【ဆောင်းပါး】တရုတ်မှတင်သွင်းသည့် သင်္ကြန်လူသုံးကုန်ပစ္စည်းဈေးကွက်

【ဆောင်းပါး】တရုတ်မှတင်သွင်းသည့် သင်္ကြန်လူသုံးကုန်ပစ္စည်းဈေးကွက်

သင်္ကြန်နားနီးလာသည်နှင့်အမျှ ဒီဇိုင်းမျိုးစုံရေစိုခံဖုန်းအိတ်၊မျက်မှန်၊ ရေပြွတ်၊ မျက်နှာဖုံး၊ဦးထုပ်၊  ကလေးကစားစရာ သင်္ကြန်ရေကစားပစ္စည်း အမျိုးမျိုးတို့သည် ‌ဈေးဆိုင်များတွင် နေရာယူထားပြီဖြစ်သည်။ ခေတ်နှင့်အညီ ပေါ်ပေါက်လာသော သင်္ကြန်တွင်း လူသုံးကုန်ပစ္စည်းများသည် တစ်နှစ်ထက်တစ်နှစ် ဖန်တီးမှု ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာသည်။ 
 
မြန်မာ ၁၂ လရာသီပွဲတော်များထဲတွင် သင်္ကြန်ပွဲတော်သည် အထူးခြားဆုံးနှင့် အစည်ကားဆုံး ကျင်းပသည့်ပွဲတော်ဖြစ်သည်။ အလားတူ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း သင်္ကြန်ပွဲတော်ကိုအစည်ကားဆုံး ကျင်းပကြပြီး  ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကပါ တကူးတက လာရောက်ဆင်နွှဲကြသည့်ပွဲတော် ဖြစ်သည်။ 
 
ထိုင်းနိုင်ငံသင်္ကြန်သည် ကမ္ဘာကျော်ပွဲတော်တစ်ခုကဲ့သို့ ဖြစ်နေသည့်အတွက် သင်္ကြန်ပွဲတော်ကို အမှီပြုထားသည့် စီးပွားရေးလုပ်ငန်းများစွာလည်း ဝင်ငွေကောင်းကြသောအချိန်ကာလဖြစ်သည်။ သမိုင်းကြောင်း အထောက်အထားများ၊ ရိုးရာဓလေ့များဖြင့် ခေတ်အဆက်ဆက်ကျင်းပလာသော မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်သည်လည်း မြန်မာနိုင်ငံတွင် အထင်ရှားဆုံးပွဲတော်ဖြစ်သည်။
 
မြန်မာ့ရိုးရာအတာသင်္ကြန်ဖြစ်သည့်အတွက် အဓိကအရေးပါသော အတာအိုးများ အရောင်းသွက်သည့်ကာလဖြစ်သလို မြန်မာမုန့်အမျိုးမျိုး၏ အဓိကဖြစ်သည့် သကြား၊ ထန်လျက်၊ အုန်းသီး၊ ကောင်ညှင်း၊ ဂျုံအစရှိသည့် အခြေခံစားသောက်ကုန်များလည်း ရောင်းအားသွက်သည့် အချိန်ကာလဖြစ်သည်။ 
နိုင်ငံတိုင်းတွင် ရိုးရာဓလေ့ယဉ်ကျေးမှုနှင့်အညီ ပြုလုပ်လေ့ရှိကြသော ပွဲတော်များစွာရှိပါသည်။ ထိုကဲ့သို့ ပွဲတော်ရက်များနှင့်အတူ လိုအပ်လာသောအရာများကို ဖြည့်ဆည်းသည့် လူသုံးကုန်ဈေးကွက်တစ်မျိုးလည်းရှိသည်။ ရှေးယခင်က တစ်ဦးကိုတစ်ဦး ရေဖလားဖြင့် ရေလောင်းကြသည့်ခေတ်မှ ရေပတ်ခံထွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်ပွဲများ ဖြစ်လာသည့်အခါ  လူသုံးကုန်ပစ္စည်း လိုအပ်ချက်များလည်း ပို၍များလာသည်။
 
ပွဲတော်အခါသမယတွင် အံဝင်ခွင်ကျဖြစ်စေသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုပေးသော လုပ်ငန်းများစွာသည် အချိန်အခါအလျောက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် တည်ရှိကြသည်။အလှဆင်မှုများမှအစ လက်ဆောင်ပစ္စည်း၊ စားသောက်ကုန်နှင့် အဖျော်ယမကာများ၊ အဝတ်အစားများ၊ ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်းများအထိ ပါဝင်သည်။ 
 
သင်္ကြန်တွင်းကာလ၌ ဆံပင်တုအမျိုးမျိုးနှင့် သင်္ကြန်ပန်းခြောက်များ၊ ပန်းကုံးအမျိုးမျိုး ၊ ရေမွှေး၊မိတ်ကပ်အစရှိသည့် အလှကုန်ပစ္စည်းအမျိုးမျိုး၊ ရေကစားပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်အမျိုးမျိုး ကုန်ပစ္စည်းများသည် ပြည်တွင်း၌လည်း ထုတ်လုပ်မှုအနည်းငယ်သာရှိပြီး  အိမ်နီးချင်းနိုင်ငံများမှ အများစုတင်သွင်းကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းကြခြင်းဖြစ်သည်။ သင်္ကြန်ကာလရောက်ပြီဆိုသည်နှင့် တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းသော ရေကစားပစ္စည်းအမျိုးမျိုးသည် ရပ်ကွက်ဈေးဆိုင်တိုင်းတွင် တွေ့ မြင်ရမည် ဖြစ်သည်။
 
အလားတူ သင်္ကြန်ကာလရောက်လျှင် ပြည်တွင်းထုတ်ကုန်များလည်း အရောင်းအဝယ်ကောင်းကြသည်။ အတာအိုးများ၊ ဆီမီးခွက်များ၊ အလှစိုက်ပန်းအိုးများ၊ ဝါးနှီးတို့ဖြင့် ပြုလုပ်သည့် ဦးထုပ်များ အစရှိသည့် မိရိုးဖလာ လုပ်ငန်းထွက် လက်မှုထုတ်ကုန်များလည်း အရောင်းအဝယ်ကောင်းကြသည်။ 
မြန်မာတို့၏ ရိုးရာသင်္ကြန်ဟုဆိုသော်လည်း ခေတ်၏တောင်းဆိုမှုနောက်တွင် သင်္ကြန်ဖက်ရှင်များက ခေတ်စားလျက်ရှိသည်။ မြန်မာနိုင်ငံမှာတော့ ရက်တိုပျော်ပွဲရွှင်ပွဲဖြစ်သည့်အတွက် Brand မြင့်သော ပစ္စည်းများထက် ပေါ့ပေါ့ပါးပါး ဈေးနည်းနည်းနှင့်ပစ္စည်းများကို သုံးစွဲမှုပိုများသည်။ 
ဈေးသက်သာသော လူသုံးကုန်ပစ္စည်းများကို အသုံးပြုသူ ပိုများသဖြင့် တရုတ်ထုတ်ကုန်များကို အများစုအသုံးပြုကြသည်။ ဘက်ပေါင်းစုံ ဆန်းသစ်လာသည့် ဒီကနေ့ခေတ်တွင် လူငယ်များသည် အလှအပ၊ စတိုင်၊ ဖက်ရှင်များကို အလေးထားလာကြသည်။ 
 
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသူများက စားသုံးသူအကြိုက် ဈေးကွက်ဝယ်လိုအားကိုကြည့်၍ မျက်မှန်၊ ရှူးဖိနပ်၊ လက်ကိုင်အမျိုးမျိုးကို  တစ်မျိုးပြီးတစ်မျိုးမရိုးအောင် တင်သွင်းကြသည်။ ဈေးကွက်ထဲတွင် ထိုင်ဝမ်၊ ထိုင်း brand များသည် အရည်အသွေးကောင်းပြီး သင့်တင့်သော ဈေးနှုန်းရှိ၍ လူသုံးများကြသည်။ 
 
နိုင်ငံတကာ ထုတ်ကုန်များကို အလွယ်တကူမှာယူနိုင်သော အွန်လိုင်းခေတ်ဖြစ်၍ ဂျပန်၊ U.S.A Brand များကို လက်လှမ်းမမှီသောသူများအတွက် တရုတ်ထုတ်ကုန်များသည် မြန်မာပြည်ဈေးကွက်တွင် အများဆုံးနေရာယူလျက်ရှိသည်။ 
 
သင်္ကြန်အတွင်း လည်ပတ်သွားလာဖို့ အဝတ်အစားဈေးကွက်တွင် ဘေထုတ်ဈေးကွက်ကလည်း သင်္ကြန်နားနီးလာသည်နှင့်အမျှ ဝယ်လိုအားများသော ဈေးကွက်ဖြစ်သည်။ ဘေထုတ်ဈေးကွက်တွင်  တရုတ်နိုင်ငံထုတ် အဝတ်အထည်များသည် ဈေးနှုန်းသက်သာသဖြင့် ဝယ်ယူဝတ်ဆင်သူများကြသည်။  
လူသုံးကုန်ပစ္စည်းဈေးကွက်သည် အများစုမှာ နယ်စပ်မှတင်သွင်းကြခြင်းဖြစ်သည်။ ဂျပန်၊ ကိုရီးယား နှင့် ယိုးဒယား ပစ္စည်းများကို မြဝတီ၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းကြပြီး တရုတ်နိုင်ငံထုတ် ပစ္စည်းများကို မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းကြခြင်းဖြစ်သည်။  
ကိုရီးယားနှင့်ဂျပန်ဘေထုတ်များသည် ထိုင်းကိုဖြတ်ပြီးမှ မြန်မာပြည်သို့ တင်သွင်းရသည်ဖြစ်၍ ဆိပ်ကမ်းစရိတ်၊ သင်္ဘောစရိတ်များ ပိုမိုကုန်ကျစရိတ်ရှိသည်။ သို့ဖြစ်၍ မြန်မာပြည်ထဲတွင် ပြန်လည်ရောင်းချသည့်အခါ ဘေထုတ်ဟုဆိုသော်လည်း ဈေးမြင့်သည်ဟု ဘေထုတ်လက်ကားကုန်သည်တစ်ဦးက ပြောသည်။ 
 
တရုတ်နိုင်ငံမှ ဘေထုတ်များသည် မြန်မာပြည်တွင်းသို့ တိုက်ရိုက်တင်သွင်းခြင်းဖြစ်သဖြင့် ကုန်ကျစရိတ်သက်သာသည့်အတွက် ပြန်လည်ရောင်းချသည့်အခါတွင် လူတိုင်းလက်လှမ်းမှီသည့် ဈေးနှုန်းတစ်ခုဖြင့် ရောင်းချနိုင်ကြသည်။ ဘေထုတ်ဝယ်ကြခြင်းမှာ ဈေးသက်သာလို၍ ဝယ်ယူကြခြင်းဖြစ်သည့်အတွက် ဈေးနှုန်းသက်သာသည့် တရုတ်ဘေထုတ်အဝတ်အစားများသည် မြန်မာပြည်ဈေးကွက်တွင် ပို၍ရောင်းအားကောင်းနေခြင်း ဖြစ်သည်။ 
 
ထို့ပြင် ပိတ်စတော်တော်များများမှာလည်း တရုတ်နိုင်ငံမှတင်သွင်းခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှ တင်သွင်းသည့် ပိတ်စများသည် အရောင်၊ဒီဇိုင်း စုံလင်လှသဖြင့် ဈေးကွက်ထဲတွင် လူကြိုက်များသည်။  သင်္ကြန်ယိမ်းအကများအတွက် ဝတ်ဆင်သည့် ပိတ်စဈေးကွက်ကလည်း ဈေးကွက်ဝယ်လိုအားကောင်းသလို ဖက်ရှင်ကျကျ ချုပ်ထားသော တရုတ်နိုင်ငံထုတ် စတိုင်အမျိုးမျိုး အဝတ်အစားဈေးကွက်သည် သင်္ကြန်ကာလအတွင်း ရောင်းအားကောင်းခဲ့ကြသည့် ဈေးကွက်ဖြစ်သည်။ 
 
ခေတ်အဆက်ဆက် ကျင်းပခဲ့ကြသော သင်္ကြန်ကာလသည် ကိုဗစ်ကာလတွင် ရပ်နားခဲ့ရ၍ ဈေးကွက်ကျဆင်းခဲ့သလို  ကိုဗစ်ကာလပြီးသော နောက်ပိုင်းတွင်လည်း  ရေကစားပစ္စည်းအမျိုးမျိုးဈေးကွက်သည် အရောင်းပါးသွားခဲ့ကြောင်း သင်္ကြန်ပစ္စည်းရောင်းချသူများကပြောသည်။ ယခုကာလတွင်လည်း တိုက် ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအခက်အခဲ၊ ဒေါ်လာဈေးမြင့်တက်နေသည့် အခက်အခဲများနှင့်အတူ သင်္ကြန်ကာလအတွက် တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်လာကာ  အရောင်းလည်းပါးနေကြောင်း သင်္ကြန်ပစ္စည်းများရောင်းချသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။ 
 
တရုတ်နိုင်ငံသည် အဝတ်အထည်များထုတ်လုပ်ရာတွင် ကမ္ဘာ့အကြီးဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကုန်သွယ်ဖက်နိုင်ငံများထဲမှ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံထုတ် အီလက်ထရွန်နစ်ပစ္စည်း၊ အိမ်အသုံးအဆောင်များ၊ အဝတ်အထည်များနှင့်အရုပ်များ၊ ပရိဘောဂများ၊ တရုတ်ထုတ်ကုန်များကို ဈေးကွက်များတွင် တွေ့ရှိရမည်ဖြစ်သည်။ အလားတူ  လူသုံးကုန်၊ စက်မှုကုန်ကြမ်း၊ စက်ယန္တရား ပစ္စည်းများ တင်သွင်းရုံသာကမ အခြေခံ အဆောက်အအုံနှင့် စက်မှုလုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများက အများဆုံးဖြစ်သည်။ 
 
ယေဘုယျအားဖြင့် တရုတ်ထုတ်ကုန်များသည် မြန်မာ့စီးပွားရေးနှင့် စားသုံးသူဈေးကွက်တွင် အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် သင်္ကြန်ပွဲတော်ရက်ကာလ စီးပွားရေးတွင်လည်း တရုတ်ထုတ်ကုန်များ နေရာယူလျက်ရှိနေပါသည်။ 
                                                                                                                                 
အမွန်