【ဆောင်းပါး】ခေတ်အမြင်နဲ့ အသစ်ထွင် ဘကြီး

【ဆောင်းပါး】ခေတ်အမြင်နဲ့ အသစ်ထွင် ဘကြီး

ကျနော့်အဘွားက အပြောင်းအလဲမရှိ၊စိန်ခေါ်မှုတွေမရှိတဲ့ဘဝမှာ ရာသက်ပန်အေးအေးနေခဲ့သ လောက် သူ့သား၂ယောက်ကတော့ အပြောင်းအလဲကို မကြောက်။အဘွားရဲ့သားအငယ် ကျနော့်အဖေက မိရိုးဖလာလယ်ယာလုပ်ငန်းကို ငြင်းဆိုပြီး ပန်ကာအောက်မှာ ဘောပင်ကိုင်ရတဲ့စာရေးလေးဘဝကို ရွေးကာ ရန်ကုန်မှာ ပြောင်းရွှေ့အခြေစိုက်ခဲ့တယ်။
အဘွားရဲ့သားအကြီး ကျနော့်ဘကြီးကျတော့ တောကနေလုံးဝမခွာ၊တခြားမြို့ရွာတွေပင် ညအိပ် လည်ပတ်ချင်စိတ်မရှိအောင်သူ့အိမ်သူသိပ် ခင်တာကလွဲ သူလည်းပဲ အပြောင်းအလဲလုပ်ရမှာ ဝါသနာကြီးသူ။ ကျနော်တို့တောမှာက ဝါတွင်းကာလ ဥပါသကာလှည့်တယ်ဆိုတာ ရှိတယ်။ဘုန်းကြီးကျောင်းအလိုက် ဒကာ တွေက ဘုန်းကြီးကျောင်းအတွက် ဆွမ်းဆန် ရွာစဉ်လှည့် လိုက်အလှူခံခြင်းပါ။ကျနော့်စိတ်ထင် ဥပုသ်နေ့မ တိုင်ခင်ရက်မှာ လိုက်အလှူခံတာပါ။
အဲဒါက ကျနော်တို့တောမြို့လေးရဲ့ ဖက်ရှင်တစ်မျိုးမို့ လူကြီး၊လူငယ်တွေ သိပ်အလေးထားကြတယ်။ တချို့ဥပါသကာအဖွဲ့တွေက ၆ယောက်၊၇ယောက်။တချို့က ၁၅ယောက်၊အယောက်၂၀လောက်အထိ။လူများ ရင်များသလို ဒီရွာကတော့ လူညီတယ်ဆိုတာမျိုး ဂုဏ်ရှိတယ်။အဲဒီအဖွဲ့ထဲမှာ လူသိများတဲ့ လူကြီးက ရှေ့ဆုံး ကနေ ဦးဆောင်တယ်။ပြီးတော့ လူကြီးတွေအဆင့်ဆင့်။လူကြီးတွေက သိပ်မလေးတဲ့ အလှူခံငွေပုံးလေးလွယ် တယ်။အနောက်မှာက လူရွယ်တွေနဲ့ လူငယ်တွေ။ကြေးစည်ကို တုတ်တစ်ချောင်းနဲ့ ၂ယောက်ထမ်းကြေးစည် ထု။အလှူခံဆန်ပုံးတွေကို ၂ယောက်စီထမ်းကြ။
ဥပါသကာအဖွဲ့မှာ အသံနေအသံထားနဲ့ ရွတ်ဖတ်ရတာတွေရှိတယ်။ရွတ်ဖတ်ရတဲ့စာတွေကိုတော့ မမှတ်မိ။တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူ။တချို့ဆို အသံနေအသံထားကောင်းကောင်း ဩဇာသံအပြည့်နဲ့ ရွတ်ဖတ်နေ လိုက်တာ သိပ်နားထောင်လို့ကောင်းလှ။ရွတ်ဖတ်တာကောင်းတဲ့ အဖွဲ့တွေဆို ရွာခံတွေက သိပ်အားပေးကြ တယ်။ဘယ်ရွာက ဥပါသကာအဖွဲ့ကတော့ဖြင့် သိပ်နားထောင်လို့ကောင်းတယ်ဆိုတာမျိုး ပြောကြလေ့ရှိ တယ်။ဥပါသကာ အဖွဲ့နဲ့ ဝတ်စုံကတော့ အပေါ်ဖြူ အောက်ဖြူ ဖိုးသူတော်ဝတ်စုံ။
ကျနော့်ဘကြီး ၁၀တန်း ၁ခါကျပြီးတော့ ကျောင်းထွက်ကာ လယ်သမားဘဝခံယူပြီး ၄-၅နှစ်ကြာ တော့ ဥပါသကာစလိုက်တယ်။မိဘတွေကလည်း ပိုက်ဆံရှိ၊ဘကြီးကိုယ်တိုင်ကလည်း လက်ကြောတင်း တင်း နဲ့ အောက်ခြေသိမ်းလယ်အလုပ်လုပ်နေသူ။ပြီးတော့ ကိုယ်ပိုင်ဝင်ငွေကလည်းရှိနေပြီမို့ ရပ်ထဲရွာထဲ အရေးပေး ခံနေရပြီးတဲ့သူ။ဘကြီးက အဲဒီလို ဩဇာရှိမှုအပေါ် အခြေခံကာ အပေါ်ဖြူ၊အောက်ဖြူနဲ့ ဥပါသကာ ဝတ်စုံကို စ တော်လှန်တယ်။ဘကြီးက အပေါ်လယ်ကတုံးအဖြူလက်တိုနဲ့ အောက်က ယောပုဆိုးလိုမျိုးအဆင်ကို သူ့အိတ် စိုက် ပြောင်းပစ်တယ်။
ကျောင်းထိုင်ဘုန်းကြီးကလည်း ရိုင်းတဲ့အဆင်မဟုတ်သလို အများနဲ့မတူ ပိုသစ်လွင်သွားတာမို့ တပြုံး ပြုံး။ပုံမှန်ဥပါသကာလိုက်သူတွေကို တစ်နှစ် ၂စုံ။တစ်ခါတစ်ရံလိုက်သူတွေကို တစ်စုံ ဘကြီးက သူ့ငွေနဲ့ လှူ တာမို့ ရွာသားတွေလည်း သဘောကျလို့။
ဥပါသကာလှည့်တဲ့နေ့ဆို မနက်စောစော ဘုန်းကြီးကျောင်းမှာလူစု၊မနက်စာ ထမင်းစား။ဘုန်းကြီးကို ကန့်တော့ပြီးနောက် ဘကြီးရဲ့အိမ်မှာ လက်ဖက်ရည်နဲ့မုန့်ထပ်စား။ဘကြီးဆင်ထားတဲ့ ဥပါသကာဖက်ရှင်ကို မီးပူထိုးပြီးမှဝတ်ဖို့မှာထားပြီးသား။ဆံပင် အုန်းဆီမလိမ်းထားတဲ့သူ ဘကြီးအိမ်မှာ တစ်ခါတည်းလိမ်း၊ဆံပင်ကို သပ် သပ်ရပ်ရပ်ဖီး။အလှူခံတယ်ဆိုတာ သူများ လေးစားမှုရှိအောင်နေတတ်ဖို့လိုတယ်တဲ့။ ဘကြီးရဲ့ခံယူချက် က အဲဒီလို။ပြီးတော့ ဘကြီးက ကျ နော်တို့တောမှာ စာဖတ်ပေဖတ်မို့ ဥပါသကာ ရွတ်မယ့်စာသားတွေ ကို လည်း သူများနဲ့မတူအောင် သေချာပြင်ဆင်တယ်။
အဲဒီလို ဥပါသကာအဖွဲ့ဆိုတော့ ဘယ်အဖွဲ့နဲ့မှ မတူတဲ့ ဥပါသကာအဖွဲ့အဖြစ် ချက်ချင်းဆိုသလို ကျော် ကြားသွားတော့တယ်။ဥပါသကာအဖွဲ့တွေကို တခြားရွာတွေက ကိုယ့်မိတ်နဲ့ကိုယ် ထမင်းကျွေးတဲ့အခါကျွေး၊ ခေါက်ဆွဲကျွေးတဲ့အခါကျွေး၊အဆာပြေ မုန့်ကျွေးတဲ့အိမ်ကကျွေးနဲ့ ကုသိုလ်ယူလေ့ရှိတယ်။ဘကြီးက မိတ်ဆွေ ခပ်များများမို့ ဥပါသကာလှည့်တဲ့အခါ စားအိမ်သောက်အိမ်ကပေါလှ။
ပြီးတော့ ဘကြီးက သမားရိုးကျ စိုက်ပျိုးရေးစနစ်အတိုင်းမျှောလိုက်မနေဘဲ မိရိုးဖလာနဲ့ ခေတ်သိပ္ပံကို ပေါင်းစပ်ကာ ဆန်းသစ်တဲ့သူ။စိုက်ပျိုးရေးလုပ်ငန်းကိုလည်း သွေးထဲသားထဲက ဝါသနာကြီးသူမို့ လယ်မလုပ် ခင်ကတည်းက စိုက်ပျိုးရေးစာအုပ်တွေ ဖတ်မှတ်နေသူဆိုတော့ ဘကြီးရဲ့ ဆန်းသစ်မှုအပေါ် သဘောကျတဲ့ ပ ရိသတ်ရှိပြီးသား။
ဥပါသကာလှည့်ရင်း ကျွေးမွေးတဲ့အိမ်တွေရောက်ပြီဆို ဘကြီးရဲ့တော်ကီမှာ မျောနေတဲ့သူတွေ မနည်း။ဘကြီးလုပ်သလို လိုက်မလုပ်ရဲတောင် ဘကြီးပြောတာတော့ နားထောင်လို့အကောင်းသားဆိုတဲ့ လူ ကြီးတွေလည်း ခပ်များများ။ကျနော်တို့မြို့မှာ လယ်ထွန်စက်ဝယ်ပြီး လယ်ယာအလုပ်လုပ်တာ ဘကြီးက ပ ထမဦးဆုံး။ပထမအစမှာတော့ ဒီကောင်လေး ပိုက်ဆံရှိလို့ အရူးထနေတာလို့ ကောင်းချီးပေးတဲ့သူ မနည်းလှ ပေမဲ့ ဘယ်ကြာလိမ့်မလဲ။ ဘကြီးရဲ့လယ် အထွက်နှုန်းက ထိပ်ဆိုတော့ ဒီကောင်လေး လျှောက်အရူးထနေ တာလို့ ဘယ်သူကပြောရဲတော့မလဲ။
အဲဒီဥပါသကာ လှည့်ရင်းနဲ့ ဦးဖိုးလူနဲ့ရင်းနှီးတယ်။နောက်ပိုင်းမှာ ဦးဖိုးလူက ဥပါသကာအဖွဲ့ကို သူ့ အိမ်ခေါ် ကျွေးမွေးတာနဲ့ ဦးဖိုးလူတို့အိမ်ရောက်တယ်။ဦးဖိုးလူတို့ကလည်း လယ်ဧက၂၀ကျော်ပိုင်တာမို့ သူ တို့ရွာမှာသူတို့ ထည်ထည်ဝါဝါနေနိုင်တဲ့သူတွေ။ဦးဖိုးလူရဲ့သားကြီးက ဘကြီးထက် နည်းနည်းကြီးပေမဲ့ စာ တတ်ပေတတ် ဆန်းသစ်တီထွင်တတ်သူအဖြစ် ဘကြီးကို ခင်မင်လေးစားသွားရော။
ဦးဖိုးလူကလည်း သဘောကျ၊သူ့သားကလည်း လေးစားနေတာဆိုတော့ သူ့အိမ်ကိုယ့်အိမ် သူ့လယ် ကိုယ့်လယ် အဝင်အထွက်တွေရှိလာပြီး ဘကြီးရဲ့ညွှန်ပြမှုတွေနဲ့ လယ်ယာလုပ်ငန်းကို ဆန်းသစ်ပြုပြင်လုပ် ကိုင်လာကာ အဲဒီလို ဆန်းသစ်မှုကြောင့်ပဲ ဦးဖိုးလူတို့လယ်လည်း အထွက်ကောင်းလာခဲ့တယ်။
ဘကြီးရဲ့ အဲဒီလို ဆန်းသစ်တီထွင်တတ်မှုကပဲ ဘကြီးရဲ့ဘဝကို နောက်တစ်ဆင့်ဆွဲခေါ်သွားတယ်။အဲ ဒါကတော့ ဦးဖိုးလူရဲ့သမီးငယ်နဲ့ မျက်လုံးချင်းဆုံရာကနေ ချစ်ခြင်းမေတ္တာတွေ ထိန်းမနိုင်သိမ်းမရ ရုန်းကန်ထ ကြွ၊စာပေးစာယူ ချစ်သူဘဝ။အဲဒီကနေ လူသိရှင်ကြား သမီးရည်းစားအဖြစ်။ပြီးတော့နှစ်ဖက်မိဘများကြည်ဖြူ စွာနဲ့ အိမ်ထောင် ရက်သားကျ။
ဥပါသကာကနေ စခဲ့တဲ့ဇာတ်လမ်းဆိုတော့ ဘကြီးရဲ့ညီ ကျနော့်အဖေက “အလကားပါ။ဘာသာရေး အကြောင်းပြပြီး ရွာတကာလှည့် မိန်းမလိုက်ရှာတာ”တဲ့။ဘကြီးက သူ့ထုံးစံအတိုင်း သူ့ညီပြောသမျှ တပြုံးပြုံး နဲ့။
 
 ငြိမ်းဆက်