【ဆောင်းပါး】ကမ္ဘာ့စားကောင်းသောက်ဖွယ်မြို့တော်ချန်တူး

 【ဆောင်းပါး】ကမ္ဘာ့စားကောင်းသောက်ဖွယ်မြို့တော်ချန်တူး  

တရုတ်နိုင်ငံထဲက ချန်တူးမြို့လေးဟာ သာယာချမ်းမြေ့ဖွယ် လူနေမှုဘဝများနှင့် ပြည့်စုံလွန်းသဖြင့် ယင်းနိုင်ငံ၏ သာယာချမ်းမြေ့ဆုံးမြို့ဟူ၍ တောင် ဆင်ဟွာသတင်းဌာန၏ နှစ်အလိုက်ပြုလုပ်သည့်စစ်တမ်းတွင် ဖော်ပြထားပါသည်။

သာယာချမ်းမြေ့မှုခံစားချက်အရှိဆုံးမြို့ဟူ၍ ၁၄ နှစ်ဆက်တိုက် သတ်မှတ်ခံရသည့် ချန်တူးမြို့တော်မှာ လူများ အမြဲစည်ကားနေပြီး မွှေးရနံ့သင်းပျံ့သည့် စားကောင်းသောက်ဖွယ်များကို နေရာတိုင်းမှာ တွေ့မြင်ရပါသည်။

နှစ်ပေါင်း ၂၃၀၀ ကျော်ကြာရှိသော သမိုင်းကြောင်းများနှင့် ချန်တူးမြို့သည် ရှေးဟောင်းမြို့တစ်မြို့လည်း ဖြစ်သည်။  တရုတ်နိုင်ငံ၏ ပထမဆုံးအကြိမ်ထုတ်ပြန်သော သမိုင်းယဉ်ကျေးမှုနာမည်ကျော်မြို့ ၂၄ မြို့ထဲက တစ်မြို့ဖြစ်သလို နှစ်ပေါင်း ၂၃၀၀ ကျော် နာမည်မပြောင်းခဲ့သည့်မြို့လည်းဖြစ်ပါတယ်။

ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရှေးဟောင်းအနုပညာဖန်တီးမှုလက်ရာများနှင့် ပြကွက်များ၊ ခေတ်မီ အနုပညာယဉ်ကျေးမှုနေရာများဖြင့် စုံလင်လို့နေသည်။ ချန်တူးထျန်းဖူအနုပညာပန်းခြံကို တည်ဆောက်ထားပြီး လမ်းသွယ်၊လမ်းမများမှာ ခေတ်မှီအနုပညာယဉ်ကျေးမှုများကို တွေ့မြင်ရမှာဖြစ်သည်။

ချန်တူးမြို့မှာ အသွင်မျိုးစုံသော စားကောင်းသောက်ဖွယ်များနှင့်ပြည့်စုံ၍ ကမ္ဘာ့စားကောင်းသောက်ဖွယ်မြို့တော်အဖြစ် ကုလသမဂ္ဂယူနက်စကိုက ၂၀၁၀ ခုနှစ်မှာ ချီးမြှင့်ခဲ့ပါသည်။ ယင်းဂုဏ်ပုဒ်က အာရှတိုက်မှာ ပထမဆုံး ရရှိခဲ့ခြင်းဖြစ်သည်။

ဒေသန္တရ စားသောက်မှုဓလေ့က ထူးခြားသော ယဉ်ကျေးမှုတစ်ခုဖြစ်လာပြီး ကမ္ဘာတစ်ဝန်းက အစားအသောက် ပညာရှင်များ၏ စိတ်ဝင်စားမှုကိုရရှိခဲ့သည်။ စီချွမ်းဟင်းလျာ၏ ထုံစပ်မွှေးကြိုင်မှု၊ ဟော့ပေါ့၏ ဆွဲဆောင်မှု အကောင်းဆုံးဖြင့် ချန်တူးမြို့၏ တစ်ကမ္ဘာလုံးက စားသုံးသူများ၏ အမြင်ကို ဆွဲဆောင်နိုင်ခဲ့သည်။

အစားအသောက်ဆိုင်ရာ တီထွင်ဖန်တီးမှုဒီဇိုင်းများက ချန်တူးမြို့မှာ အလွန်ပင်စုံလင်လှသည်။  ထို့ကြောင့် စားသောက်ကုန်လုပ်ငန်းများလည်း များပြားလာပြီး စားသောက်ဆိုင်ပေါင်း ၆၀၀၀၀ ဝန်းကျင်ရှိပါသည်။ အစားအသောက်များ သို့မဟုတ် ဆက်စပ်စီးပွားရေးလုပ်ကိုင်သူ သန်းပေါင်းများစွာရှိသည်။ Michelin စားသောက်ဆိုင် အများအပြားကလည်း ချန်တူးမြို့ကို စိတ်ဝင်စားလာသည်။

ချန်တူးမြို့မှာ ညဘက်လည်ပတ်စရာ Night life များရှိသည့်အတွက် တီထွင်ဖန်တီးမှုမျိုးစုံသော အစားအစာများကို လိုက်လံရွေးချယ်စားသောက်နိုင်သည်။ ထို့ကြောင့် ချန်တူးမြို့မှာ စားကောင်းသောက်ဖွယ်ရာများနှင့် လူနေမှုဘဝများက သာယာလှပနေပါသည်။

ချန်တူးမြို့မှာ ရှေးဟောင်းနှင့် အနာဂတ်ကို တစ်စုတစည်းတည်း လေ့လာနိုင်သည်။ အကြောင်းအရင်းကတော့ တရုတ်နိုင်ငံ၏ ခေတ်သစ် AI ဆန်းသစ်ဖန်တီးမှု ဖွံ့ဖြိုးတိုးတက်ရေးစမ်းသပ်ဇုန်များ တည်ဆောက်ခွင့်ရရှိခဲ့သည်။ ၂၀၂၃ ခုနှစ်မှာ ချန်တူးမြို့ဟာ အာရှတိုက်မှာ Worldcon ညီလာခံကို ကျင်းပမည့် ဒုတိယမြောက်မြို့လည်း ဖြစ်လာပါမည်။ သိပ္ပံနည်းပညာမှ သိပ္ပံစိတ်ကူးယဉ်မှုအထိ ရှေ့ဆက်လာပြီး သိပ္ပံစိတ်ကူးယဉ်မြို့ဆိုသည့် နာမည်အသစ်ကိုလည်း ရရှိတော့မည်ဖြစ်သည်။

ချစ်စရာအလွန်ကောင်းသည့် ပန်ဒါဝက်ဝံလေးများက ချန်တူးမြို့၏ ချန်တူးပန်ဒါဝက်ဝံမျိုးပွားရေး သုတေသန အခြေစိုက်စခန်းမှာ နေထိုင်ပါ သည်။ ထိုနေရာလေးမှာ ပန်ဒါဝက်ဝံများအတွက် အကောင်းဆုံးအိမ်ရှိနေပါသည်။ သဘာဝသစ်တောပတ်ဝန်းကျင်နှင့် တူညီအောင် သစ်ပင်နှင့်ချုံပုတ်များစွာ တိုးချဲ့စိုက်ပျိုးထားသည့်အတွက် ပန်ဒါဝက်ဝံလေးများ၏ အပျော်ဆုံးနေရာလည်းဖြစ်ပါသည်။

ချန်တူးမြို့သည် ၂၀၁၉ ခုနှစ်စာရင်းအထိ လူဦးရေ ၂၁ သန်းကျော်အထိ တိုးတက်လာပြီး တရုတ်နိုင်ငံ၏ လူဦးရေတိုးတက်မှု အများဆုံးထဲက မြို့တစ်မြို့လည်း ဖြစ်သလို ခမ်းနာလှသည့် ထျန်းဖူအပြည်ပြည်ဆိုင်ရာ လေဆိပ်လည်းရှိပါသည်။ ထျန်းဖူအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး ခေတ်မှီလှသော သိပ္ပံနည်းပညာများကို အသုံးပြုထားပါသည်။

တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့ကြီးတစ်မြို့ဖြစ်သည့် ချန်တူးမြို့သည် ကမ္ဘာ့စားကောင်းသောက်ဖွယ်ရာမြို့ ဖြစ်သည့်အပြင် အကောင်းဆုံးသော လူမှုဘဝပျော်ရွှင်ဖွယ်ရာများနှင့် ပြည့်စုံနေသော မြို့ကြီးတစ်မြို့အဖြစ် ကမ္ဘာမှာ ထင်ရှားနေပါတော့သည်။

အမွန်