【 အလှအပနှင့် ကျန်းမာရေး 】 အသည်းအဆီဖုံးတယ်ဆိုတာ ဘာကိုခေါ်တာပါလဲ ?

【 အလှအပနှင့် ကျန်းမာရေး 】 အသည်းအဆီဖုံးတယ်ဆိုတာ ဘာကိုခေါ်တာပါလဲ ?

အသည်းအဆီဖုံးခြင်းဟာ တွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။အသည်းမှာ အဆီတွေစုလာခြင်းကြောင့် အသည်းအဆီဖုံးခြင်းကို ဖြစ်စေပါတယ်။

           အသည်းအဆီဖုံးတာက ကုစရာမလိုဘူးဆိုတာ ဟုတ်ပါသလား ?

အသည်းအဆီဖုံးခြင်းအခြေအနေ အဆင့်ပေါ် မူတည်ပြီး ရောဂါကြီးကြီးမားမားမပေးနိုင်တဲ့ အခြေအနေမျိုးရှိသလို အချို့သောသူတွေမှာတော့ အသည်းအဆီဖုံးခြင်းကနေ အသည်းခြောက်ခြင်း၊အသည်းကင်ဆာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိမိမှာ အသည်းအဆီဖုံးခြင်းဖြစ်နေပြီလို့ သိပြီဆိုတာနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးပြီး ဘယ်လိုကုသမှုခံယူဖို့လိုမလဲ တိုင်ပင်သင့်ပါတယ်။

           ဘယ်လိုသူတွေမှာ အသည်းအဆီဖုံးခြင်း ဖြစ်နိုင်သလဲ ?

၁။ အဝလွန်သူများ
၂။ သွေးတွင်း အဆီဓာတ်များသူများ
၃။ သွေးတိုးရောဂါရှိသူများ
၄။ ဆီးချိုရောဂါရှိသူများ
၅။ သိုင်းရွိုက်ဟော်မုန်းနည်းသူများ
၆။ ညအိပ်ချိန်တွင် အသက်ရှူပိတ်သောရောဂါ (Obstructive Sleep Apnea) ရှိသူများ
၇။ သားအိမ်တွင် ရေအိတ်များဖြစ်သော (Polycystic Ovary Syndrome) ရောဂါရှိသူများ စတဲ့သူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။

           အသည်းအဆီဖုံးရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်သလဲ ?

အသည်းအဆီဖုံးခြင်းဟာ များသောအားဖြင့် လက္ခဏာမပြတတ်ဘဲ အာထရာဆောင်း (Ultrasound) စစ်ဆေးခြင်းကနေ သိရှိကြတာများပါတယ်။

အချို့သောသူတွေမှာတော့
-    ဗိုက်အောင့်ခြင်း (အထူးသဖြင့် ဗိုက်ညာဘက်ခြမ်းတွင် အောင့်ခြင်း)
-    ပျို့အန်ခြင်း
-    အစားအသောက်ပျက်ခြင်း
-    ဝမ်းဗိုက်ဖောရောင် ရေဖျဉ်းစွဲခြင်း
-    အသားဝါခြင်း
-    ပင်ပန်းနွမ်းနယ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

           အသည်းအဆီဖုံးခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ ?

-    အာထရာဆောင်း (ultrasound) ရိုက်ခြင်း
-    အသည်းခြောက်ခြင်းအဆင့် သိရှိနိုင်ဖို့ Fibroscan ရိုက်ခြင်း
-    ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
-    သံလိုက်စက်ကွင်းဓာတ်မှန် (MRI) ရိုက်ခြင်း
-    အသည်းတစ်သျှူး အသားစ စစ်ဆေးခြင်း စတဲ့ နည်းလမ်းများနဲ့ အသည်းအဆီဖုံးခြင်း ရှိ၊ မရှိနဲ့ အသည်းအဆီဖုံးခြင်းအဆင့် ဘယ်လောက်ရှိသလဲဆိုတာ သိနိုင်ပါတယ်။

           အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသမလဲ ?

-    တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါတယ်။
-    အသည်းအဆီဖုံးခြင်းအဆင့်ပေါ် မူတည်ပြီး ဆေးဝါးများနဲ့ ကုသနိုင်ပါတယ်။
-    သွေးတွင်းအဆီဓာတ်များနေခြင်း ရှိ၊ မရှိ စစ်ဆေးပြီး လိုအပ်ပါက သွေးတွင်းအဆီကျဆေးသောက်သုံးဖို့ လိုပါတယ်။
-    Vitamin E သောက်သုံးနိုင်ပါတယ်။
-    အရက်သောက်ပါက အရက်ဖြတ်ဖို့လိုပါတယ်။
-    ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တွေ များများစားသုံးဖို့လိုပါတယ်။
-    အဆီများလွန်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။
-    အဝလွန်နေသူတွေအနေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့လိုပါတယ်။
-    ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ဖို့လိုပါတယ်။
-    ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်၊သွေးပေါင်ချိန် စတာတွေကို ပုံမှန်ပမာဏအတွင်း ထိန်းသိမ်းထားဖို့လိုပါတယ်။

DR.Phyu
Photo Credit - freepik