【 အလှအပနှင့် ကျန်းမာရေး 】 နှလုံးသွေးကြောခွဲစိတ်ကုသခြင်း (Coronary Artery Bypass Graft) CABG

【 အလှအပနှင့် ကျန်းမာရေး 】 နှလုံးသွေးကြောခွဲစိတ်ကုသခြင်း (Coronary Artery Bypass Graft) CABG

CABG လို့ အတိုကောက်ခေါ်တဲ့ ခွဲစိတ်ကုသခြင်းကတော့ နှလုံးသွေးကြောကျဉ်းသူတွေ၊နှလုံးသွေးကြောပိတ်ခြင်းကြောင့်ဖြစ်တဲ့ နှလုံးကြွက်သားပုပ်ခြင်း စတဲ့ ရောဂါအခြေအနေတွေမှာ ကျဉ်း‌နေ၊ ပိတ်နေတဲ့ သွေးကြော‌ကို အခြားသွေးကြောအသစ်တစ်ချောင်းနဲ့ တံတားအသစ်ထိုးပေးလိုက်သလိုမျိုး လမ်းကြောင်းအသစ် ခွဲစိတ်ကုသခြင်းကို ခေါ်တာဖြစ်ပါတယ်။
 
ဘယ်လိုအခြေအနေမျိုးမှာ နှလုံးသွေးကြော လမ်းကြောင်းလွှဲ CABG ခွဲစိတ်မှု လိုအပ်ပါသလဲ ?
 
CABG ခွဲစိတ်မှုကို နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း စတဲ့ အခြေအနေတွေမှာ ကုသမှုပြုလုပ်နိုင်ပါတယ်။
 
- နှလုံးသွေးကြော ကျဉ်း/ပိတ်ခြင်းအတွက် နှလုံးသွေးကြော Stent ထည့် ကုသလို့မရတဲ့ (Triple Vessels Disease) နှလုံးသွေးကြော ၃ ချောင်းနှင့်အထက် ပိတ်သူများ
- နှလုံးဘယ်ဘက်ခြမ်းရှိ သွေးလွှတ်ကြော  ၅၀% နှင့် အထက်ပိတ်သူများ
- နှလုံးအဓိကသွေးကြောအကြီး ၂ ချောင်း ပိတ်သူများ
- နှလုံးသွေးလွှတ်ကြော ၁ ချောင်းတည်း ၇၀ % နှင့် အထက် ပိတ်ပြီး၊ နှလုံး‌သွေး‌ကြောကျဉ်း လက္ခဏာ ပြင်းထန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း စတဲ့ အခြေအနေတွေမှာ CABG လို့ခေါ်တဲ့ နှလုံးသွေးကြော လမ်း ကြောင်းလွှဲ ကုသမှုကို ပြုလုပ်နိုင်ပါတယ်။
 
နှလုံးသွေးကြော လမ်းကြောင်းလွှဲ ကုသဖို့အတွက် သွေးကြောအသစ်ကို ခြေသလုံးသွေးပြန်ကြော၊ ရင်ဘတ်ရှိ သွေး‌လွှတ်ကြော၊ လက်ကောက်ဝတ်သွေးလွှတ်ကြော စတဲ့ နေရာတွေကနေ သွေးကြောအသစ်ရယူနိုင်ပါတယ်။
 
CABG နှလုံးသွေးကြော ခွဲစိတ်မှုဟာ အကြီးစား ခွဲစိတ်မှုအမျိုးအစားဖြစ်ပါတယ်။ခွဲစိတ်ပြီးနောက်မှာ နှလုံးကြပ်မတ်ကုသခန်းမှာ နေထိုင်ဖို့လိုပြီး ခွဲစိတ်ပြီးအခြေအနေစိတ်ချရတဲ့အခါမှသာ ပုံမှန်လူ‌နာဆောင်ကို ပြောင်းရွှေ့နိုင်ပါတယ်။
 
CABG နှလုံးသွေးကြော ခွဲစိတ်ပြီးနောက် လိုက်နာသင့်တဲ့ အချက်တွေကတော့ …
 
- ဆရာဝန် ညွှန်ကြားချက်အတိုင်း အသက်ရှူလေ့ကျင့်ခန်း၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ဖို့ လိုပါတယ်။
- ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း ဆေးဝါးများကို ပုံမှန်သောက်သုံးဖို့ လိုပါတယ်။
- ဆေးရုံဆင်းပြီးနောက်မှာ ရက်ချိန်းမှန်မှန်ပြသဖို့လိုပါတယ်။
- ဆေးလိပ်သောက်သူဖြစ်ပါက ဆေးလိပ်ဖြတ်ဖို့လိုပါတယ်။
- အဆီများလွန်းသော အစားအစာများ စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။
- ကိုယ်အလေးချိန်ကို ပုံမှန်အတွင်းထိန်းသိမ်းပါ။
- ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိနဲ့ကိုက်ညီမယ့် ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပါ။
 
ခွဲစိတ်မှုကြောင့်ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ …
- သွေးထွက်လွန်ခြင်း
- ရောဂါပိုးဝင်ရောက်ခြင်း
- နှလုံးခုန်နှုန်းမမှန်ခြင်း
- ကျောက်ကပ်ထိခိုက်ခြင်း
- လေဖြတ်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း၊ ဦးနှောက်မှတ်ဉာဏ်ထိခိုက်ခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
 
ခွဲစိတ်ပြီးနောက် ဘယ်လိုလက္ခဏာတွေ ခံစားရရင် ဆေးရုံကို အမြန်ဆုံးပြန်လည်ပြသသင့်ပါသလဲ ?
 
- ကိုယ်အပူချိန်တက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း
- နှလုံးခုန်နှုန်းမမှန်ခြင်း
- မောခြင်း
- သတိလစ်ခြင်း
- ခွဲစိတ်ထားသော ဒဏ်ရာမှ သွေးထွက်ခြင်းစတဲ့ လက္ခဏာတွေ ခံစားရရင်တော့ အမြန်ဆုံး ဆေးရုံကို သွားရောက်ပြသသင့်ပါတယ်။
 
Dr.Phyu
Photo Credit - My Heart