【 အလှအပနှင့် ကျန်းမာရေး 】 ကိုယ်ဝန်ဆိပ်တက်ခြင်း

【 အလှအပနှင့် ကျန်းမာရေး 】 ကိုယ်ဝန်ဆိပ်တက်ခြင်း

ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်အလွန်အမင်းတက်ပြီး မိခင်ရော သန္ဓေသားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ကိုယ်ဝန်အပတ် ၂၀ (၅ လ) ဝန်းကျင်မှာ စတင်ဖြစ်လေ့ရှိပါတယ်။

ကိုယ်ဝန်ဆိပ်တက်ရင် ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ -

        -    သွေးပေါင်တက်ခြင်း
        -    ခေါင်းကိုက်ခြင်း
        -    မျက်နှာ၊ ခြေလက်များ ဖောရောင်ခြင်း
        -    ဗိုက်ညာဖက်ခြမ်းအောင့်ခြင်း
        -    ပျို့အန်ခြင်း
        -    မျက်စိအမြင်အာရုံဝေဝါးခြင်း
        -    အသက်ရှူရခက်ခဲ၍မောခြင်း
စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -

        ၁။ လမစေ့ဘဲ ကလေးမီးဖွားခြင်း
        ၂။ ပေါင်ချိန်မပြည့်သော ကလေးမီးဖွားခြင်း
        ၃။ မီးမဖွားမီ အချင်းကွာခြင်း
        ၄။ တက်ခြင်း၊ သတိလစ်ခြင်း
        ၅။ ကျောက်ကပ်ပျက်စီးခြင်း
        ၆။ နှလုံးထိခိုက်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း
        ၇။ လေဖြတ်ခြင်း
        ၈။ ပြင်းထန်ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် မိခင်ရော သန္ဓေသားပါ အသက်ဆုံးရှုံးနိုင်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ဘယ်လိုသူတွေမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများပါသလဲ ?

        -    ယခင်ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆိပ်တက်ဖူးသူများ
        -    သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များ
        -    အဝလွန်သူများ
        -    ကျောက်ကပ်ရောဂါရှိသူများ
        -    အမွှာပူးကိုယ်ဝန်ဆောင်မိခင်များ
        -    အသက် ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်များ
စတဲ့သူတွေမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေများပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းကို ဘယ်လိုကုသမှုခံယူပြီး ဘယ်အချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါသလဲ ?

        -    ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်စရှိပြီဆိုတာနဲ့
        သားဖွားမီးယပ်ဆရာဝန်နဲ့ မိမိကိုယ်ဝန်ကို
        စောစီးစွာ သွားရောက်အပ်နှံပြသပြီး ပုံမှန်စစ်ဆေးမှုခံယူဖို့ လိုပါတယ်။
        -    ဒါမှသာ ရောဂါကို စောလျင်စွာသိရှိနိုင်ပြီး
        အချိန်မီကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။
        -    ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး
        သွေးပေါင်ကျဆေး အသုံးပြုပြီး ကုသနိုင်ပါတယ်။
        -    မိမိသဘောနှင့် သွေးပေါင်ကျဆေးများ အသုံးပြုခြင်းကို
        ရှောင်ကြဉ်ဖို့လိုပါတယ်။
        -    ကိုယ်ဝန်ဆောင်ချိန်ဖြစ်တာကြောင့် ပုံမှန်အသုံးပြုနေကျ
        သွေးပေါင်ကျဆေးများဟာ သန္ဓေသားကို ထိခိုက်နိုင်တာဖြစ်လို့
        ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးပြုနိုင်တဲ့ သွေးပေါင်ကျဆေးကို
        ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့လိုပါတယ်။
        -    ပြင်းထန်ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် လိုအပ်ပါက
        အရေးပေါ်ခွဲစိတ်မီးဖွားကုသရတာမျိုးရှိနိုင်ပါတယ်။
        -    ဆရာဝန်ညွှန်ကြားချက်များကို သေချာစွာလိုက်နာပြီး
        ပုံမှန်စစ်ဆေးကုသမှုခံယူနေဖို့ လိုပါတယ်။
        -    ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မီးဖွားပြီးနောက်မှာလည်း
        သွေးပေါင်ချိန် ပုံမှန်အတွင်းရှိမရှိ၊ ကျောက်ကပ်အခြေအနေ
        စတာတွေကို ပြန်လည်စစ်ဆေးပြီး လိုအပ်ပါက
        ကုသမှုခံယူဖို့ လိုပါတယ်။
        -    ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ စောစီးစွာသိရှိပြီး
        အချိန်မီကုသမှုခံယူနိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား
        အသက်အန္တရာယ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်မှာဖြစ်လို့
        ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိကျန်းမာရေးအခြေအနေကို
        တတ်ကျွမ်းနားလည်တဲ့ သားဖွားမီးယပ်ဆရာဝန်ထံမှာ
        ပုံမှန်စစ်ဆေးကုသမှု ခံယူဖို့ တိုက်တွန်းလိုပါတယ်။

DR.Phyu
Photo Credit - The Lancet