【ဆောင်းပါး】နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း(၆)

【ဆောင်းပါး】နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း(၆)

အင်္ဂလိပ်တို့သည် အောင်မြင်စွာဆုတ်ခွာမှုပြုနိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့နေရလေသည်။ စစ် ကြီးအရှေ့အာရှသို့ ရောက်လာသည်မှာ မြန်ဆန်သည်ဟုထင်ရ၏။ ဒုတိယကမ္ဘာစစ်ကြီးကို ဖြန့်၍ကြည့်လျှင် အနောက်တိုင်းတွင် ပြင်သစ်သည် ဖက်ဆစ်ဂျာမနီ၏လက်အောက်ရောက်သွားပြီး ထပ်မံ၍ဂျာမနီက အင်္ဂလိပ် ကို အပြင်းအထန်တိုက်ခိုက်နေသည်။ အရှေ့အာရှတွင်တော့ ဖက်ဆစ်ဂျပန်သည် အမေရိကန်၏ လေယာဉ် များ သင်္ဘောကြီးများထားရှိရာ ပုလဲဆိပ်ကမ်းစစ်စခန်းကို အလစ်အငိုက်တိုက်ကာ စစ်ထဲဝင်လာသည်။ အမေ ရိကန် အတော်အထိနာသည်။ ဂျပန်က တရုတ်ပြည်ကိုလည်း သိမ်းဖို့ကြိုးပမ်းရင်း တဘက်ကလည်း ထိုင်းမှ တစ်ဆင့် မြန်မာပြည်ကိုသိမ်းပိုက်ရန် ချဉ်းနင်းဝင်ရောက်လာနေသည်။ အင်္ဂလိပ်က မြန်မာပြည်မှ ခုခံတိုက် ခိုက်ခြင်းမပြုဘဲ အာသံ၊မဏိပူရသို့ ဆုတ်ခွာပြီးမှသာ စစ်နား၍ ပြန်လည်ရင်ဆိုင်မည်ဖြစ်၏။

အင်္ဂလိပ်တို့ မြန်မာပြည်တောင်ဘက်စွန်း မြိတ်ဒေသမှစကာ တဖြည်းဖြည်းဆုတ်ခွာလာသည်မှာ ယခု ဆိုလျှင် ပြည်မြို့ဆီ ရောက်လာနေပေပြီ။ ကစဉ့်ကလျား ဆုတ်လာခြင်းတော့မဟုတ်။ဤသည်ကပင် အင်္ဂလိပ် တို့၏ အောင်မြင်စွာဆုတ်ခွာခြင်း အဓိပ္ပါယ်ဖြစ်တော့သည်။

ပြည်ထောင်သို့ ရောက်သောအခါ နိုင်ငံရေးအကျဉ်းသား အတော်များများကို တွေ့ရ၏။ သာယာဝတီ ထောင်မှပြောင်းလာသော သခင်ဗဟိန်းကိုလည်း ပြန်တွေ့ရသည်။

ပြည်ထောင်ထဲ၌ ရှိစဉ် မော်လမြိုင် သထုံဘက်ကပြောင်းလာသော မျက်နှာဖြူ အာဏာပိုင် မေဂျာ မက္ကရောဘတ်ဆိုသူကို ပြည်ထောင်၌တွေ့ရ၏။ သူသည် ခက်ထန်မာကျောစွာကြည့်လျက်.........

"တို့အစိုးရကို ဒုက္ခပေးတဲ့အကောင်တွေအားလုံး စက်သေနတ်နဲ့ ပစ်သတ်ဖို့ကောင်းတယ်" ဟူ၍ မျက် နှာကြီးနီရဲကာ ကြိမ်းဝါးသည်။ ဂိုရှယ်နှင့် ဘနာဂျီတို့ကို ကြမ်းကြုတ်စွာကြည့်ပြီး............

"မင်းတို့ ကုလားတွေဖြစ်ပြီး ဗမာသခင်တွေနဲ့ ဘာလို့ပေါင်းရတာလဲ" ဒေါသတကြီးမေးလျှင်........

"ကျုပ်တို့က နယ်ချဲ့ဆန့်ကျင်သူတွေဆိုတော့ ပေါင်းမိတာပေါ့" ဟု ဂိုရှယ်က ခပ်တည်တည်ပြော လိုက်သည်၊ မက္ကရောက...........

"မင်းတို့ကို ပိုပြီးသတ်ချင်သေးတယ်"ဟု ရှူးရှူးရှဲရှဲပြောကာ ထွက်သွားလေတော့၏။

ပြည်ထောင်မှာ တပတ်ခန့်သာနေ၍ လူ(၂၀၀)ခန့်မှာ မန္တလေးထောင်သို့ ရွှေ့ပြောင်းရပြန်လေသည်။ ဧရာဝတီနှစ်ထပ်သင်္ဘော ဖြစ်သော်ငြား ကျပ်ခဲပြွတ်သိပ်နေ၏။ ကုလားစစ်ပုလိပ်တို့လည်းပါ၍ မေဂျာမက္က ရောဘတ်က..........

"On the way no special class" (လမ်းခရီးတွင် အထူးတန်းမရှိ) ဟုတင်းမာစွာပြောသည်။

ခရီးတခုလုံး အညံ့ဆုံးဆန်ကိုစားရသည်။ သခင်‌ဗဟိန်းသည် မစားနိုင်သောအခါ ခွေ၍နေသည်။ နေရ တာလည်း ကျပ်တည်းသည်။ သေနတ်ကိုင်များက မလှုပ်နဲ့ပစ်မိန့်ပါတယ်ဟု တစ်လျှောက်လုံးပြောလာသည်။ တနေကုန် ငုတ်တုပ်ထိုင်လိုက်ခွေလှဲလိုက်ဖြင့် နှစ်ရက်လောက်တွင် သည်းခံနိုင်စွမ်းကုန်သွားတော့သည်။တစ် ယောက်သည် ဝရန်တာ၌ရပ်လိုက်၏။ သေနတ်နှင့်ချိန်၍ ပြန်ထိုင်ခိုင်းရာ သခင်မြသန်းက ဝုန်းကနဲ ထရပ် လိုက်ပြီး.........

"ပစ်လိုက်လေ၊ ခင်ဗျားတို့လွန်လွန်းတယ်၊ ညောင်းလို့ညာလို့ ဖြစ်တာပဲ တစ်ချိန်လုံး သေနတ်နဲ့ချိန်နေ တယ်" ဂိုရှယ်လည်း ထရပ်လိုက်ပြီးအားပေးသည်။

"ခင်ဗျားတို့ပစ်လို့ဘယ်နှယောက်သေမလဲ၊ ကျုပ်တို့ ဝင်လုံးလိုက်ရင် ခင်ဗျားတို့အားလုံးသေမယ်" အားလုံးက ထရပ်၍အားပေးလာကြသည်။ သူတို့လည်း ငြိမ်ကျသွားသည်။ ဝန်ထမ်းများသည်ပင်လျှင် နိုင်ငံ ရေးသမားများနှင့်အတူ အားလုံးစစ်ပြေးဖြစ်နေသည်ကို သတိမထားခြင်းဖြစ်သည်။

မကြာမီ"ချောက်" ကိုရောက်လာသည်။ ထောင်မှူး ဦးစိန်ဈေးသွားမည်ဆို၍ ပိုက်ဆံစုပေးကြ သည်။ ဗူးသီး ၊ခရမ်းသီး၊ ငါးသေတ္တာ၊ နို့ဆီ၊ သကြား၊ လက်ဘက်ခြောက် တို့ပါလာသည်။ တနေရာတွင်ရပ် သည့်အခါ တိုင်း "နိုင်ငံရေးအကျဉ်းသားများ ရိက္ခာပြတ်နေသဖြင့် လှူကြပါ"ဆိုလျှင် ကရုဏာ သက်ကာ ဝိုင်း၍လှူကြ သည်။ မုန့်ပဲ သရေစာ ပုတ်ပြတ်ဝယ်၍လှူသူများလည်းရှိလာသည်။ တရွေ့ရွေ့နှင့်ပင် မန္တလေးသို့ ရောက်ခဲ့ရ သည်။

မန္တလေးထောင်တွင် သခင်နု သခင်မြသွင်တို့ကို ပြန်လည်ဆုံတွေ့ရသည်။ နောက် လေးငါးရက်တွင် မြင်းခြံထောင်မှ ရွှေ့လာသော နိုင်ငံရေးအကျဉ်းသားများရောက်ရှိလာပြန်ရာ သခင်စိုး၊ သခင်ကျော်စိန်နှင့် အ တော်များများပြန်တွေ့ရပြန်သည်။ သခင်စိုးသည် မြင်းခြံစစ်တမ်းကို ရေးလာခဲ့သည်ဟု သိရ၏။ ယခုမူ သခင် မြသန်းတို့ စစ်ပြေးအကျဉ်းသားများစုံလင်နေပေပြီ။မန္တလေးထောင်မှာ ငါးရာကျော်၊ခြောက်ရာခန့်ရှိနေ၍ အ ဆမတန်များနေသည့်အတွက် အိပ်ဆောင်များ၌ပြွတ်သိပ်ကျပ်ခဲစွာပင် နေထိုင်ကြရလေသည်။

ထိုမှတဖန် ကသာ၊ ဗန်းမော်၊ မိုးကုတ် စသည့်ထောင်များသို့ တသုတ်စီခွဲပို့ရန်စီစဉ်သောအခါ မိုးကုတ် ပြောင်းရမည့်စာရင်းတွင် သခင်မြသန်းပါလေသည်။သို့သော် ထောင်ပြောင်းရန်ပင်လျှင် လမ်းပမ်းဆက်သွယ် ရေး မကောင်းတော့ချေ။ အင်္ဂလိပ်တို့သည် ဂျပန်မှာ စစ်ပညာသင်ပြီး မြန်မာပြည်သို့ပြန်လာမည့် ရဲဘော်သုံး ကျိပ်သတင်းကို ရသည် မရသည် မသေချာပေ။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်းယုန်ကို တောင်ငူတွင်ဖမ်းမိကာ သခင်မြသန်းတို့ အဆောင်သို့ ရောက်လာသည်။ ဗိုလ်လင်းယုန်သည် သူ့ကို ရဲဘော်သုံးကျိပ်ဟု မသိစေရန် လျှို့ဝှက်ထားပြီး နာမည်ရင်း သခင်ထွန်းရွှေအဖြစ် နေခဲ့သည်။ ထိပ်ပိုင်း ခေါင်းဆောင်အချို့သာသိကြသည်။

မန္တလေးထောင်သို့ရောက်၍ တလမျှအကြာတွင် လေယဉ်အုပ်များ ရောက်လာသည်။ ဗုံးကြဲလိမ့်မည် ဟုသိကြသည့်တိုင် သခင်မြသန်းတို့ နိုင်ငံရေးသမားများသည် ဝမ်းသာ၍ပျော်ရွှင်ခုန်ပေါက်နေကြ၏။ တကယ် သိမ့်သိမ့်တုန်အောင် ဗုံးမိုးရွာသောအခါ လုံခြုံရာသို့ ပြေးကြရသည်။လေယာဉ်ကလည်း အတော်ကြာအောင် ဖျက်ဆီးပစ်သည်။ တမြို့လုံးတွင် မည်းမှောင်သော မီးခိုးလုံးကြီများ ဖုံးအုပ်ထားသည်။ ထောင်မျက်နှာကျက် များပြိုကျ၊ မှန်တွေကွဲကျသည်။ တရုတ်သမ္မတချန်ကေရှိတ် နန်းတွင်းမှပြန်ထွက်သွားပြီး နာရီဝက်အကြာ တွင် ဗုံးကြဲခြင်းဖြစ်ပါသည်။ မြို့ထဲတွင်မြို့သူမြို့သားများ မရှိကြတော့။

ထိုစဉ်အတွင်း ဒီဒုတ်ဦးဘချိုနှင့် ချန်ကေရှိတ်တပ်မှ ‌ဗိုလ်ချုပ်ဂျင်နရယ်ဝမ်း ရောက်လာကာ သခင်စိုး သခင်နု၊သခင်ဗဟိန်း၊သခင်ကျော်စိန်တို့ ဆွေးနွေးပြီး တရုတ်သို့ခေါ်ရန်စီစဉ်၏။ သို့သော်အခြေအနေက ဂျပန် များ သီပေါဘက်ရောက်လာခြင်းမှာ လျင်မြန်လွန်းနေ၍ ခေါ်ရန်မဖြစ်မြောက်တော့ချေ။ ထောင်တွင်းမှာတော့ စားရေးသောက်ရေးပင်လျှင်ခက်ခဲလာသဖြင့် ရာဇဝတ်မှုထောင်ကျများကို လွှတ်ပေးနေသည်။ အချိန်က က ဆုန် နယုန်အပူဆုံးလများ။ မိလ္လာကျုံးသူမရှိ ယင်ကောင်တွေက မည်းမည်းလှုပ်။  ဝမ်းရောဂါကျ ရောက်လာ သည်တွင် ဆေးလည်းမရှိ ဆရာဝန်လည်းမရှိတော့၊ ထောင်မှူးလည်း သေသူကို မြုပ်ပေးရန်သာ ဆောင်ရွက် နိုင်တော့သည်။ ထောင်အမှုကို ထမ်းဆဲမှာ ထောင်မှူးဦးဘတင်နှင့် ဝါဒါတယောက်နှစ်ယောက်သာ ရှိတော့ သည်။ ထောင်မှူးနှင့် သခင်နု သခင်စိုးတို့ နားလည်မှုယူကြ၍ ထောင်မှလွတ်မည်။ လူမမာများကိုသယ်ရမည်။ တအုပ်စုတည်းမသွားပဲ အစု ငါးစုလောက်ခွဲပြီးထွက်ကြမည်။ သခင်နု၊သခင်စိုး၊ သခင်မြသန်းတို့အစုကား ထောင်မှူးကတော်၏ ကျောက်ပျဉ်ပါမကျန် သယ်ထုတ်ပေးခဲ့ရကာ ထောင်မှူး၏ ကားအစုတ်ကိုလည်း တွန်း ပေးခဲ့ရသေးသည်။

အပြင်လောကအခြေအနေကား ရိက္ခာပြတ်နေသောကူမင်တန်တရုတ်တပ်များသည် သေနတ်ဖောက် ၍ ရွာထဲဝင်ကာ နွားများသိုးများကို ဝင်ဆွဲတတ်သော အခြေအနေသို့ ရောက်ရှိနေလေသည်။ ကူမင်တန် သေ နတ်သံကြားရသော် ကလေးနှင့်မိန်းမများကို လှည်းဖြင့်တင်ကာ ရွာနှင့်ဝေးရာမှာ သွားထားကြရသည်။ အရှေ့ ပြင်တခုလုံးသည် လူသူကင်းမဲ့လျက်ရှိ၏။ ရေဝင်သောက်ရသော အချို့ရွာများက ထန်းလျက်၊ငှက်ပျောတို့နှင့် ချကျွေးသည်ကို စားခဲ့ရ၏။ကျေးဇူးတင်ရပါပေသည်။

မြေပြင်အခြေအနေကား မျက်စိလည်လောက်အောင် အလှည့်အပြောင်းတွေဖြစ်နေလေသည်။ အင်္ဂလိပ်များက တဖြည်ဖြည်း အိန္ဒိယဘက်သို့ ဆုတ်ခွာနေသည်။ အင်္ဂလိပ်၏မိတ်ဆွေ ဂျပန်၏ရန်သူ တရုတ် ကူမင်တန်တပ်များသည် အထက်မြန်မာပြည်ဘက်တွင် ရှိနေဆဲဖြစ်သည်။ မြန်မာပြည်သို့ ယိုးဒယားမှတဆင့် တောင်ဘက်စွန်းမြိတ်မြို့မှဝင်လာသော ဂျပန်တပ်များနှင့်အတူ မြန်မာ့ရဲဘော်သုံးကျိပ်တပ်များပါလာသည်။ သည်အတွက် ကူမင်တန်တရုတ်တပ်များက ဗမာတပ်သည် ဂျပန်မိတ်ဆွေဖြစ်၍ သူ၏ ရန်သူဖြစ်နေသည်။

မန္တလေးကို ဂျပန်သိမ်းပြီးနောက် ဘီအိုင်အေစစ်သည်အချို့ သခင်မြသန်းတို့အစုနှင့် တွေ့ဆုံပြီးသော အခါတွင်ကား ဂျပန်က လက်ဘက်ရည်ပွဲ တည်ခင်းဧည့်ခံဖော်ရလေသည်။ မန္တလေးသည်ကား မြို့ပျက်ကြီး အဖြစ်နှင့်သာ တွေ့နေရတော့သည်။

(ဆက်လက်ဖော်ပြပါမည်)
                                                                                                                                                      

လင်းထင်