【 အလှအပနှင့်ကျန်းမာရေး 】အူမကြီးကင်ဆာအကြောင်းသိကောင်းစရာ

【 အလှအပနှင့်ကျန်းမာရေး 】အူမကြီးကင်ဆာအကြောင်းသိကောင်းစရာ

အူမကြီးကင်ဆာကတော့ လူတွေကိုခြိမ်းခြောက်နေတဲ့ ကင်ဆာတွေထဲက အမျိုးအစားတစ်ခုဖြစ်ပါတယ်။

အူမကြီးကင်ဆာဟာ အူနံရံမှာအလုံးအကျိတ်စဖြစ်ရာက ကင်ဆာအဆင့်သို့ ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာရဲ့လက္ခဏာတွေကို သိရှိပြီး စောစီးစွာကုသမှုခံယူဖို့အရေးကြီးပါတယ်။

အူမကြီးကင်ဆာရဲ့ရောဂါလက္ခဏာတွေကတော့

၁- ဝမ်းသွားတဲ့အလေ့အကျင့်ပြောင်းလဲကာဝမ်းချုပ်လိုက်၊

ဝမ်းလျှောလိုက်ဖြစ်ခြင်း၊

၂- ဝမ်းသွားရာတွင်သွေးပါခြင်း

၃- ဝမ်းသွားပြီး‌နောက်တွင်ဝမ်းကျန်နေသည်ဟုခံစားရခြင်း

၄- မကြာခဏဝမ်း‌ဗိုက်အောင့်ခြင်း

၅- ကိုယ်အလေးချိန်ကျဆင်းခြင်း

၆- အစားအသောက်ပျက်ခြင်း

 စတဲ့ရောဂါလက္ခဏာတွေကိုခံစားရတတ်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားရပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်ထံသွားရောက်စစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါတယ်။ဒါမှသာကင်ဆာမပျံ့သွားခင်ခွဲစိတ်ကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။

 ဘယ်လိုလူတွေမှာအူမကြီးကင်ဆာခံစားရနိုင်ချေများပါသလဲ?

၁- အသက်အရွယ်ကြီးသူများ

၂- မိသားစုမျိုးရိုးထဲတွင်အူမကြီးကင်ဆာရောဂါရှိသူများ

၃- အူတွင်အလုံးအကျိတ်များဖြစ်သောမျိုးရိုးလိုက်သောရောဂါရှိသူများ

၄- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ

၅- ဆီးချို‌ ရောဂါရှိသူများ

၆- ဝမ်းချုပ်လေ့ရှိသူများ

၇- အမျှင်ဓါတ်နည်း၍ အဆီများသောအစား‌အသောက်စားလေ့ရှိသူများ

၈- ဆေးလိပ်သောက်သူများ

၉- အရက်သောက်သူများ

၁၀- အဝလွန်သူများ

၁၁- ဓါတ်ရောင်ခြည်ကုသမှုခံယူထားသူများ စတဲ့သူတွေမှာအူမကြီးကင်ဆာဖြစ်‌နိုင်ချေပိုများပါတယ်။

အူမကြီးကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

  • အူမကြီးကင်ဆာရောဂါဟာအစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်ပဲ ကင်ဆာအဆင့်ရောက်မှသာ ရောဂါဖြစ်မှန်းသိကြတာ များပါတယ်။

ဒါကြောင့်အူမကြီးကင်ဆာဖြစ်မှန်း စောစီးစွာသိရှိနိုင်ဖို့ မိသားစုမျိုးရိုးထဲတွင် အူမကြီးကင်ဆာရှိသူများ၊ အသက် ၄၅နှစ်အထက်ရှိသူများအနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကို

ခံယူပြီး အူမကြီးကင်ဆာရှိမရှိစစ်ဆေးသင့်ပါတယ်။

  • အမျှင်ဓါတ်ပါသော အသီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်များကိုများများစားသုံးပါ။
  •  ဆေးလိပ်ဖြတ်ပါ။
  • အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ။
  •  ကိုယ်အလေးချိန်ကိုပုံမှန်အတွင်းရောက်အောင်ထိန်းသိမ်းပါ။

စတဲ့ကျန်းမာရေးနဲ့ လိုက်လျောညီထွေတဲ့ အပြုအမူတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

အူမကြီးကင်ဆာကိုဘယ်လိုကုသနိုင်ပါသလဲ?

ရောဂါရဲ့အဆင့် အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း စသဖြင့် နည်းအမျိုးမျိုးနဲ့ကုသနိုင်ပါတယ်။

အူမကြီးကင်ဆာမျိုးရိုးရှိသူတွေ ဒါမှမဟုတ် အူမကြီးကင်ဆာလက္ခဏာတွေ ခံစားနေရတယ်လို့ သံသယရှိသူတွေအနေနဲ့ ကျွမ်းကျင်တဲ့ဆရာဝန်ထံ သွားရောက်စစ်ဆေးကုသမှုခံယူကြဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit - Everlywell