【 အလှအပနှင့် ကျန်းမာရေး 】 သည်းခြေအိတ်တွင် ကျောက်တည်ခြင်း

【 အလှအပနှင့် ကျန်းမာရေး 】 သည်းခြေအိတ်တွင် ကျောက်တည်ခြင်း

ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ သစ်တော်သီးပုံသဏ္ဌာန်ရှိတဲ့ သည်းခြေအိတ်ရှိပါတယ်။

ဒီသည်းခြေအိတ်ကနေ အစာခြေရည်တွေ စစ်ထုတ်ပေးပြီး အဆီတွေကို ချေဖျက်ပေးပါတယ်။ဒီသည်းခြေအိတ်ထဲမှာ အနည်အနှစ်တွေ စုပုံလာရကနေ သည်းခြေကျောက်တွေကို ဖြစ်စေပါတယ်။

သည်းခြေအိတ်မှာဖြစ်တဲ့ ကျောက်အမျိုးအစား ၂ မျိုးရှိပါတယ်။

သွေးတွင်း ကိုလက်စထရောများခြင်းကြောင့်ဖြစ်တဲ့ Cholesterol Stone (ကိုလက်စထရောကြောင့်ဖြစ်သော သည်းခြေကျောက်) က အဖြစ်အများဆုံးဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ သွေးနီဥပြိုကွဲခြင်းကနေ ထွက်လာတဲ့ bilirubin လို့ ခေါ်တဲ့ ဓာတ်တွေများခြင်း၊ အသည်းမှထုတ်လွှတ်တဲ့ Bilirubin များခြင်း (ဥပမာ - ရောဂါပိုးဝင်ခြင်း၊ အသည်းရောဂါ) စတာတွေကြောင့်ဖြစ်တဲ့ Bilirubin Stone ဆိုပြီး အမျိုးအစားခွဲခြားနိုင်ပါတယ်။

သည်းခြေကျောက်တည်နိုင်ခြေများတဲ့သူတွေကတော့

           -    အသက်အရွယ်ကြီးသူများ
           -    အမျိုးသမီးများ
           -    အဝလွန်သူများ
           -    ကိုယ်ဝန်ဆောင်မိခင်များ
           -    ဆီးချိုရောဂါရှိသူများ
           -    သွေးရောဂါရှိသူများ
           -    အီစထရိုဂျင်ပါသောကိုယ်ဝန်တားဆေး၊
           ဟော်မုန်းဆေးသောက်သုံးသူများ
           -    အသည်းရောဂါရှိသူများ
           -    သွေးတွင်းအဆီများသူများ
           -    အစားအလွန်အမင်းရှောင်၍ ကိုယ်အလေးချိန် အမြန်ချသူများ စတဲ့သူတွေမှာ သည်းခြေအိတ်ကျောက်
ဖြစ်နိုင်ခြေများစေပါတယ်။

           သည်းခြေအိတ်မှာ ကျောက်တည်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်ပါသလဲ ?

သည်းခြေကျောက်ဟာ အရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး အချို့သောသူတွေမှာ လက္ခဏာမပြဘဲ ရှိနေနိုင်ပါတယ်။

သည်းခြေကျောက်ဟာ သည်းခြေအိတ်ကနေထွက်ပြီး သည်းခြေပြွန်မှာပိတ်ခဲ့ရင်တော့

           -    ဗိုက်အောင့်ခြင်း (အထူးသဖြင့်
           ဗိုက်ညာဘက်အပေါ်ခြမ်း အောင့်ခြင်း)
           -    ချမ်းတုန်ဖျားခြင်း
           -    အသားဝါခြင်း
           -    ဆီးအရောင်ရင့်ခြင်း
           -    ပျို့အန်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

သည်းခြေအိတ်မှာ ကျောက်တည်ခြင်း ရှိ၊ မရှိ သိရှိနိုင်တဲ့ နည်းလမ်းတွေကတော့ ---

    -    အာထရာဆောင်း (Abdominal Ultrasound and Endoscopic Ultrasound) စစ်ဆေးခြင်း
    -    ကွန်ပြူတာဓါတ်မှန် (CT scan)စစ်ဆေးခြင်း
    -    သံလိုက်စက်ကွင်းဓာတ်မှန် (MRI scan) စစ်ဆေးခြင်း
    -    ERCP မှန်ပြောင်းကြည့်ကိရိယာဖြင့် စစ်ဆေးခြင်း စတဲ့ နည်းလမ်းများနဲ့ သည်းခြေအိတ်မှာ ကျောက် ရှိ၊  မရှိ စစ်ဆေးနိုင်ပါတယ်။

           သည်းခြေအိတ်မှာ ကျောက်တည်ခြင်းကို ဘယ်လိုကုသရမလဲ ?

           -    သည်းခြေကျောက်ပျော်ဆေးဖြင့် ကုသခြင်း
           -    ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။

သည်းခြေကျောက်တည်ခြင်း မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ---

           -    အစားကို အချိန်မှန်စားပါ။အစာစားချိန် မကျော်ပါစေနှင့်။
           -    အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ။
           -    အနီရောင်အသားများကိုလျှော့စားပြီး၊ ငါးများများစားပါ။
           -    ဟင်းသီးဟင်းရွက်များကို များများစားသုံးပါ။
           -    ကိုယ်အလေးချိန်ကို ရုတ်တရက်အမြန်ချခြင်းမျိုး မပြုလုပ်ဘဲ
           ဖြေးဖြေးမှန်မှန် ကိုယ်အလေးချိန်ကိုချပါ။

သည်းခြေအိတ်မှာ ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ---

           -    သည်းခြေအိတ်ရောင်ခြင်း
           -    သည်းခြေပြွန်ပိတ်ခြင်း
           -    အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း
           -    ပန်ကရိယပြွန်ပိတ်ခြင်း၊
           -    ပန်ကရိယရောင်ခြင်း
           -    သည်းခြေအိတ်ကင်ဆာဖြစ်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် သည်းခြေအိတ်မှာ ကျောက်ရှိသူတွေအနေနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

DR.Phyu