【ဆောင်းပါး】စာမရေးသော မဟေသီအယ်ဒီတာ (၂)

【ဆောင်းပါး】စာမရေးသော မဟေသီအယ်ဒီတာ (၂)

၈၈-အရေးအခင်းကာလများ၏ နောက်ပိုင်းဖြစ်စဉ်တွေက အပြောင်းအလဲ မြန်သည်ဟုထင်သည်။ ခေတ်ကြီး၏နောက်ကို အပြေးအလွှားလိုက်ကြရသည်။ အထူးသဖြင့် ဗွီဒီယိုခေတ်ကြီးထဲမှာ ဗွီဒီယိုဇာတ်ကားသစ်များ ပေါ်ထွက်လာသည့်နောက်တွင် မင်းသားမင်းသမီးသစ်များမိတ်ဆက်တာ၊ ဇာတ်ကားကန်တော့ပွဲပေးတာ၊ သီချင်းစီးရီးခွေထွက်တာတွေပေါ်ပေါက်လာသည်။လူငယ်တွေက စိတ်ဝင်စားကြသည်။ မဟေသီတွင် "ရော် ရည် ရွယ် ရာ"ဟူသော အခန်းကဏ္ဍသစ်တစ်ရပ် ပေါ်ပေါက်လာသည်။လူငယ်လုံမငယ်တွေ အငမ်းမရ သိချင်နေသော အကြောင်းများကို အခန်းကဏ္ဍသစ်တစ်ခုအဖြစ်တွေ့လာရသည်။ သတင်းလည်းပေးရင်း ခေတ်ကြီးအပေါ် ဝေဖန်ရေးလည်းပေးရင်း " သရော်သည်များလည်းတွေ့ရသည်။ 
 
ကျနော်က"သရော်စာ"အရေးအဖွဲ့ကိုကြိုက်သည်။ စာပေဆန်ဆန် သိက္ခာရှိရှိပြောတာရေးတာကို ကြိုက်သည်။ "မခက်မာ"၏ "ရသမြစ်ဖျား"ကိုလည်းကြိုက်သည်။သမားဆိုအိုမှ ရှေ့နေဆိုပျိုမှဆိုသကဲ့သို့  စာနယ်ဇင်း သတင်းတွေရေးရာမှာ ထက်မြက်တက်ကြွနေမှကောင်းသည်။နောင်မှသိရသည်မှာ "ရော်ရည်ရွယ်ရာ“မှာ "သင်းသင်းသာ"နှင့်"သွန်းနှင်းအိမ်"တို့ဖြစ်သည်။" ဆရာကြည်လင်အေး"၏စာပေအခန်းကလည်း လတ်ဆတ်သည် အံဝင်သည်။ အမှန်က မဟေသီမဂ္ဂဇင်းအကြောင်းဆိုသည်ထက် တခေတ်တခါက စာမရေးသော အယ်ဒီတာ တစ်ယောက်အနေဖြင့် မဂ္ဂဇင်းတစ်ခုကို ထွန်းပေါက်အောင်မြင် တာရှည်ခံအောင် လုပ်ဆောင်နိုင်ခဲ့ပုံကို ပြောလိုရင်း ဖြစ်သည်။
 
စိတ်ဝင်စားလျှင် မဂ္ဂဇင်းစာမျက်နှာတွေကိုစဉ်ကြည့်၊ အခန်းကဏ္ဍတွေကိုခွဲကြည့်၊ မဂ္ဂဇင်းတစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ကြည့်လျှင် ကျနော်ပြောသည်ကို သိနိုင်လောက်မည်ထင်ပါသည်။ အခြားမဂ္ဂဇင်းတစ်ခုအကြောင်း ပြောချင်သေးသည်။ ကလျာမဂ္ဂဇင်းအကြောင်းဖြစ်သည်၊ ကလျာမဂ္ဂဇင်းကို ကျနော်အမ မသန်းမြင့်အောင်၏ ကျေးဇူးဖြင့် ၂၀၀၃ ခုနှစ်တွင်ရောက်ရှိသည်။သူ့ပုံစံ သူ့ကဏ္ဍဖြင့် အောင်မြင်နေသော မဂ္ဂဇင်းဖြစ်ပါသည်။
 
ကလျာမဂ္ဂဇင်း၏ပုံစံမှာ ဖတ်ဖူးသူများသိကြသည့်အတိုင်း ရိုးရိုးစင်းစင်းပင်ဖြစ်ပါသည်။ မျက်နှာဖုံးကလည်း ကလျာအရွယ်မိန်းမပျို၏ ကိုယ်လုံးပေါ်ဓါတ်ပုံဖြစ်သည်။ အန်တီကလျာ၏အိမ်သားမှာ ကာတွန်းစိန်ကြီး ဟူ၍ ကျနော်တို့လူရွယ်ဘဝကပင် "ရွှေရုပ်လွှာ" ဟူသောစာအုပ်ဖြင့် နာမည်ကြီးသောပန်းချီဒီဇိုင်းဆရာဖြစ်ပြီး မျက်နှာဖုံးမှာ စိန်ကြီး၏ဒီဇိုင်းဖြစ်ပါသည်။ ကလျာမျက်နှာဖုံးများကို တန်းစီပြီးကြည့်လိုက်မည်ဆိုလျှင် ကညာ (ကလျာ)အရွယ် မိန်းမပျို၏ ဆံဖျားမှ ခြေဖျားတိုင်သောပုံကို တမူတည်းတွေ့ရပါလိမ့်မည်။ ကမ္ဘာကျော် မဂ္ဂဇင်း များမှာလည်း နာမည်လိုဂို၊ မျက်နှာဖုံးပုံစသည်တို့မှာ ပြောင်းလဲသောအလေ့အထနည်းပါသည်။ တော်ကြာတစ်မျိုး ခဏကြာတစ်မျိုးမလုပ်ကြပါ။ပရိသတ်မျက်စိနောက်အောင်မလုပ်ကြဟုဆိုလိုပါသည်။  မဟေသီမဂ္ဂဇင်းအဖုံးဆိုလျင် မျက်နှာပိုင်းကိုသာ အဓိကယူပါသည်။သို့သော် ထိုပုံကိုရွေးပုံမှာ ပြုံးနေသော ချိုသောမျက်နှာကိုရွေးပါသည်။ ကျနော်က မဟေသီမဂ္ဂဇင်းမှာလည်း အယ်ဒီတာလုပ်ဖူး၍ သိရခြင်းဖြစ်ပါသည်။ ဓါတ်ပုံဖလင်တစ်လိပ်စာထဲမှ တစ်ပုံကိုသာရွေးပါသည်။အယ်ဒီတာချုပ်ဗိုလ်မှူးကြီးစောမြင့်(မှူးသမိန်)နှင့် ‌အုပ်ချုပ်ရေးမှူးဗိုလ်မှူးကြီး စိုးသိမ်း (စိုးသိမ်း)တို့ မှာ"sweet" ဖြစ်သောမျက်နှာဖြစ်ရမည်ဟု ပြောတတ်ကြပါသည်။ ဤသည်မှာလည်း ဦးခင်မောင်မြင့် ၏" မူ"ဖြစ်ပုံရပါသည်။
 
မဂ္ဂဇင်းတို့မှာ သူ့မူနှင့်သူဖြစ်ပါသည်၊Buaty- မဂ္ဂဇင်းမှာ မျက်နှာပြည့်ပုံ(ပုခုံးအထိမဟုတ်)ကိုသာသုံးပါသည်။ရွှေအမြုတေ၊ ရုပ်ရှင်တေး‌ကဗျာ၊ ရနံ့သစ်၊ နွယ်နီစသဖြင့် တသမတ်တည်းသောမူရှိကြပါသည်။ကလျာ မဂ္ဂဇင်း၏ "ကလျာ"ဆိုသောအနက်မှာ ကောင်းခြင်းငါးဖြာလက္ခဏာရှိသောအမျိုးသမီး(အရေ၊ အသား၊ ဆံပင်၊ အရိုး၊ အရွယ်)ဟု အနက်ပေးပါသည်။ အမည်နှင့်ပုံမှာ သူ့အဓိပ္ပါယ်နှင့်သူဖြစ်ပါသည်။ကလျာ၏ စာမူနှင့် ကဏ္ဍခေါင်းစဉ်မှာ တစ်ပုံတည်းဖြစ်ပါသည်။ တချို့ကလည်း မဟေသီ ရွှေအမြုတေကဲ့သို့ ပထမတန်းမဟုတ်၊ ဒုတိယတန်းမဂ္ဂဇင်းဟုပြောတတ်ပါသည်။ သို့သော် သူ့စောင်ရေနှင့် ပုံနှိပ်အော့ဆက်နှစ်လုံးနှင့်ဖြစ်ပြီး မဂ္ဂဇင်းထွက်သည်မှစ၍ ရပ်သွားသည်မရှိပါ။ကလျာမဂ္ဂဇင်းကို အကြမ်းပိုင်းခြားကြည့်လျင် ဆောင်းပါးပိုင်းမှာ တည်ငြိမ်လေးနက်သော ကလောင်ရှင်များဖြစ်သည့် လူထုဒေါ်အမာ၊ ဆရာတော် ဦးပညာ၊ ဒေါက်တာသန်းထွန်း၊ လူထုစိန်ဝင်း၊မောင် ဝံသ၊ ကမ္ဘောဇခင်လှိုင်၊ ဒေါက်တာအုန်းမောင် စသဖြင့်ရှိပါသည်။ သက်ကြီးစာပရိတ်သတ်ကြိုက် ဆောင်းပါးများ ဖြစ်ပါသည်။
 
တဖန် ဝတ္ထုဘက်တွင် ဘဝသရုပ်ဖေါ်လိုင်းနှင့် ခေတ်ပေါ်ဘက်ဆဲလား (ပုညခင်၊လွန်းထားထား စသည်) တို့ကို တွဲထားသည်။မဂ္ဂဇင်းဝတ္ထု ရှည်တစ်ပုဒ်အမြဲပါသည်။ဘယ်လိုကြီးတွဲစပ်ထားပါလိမ့်ဟု တွေးမိပါလိမ့်မည်။ ဆောင်းပါးအပိုင်းက လူကြီးကြိုက်၊ ဝတ္ထုအပိုင်းက လူငယ်ကြိုက်ဖြစ်သည်။ဘဝသရုပ်ဖေါ်ဝတ္ထု ကောင်းကောင်းကို မက်မောပါသည်။ ဝတ္ထုတိုကို အာရုံထားတတ်ပါသည်။ ဒေါ်ခင်ဆွေဦးလို ကလောင်သိက္ခာရှိသူကို တရင်းတနှီးနေပါသည်။ ထိပ်တန်းမဂ္ဂဇင်းကြီး မဟုတ်စေကာမူ  နာမည်တစ်လုံးဖြင့် နှစ်သုံးဆယ်ခန့် ဆက်လက်ရှိနေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ဒေါ်ကလျာကွယ်လွန်သွားမှသာ ရပ်တန့်သွားခြင်းဖြစ်ပါသည်။ ဒီလိုမဂ္ဂဇင်းပုံစံကို ဘယ်သူ ကချပေးသလဲဟု ကျနော်သိချင်မိပါသည်။
 
ကလျာကိုခဏထား၍ "Idea"မဂ္ဂဇင်းအကြောင်း ဖြတ်ပြောချင်မိပါသည်၊ ဘယ်သူနဲ့မျှမတူပါ၊။ကဗျာက အလယ်ရောက်နေပါသည်၊ အလယ်မှာပဲ "အိမ်ထောင်သက်ကြီးလင်မယားကြားမှာ ဖြစ်တတ်သောအပြု အမူ" ကာတွန်း(စောမင်းဝေ)ထည့်ပါသည်။ တခြားကာတွန်းများ မပါပါ၊တနေ့ စာမူသွားပို့ရင်း "မဟေသီ  ဦးခင်မောင်မြင့်"ကိုတွေ့ရပါသည်။ Ideaကို ဖတ်ဖူးသူများသိပါလိမ့်မည်။မြန်မာစာကတော့မြန်မာစာပါပဲ။ မဂ္ဂဇင်းကတော့လည်း မဂ္ဂဇင်းပါပဲ။သို့သော် ကဗျာနေရာ။ဟာသနေရာအပြင် အခြားကဏ္ဍများ အထားအသိုပြောင်းထားသည်ကို တွေ့ရပါသည်။အထားအသိုပြောင်းရုံမက အနှစ်သာရပါ ပြောင်းပါသည်။မဟေသီမျက်နှာဖုံးကို ကြည့်လိုက်လျင် လိုဂိုဖုံးထားလျင်ပင် မဟေသီဟုသိနေလောက်ပါသည်။ အမြဲဖတ်ပရိတ်သတ်က မဟေသီအနှစ်သာရကဘယ်လို ကလျာအနှစ်သာရက ဘယ်ကဲ့သို့ဟုသိပါသည်။"idea" မျက်နှာဖုံးမှာ၊ အတွင်းမှာလည်း ဤသို့ပင် ခွဲခြားသိမြင်နိုင်ပါသည်။ "idea" မှဝတ္ထုများမှာလည်း  ဝတ္ထုဟုပြောရမှာလည်း ခပ်ခက်ခက်ဖြစ်နေသော ဖစ်ရှင်ဖြစ်သော စာမူပုံစံမျိုး ဖြစ်ပါသည်။တာရာမင်းဝေ၊ မနော်ဟရီ စသော လူငယ်ကြိုက် ခေတ်အမြင်သစ်လွင်သော စာမူပုံစံများ ဖြစ်ပါသည်။ကျနော် မဂ္ဂဇင်းသို့စာမူသွားပို့သောအခါ ဦးခင်မောင်မြင့်နှင့် နှစ်ကြိမ်လောက်တွေ့ဆုံဖူးပါသည်။ ဦးခင်မောင်မြင့် မဂ္ဂဇင်းပုံစံချပေး၊ ကိုင်ပေးနေခြင်းဖြစ်ပါသည်။
 
ကျနော်သိရသမျှ ဦးခင်မောင်‌မြင့်မှာ ဆေး‌တက္ကသိုလ်မှာ တက်ရောက်နေသော သားရှိပါသည်။သူ့အတွက် တဖက်တလမ်းက သရက်သီးသနှပ်လုပ်၍ ဝင်ငွေရှာရသည်။ လွန်ခဲ့သော ဆယ်နှစ်ကြော်ကာလက ဦးခင်မောင်မြင့် ကွယ်လွန်သွားပါသည်။
 
ကလျာ မဂ္ဂဇင်းပိုင်ရှင် "ဒေါ်ကလျာ"က "ဦးခင်မောင်မြင့်"လိုလူမျိုး မရှိဘူးဟုပြောတော့ ကျနော်အံ့အားသင့်မိပါသည်။ နောက်မှသာ တဖြည်းဖြည်းသိလာရခြင်းဖြစ်ပါသည်။ "အယ်ဒီတာထဲအများစုထဲတွင် နှစ် ၃၀ ကာလတိုင်အောင် မဂ္ဂဇင်းစံချိန်ကို ထိန်းထားနိုိုသော"စာမရေးသည့် အယ်တာစစ်စစ်"ဖြစ်ပါသည်။ သူ့လိုလူများမရှိဟု မပြောပါ။သို့သော် ရှားတော့ရှားပါသည်၊၊
                                                                                                                                         
လင်းထင်