးကြောပိတ်နေသော နေရာကိုကျော်၍ သွေးစီးဆင်းစေရန် လမ်းကြောင်းလွှဲပေးခြင်း၊ နှလုံးသွေးကြောတွင် ပိတ်နေသော သွေးခဲကိုဖျော်ခြင်း စတဲ့နည်းလမ်းတွေနဲ့ကုသနိုင်ပါတယ်။

နှလုံးကြွက်သားပုပ်ခြင်းဟာ အသက်အန္တရာယ်ရှိတာဖြစ်လို့ အချိန်မီသိရှိပြီး ဆေးရုံကို စောလျင်စွာရောက်ရှိဖို့ အင်မတန်မှအရေးကြီးပါတယ်။

ဒါကြောင့်မိမိမှာ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရတဲ့လက္ခဏာတွေခံစားရပါက အမြန်ဆုံးဆေးရုံကိုသွားရောက်ဖို့တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit- Shutterstock.com