【 အလှအပနှင့် ကျန်းမာရေး 】 အူလှုပ်ရှားမှု မမှန်ခြင်း (Irritable Bowel Syndrome)
IBS လို့ အတိုကောက်ခေါ်ကြတဲ့ ရောဂါကတော့ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။
အူလှုပ်ရှားမှု မမှန်တဲ့ ရောဂါဟာ များသောအားဖြင့် စိတ်ဖိစီးမှုများချိန် (ဥပမာ - စာမေးပွဲဖြေခါနီး၊ အင်တာဗျူးဖြေခါနီးတွေမှာ ဗိုက်အောင့်တာ၊ ဝမ်းသွားချင်တာမျိုး) စတဲ့ အခြေအနေမှာ တွေ့ရတတ်ပြီး အစားအသောက် အနေအထိုင် ပြုပြင်ပြောင်းလဲဖို့ အဓိကလိုအပ်တဲ့ ရောဂါဖြစ်ပါတယ်။
ဘယ်လိုလက္ခဏာတွေရှိရင် အူလှုပ်ရှားမှု မမှန်တဲ့ ရောဂါလက္ခဏာတွေမှန်း သိနိုင်မလဲ ?
အူလှုပ်ရှားမှုမမှန်တဲ့ IBS ရောဂါဟာ တစ်ဦးနဲ့ တစ်ဦး ရောဂါလက္ခဏာ မတူညီပါဘူး။
ရောဂါအမျိုးအစားပေါ် မူတည်ပြီး
- ဝမ်းမကြာခဏသွားခြင်း၊ ဝမ်းလျှောခြင်း
- ဝမ်းမထိန်းနိုင်ခြင်း
- ဝမ်းချုပ်ခြင်း
- ဗိုက်အောင့်ခြင်း
- လေပွခြင်း၊ ရင်ပြည့်ရင်ကယ်ခံစားရခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဘာကြောင့် အူလှုပ်ရှားမှု မမှန်တဲ့ ရောဂါ ဖြစ်ရတာလဲ ?
- အူကြွက်သားများ ညှစ်အား မမှန်ခြင်း
- အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့ အာရုံကြောလှုံ့ဆော်မှု မမှန်ခြင်း
- အူလမ်းကြောင်း ပိုးဝင်ခြင်း
- အူလမ်းကြောင်းတွင် သဘာဝအတိုင်းရှိသော အူလမ်းကြောင်း ကောင်းမွန်စေသော ဘက်တီးရီးယားများ ပျက်စီးခြင်း
- စိတ်ဖိစီးမှုများခြင်း
- အူလှုပ်ရှားမှုကို သက်ရောက်စေသော အစားအစာများ (ဥပမာ- ချဉ်လွန်းသော အသီးအနှံများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အချိုရည်များ) စတဲ့ အချက်တွေကြောင့် အူလှုပ်ရှားမှု မမှန်တဲ့ ရောဂါ ဖြစ်စေနိုင်ပါတယ်။
အူလှုပ်ရှားမှု မမှန်တာကို ဘယ်လိုကုသမလဲ ?
- လေပွစေတဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။ (ဥပမာ- ပဲအမျိုးမျိုး၊ ဂေါ်ဖီ၊ အရက်၊ ဆော်ဒါပါသော အစားအစာများ)
- နို့နှင့် နို့ထွက်ပစ္စည်းများ အလွန်အကျွံစားသောက်ခြင်းကို ရှောင်ကြဉ်ပါ။
- Gluten ပါသော အစားအစာများကို ရှောင်ကြဉ်ပါ။ (ဥပမာ - အုတ်၊ ဂျုံ၊ ဘီယာ)
- တစ်နေ့လျှင် ရေ ၂ လီတာခန့် သောက်သုံးပါ
- အူလှုပ်ရှားမှု မမှန်သော ရောဂါအခြေအနေပေါ် မူတည်၍ ဝမ်းချုပ်သောလက္ခဏာ ခံစားရသူတွေအနေနဲ့
- အမျှင်ဓာတ်ပါသော အစားအစာများကို စားသောက်ပါ။
- ဝမ်းပျော့ဆေး၊ ဝမ်းနုတ်ဆေး သောက်သုံးနိုင်ပါတယ်။
ဝမ်းမကြာခဏသွားခြင်း၊ ဝမ်းလျှောခြင်းလက္ခဏာ ခံစားနေရသူတွေအနေနဲ့
- အမျှင်ဓာတ်များသော အစားအစာများကို ရှောင်ကြဉ်ပါ။
- ဆေးသကြားပါသော ချိုလွန်းသော အစားအစာများ၊ အရက်နှင့် ကဖင်းဓာတ်များသော ကော်ဖီ၊ လက်ဖက်ရည် စတာတွေကို ရှောင်ကြဉ်ပါ။
- ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။
- စိတ်ဖိစီးမှုလျှော့ချပေးသော လေ့ကျင့်ခန်းများ ပြုလုပ်ပါ။ (ဥပမာ - တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်း)
- အိပ်ရေးဝဝအိပ်ပါ။
စတဲ့ အစားအသောက် အနေအထိုင် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီးနောက်မှာ ရောဂါလက္ခဏာ မသက်သာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ သွားရောက်ပြသ စစ်ဆေးသင့်ပါတယ်။
မကြာခဏ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက်ဖြစ်ခြင်း စတဲ့ လက္ခဏာတွေဟာ သေချာစွာစစ်ဆေးပြီး ကုသမှုလိုအပ်နိုင်တဲ့ အခြားသော အရေးကြီးရောဂါလက္ခဏာတွေလဲ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဝမ်းသွားတဲ့ပုံစံ ပြောင်းလဲတာအပြင်
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- အစားအသောက်ပျက်ခြင်း
- ဝမ်းထဲတွင် သွေးပါခြင်း၊ ဝမ်းအမည်းရောင်များသွားခြင်း
- ကော်ဖီရောင်အရည်များအန်ခြင်း၊ အန်တဲ့အထဲတွင်သွေးပါခြင်း
- မိမိခန္ဓာကိုယ်တွင် အလုံးအကျိတ်များစမ်းမိခြင်း စတဲ့ လက္ခဏာတွေ ခံစားရရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသဖို့ လိုပါတယ်။
Dr.Phyu
Photo Credit - freepik