【 အလှအပနှင့် ကျန်းမာရေး 】 နှလုံးအဆို့ရှင်ရောဂါဆိုတာ ဘာလဲ ?
ကျွန်မတို့ နှလုံးမှာ အခန်းလေးခန်းပါရှိပြီး အဆို့ရှင် လေးခုရှိပါတယ်။
ဒီအဆို့ရှင်တွေဟာ နှလုံးကြွက်သားကနေ သွေးညှစ်ပြီး ခန္ဓာကိုယ်အနှံ့ကို သွေးပို့တဲ့ လုပ်ဆောင်မှုမှာ အဆို့ရှင်ကို အဖွင့်၊ အပိတ် လုပ်ပေးခြင်းဖြင့် နှလုံးသွေးလည်ပတ်မှုကို ကူညီပေးပါတယ်။
အဆို့ရှင်တွေ ကျဉ်းလာတာ၊ ကျယ်လာတာ၊ အဆို့ရှင် မလုံတော့တာ စတဲ့ နှလုံးအဆို့ရှင် ရောဂါတွေကြောင့် နှလုံးသွေးလည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ နှလုံးအားနည်းခြင်း၊နှလုံးတွင်သွေးခဲဖြစ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
ဘာကြောင့် နှလုံးအဆို့ရှင်ရောဂါ ဖြစ်တာလဲ ?
- လေးဖက်နာပိုးကြောင့် နှလုံးအဆို့ရှင် ပျက်စီးခြင်း
- နှလုံးအဆို့ရှင်တွင် ရောဂါပိုးဝင်ခြင်း
- မွေးရာပါ နှလုံးအဆို့ရှင်ရောဂါရှိခြင်း
- နှလုံးကြွက်သားပုပ်ခြင်းဖြစ်ပြီးနောက် အဆို့ရှင်ပျက်စီးခြင်း
- အသက်အရွယ်ကြီးသူများတွင် နှလုံးအဆို့ရှင် ပျက်စီးခြင်း
- နှလုံးသွေးလွှတ်ကြောမကြီး ဖောင်းခြင်းကြောင့် နှလုံးအဆို့ရှင် ပျက်စီးခြင်း စတာတွေကြောင့် နှလုံးအဆို့ရှင်ရောဂါ ဖြစ်နိုင်ပါတယ်။
နှလုံးအဆို့ရှင်ရောဂါဖြစ်တဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ ...
- အသက်ရှူရခက်ခဲ၍ မောခြင်း
- ရင်ဘတ်အောင့်ခြင်း
- ရင်တုန်ခြင်း/နှလုံးခုန်နှုန်း မမှန်ခြင်း
- ခြေထောက်ရောင်ခြင်း
- သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
နှလုံးအဆို့ရှင်ရောဂါဖြစ်တဲ့အခါ ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်သင့်သလဲ ?
- နှလုံးတယ်လီဗေးရှင်းဓာတ်မှန် (ECHOCARDIOGRAM) စစ်ဆေးခြင်း
- နှလုံး ECG စစ်ဆေးခြင်း
- Cardiac Catheterization လို့ခေါ်တဲ့ နှလုံးသွေးကြောအတွင်း စစ်ဆေးခြင်း
- ရင်ဘတ်ဓာတ်မှန်စစ်ဆေးခြင်း
- နှလုံးသံလိုက်စက်ကွင်းဓာတ်မှန် (Cardiac MRI) စစ်ဆေးခြင်း စတဲ့ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး နှလုံးအဆို့ရှင်အခြေအနေ၊ နှလုံးအခြေအနေကို သိရှိနိုင်ပါတယ်။
နှလုံးအဆို့ရှင်ရောဂါကို ဘယ်လိုကုသနိုင်ပါသလဲ ?
ရောဂါအခြေအနေနဲ့ ဖြစ်စေတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး
- ဆေးဝါးများဖြင့်ကုသခြင်း
- နှလုံးအဆို့ရှင် ခွဲစိတ်ပြုပြင် ကုသခြင်း
- နှလုံးအဆို့ရှင် အစားထိုး ကုသခြင်း စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။
နှလုံးအဆို့ရှင်ရောဂါဟာ ကုသမှု မခံယူဘူးဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။
နှလုံးအဆို့ရှင်ရောဂါကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့
- နှလုံးခုန်နှုန်း မမှန်ခြင်း
- နှလုံးအားနည်းခြင်း
- နှလုံးအဆို့ရှင်တွင် ရောဂါပိုးဝင်ခြင်း
- နှလုံးအဆို့ရှင်တွင် သွေးခဲဖြစ်ခြင်း (သွေးခဲ ရုတ်တရက်ပြုတ်ထွက်ပါက၊ လေဖြတ်ခြင်း၊ အဆုတ်သွေးကြောပိတ်ခြင်းတို့ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်)
နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသက်အန္တရာယ် ဆုံရှုံးမှုတွေ မဖြစ်ရအောင် နှလုံးအဆို့ရှင်ရောဂါရှိသူတွေအနေနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo Credit - freepik