【ဆောင်းပါး】နွေးထွေးလာသည့် နှစ်ဘက်ဆက်ဆံရေး

【ဆောင်းပါး】နွေးထွေးလာသည့် နှစ်ဘက်ဆက်ဆံရေး

မေတ္တာတရားသည် အတိုင်းအဆပမာဏ ကျယ်ပြောလှသည်။ စကားဖြင့်လွယ်ကူစွာ ပြောနိုင်သော်လည်း ကျင့်ကြံဖို့ရန် ခက်ခဲသည်။ နားလည်ဆုံးနှင့်အလွယ်ကူဆုံးမှာ တစ်ဦးနှင့်တစ်ဦးကြားမှာ ထားရှိသည့် အကောင်းမြင်စိတ်နှင့် စေတနာတို့က အခြေခံအစလို့သာ မှတ်ယူလိုသည်။ ချစ်ကြည်ရင်းနှီးမှုတို့ကို အစပျိုးရင်း တစ်ဦးနှင့်တစ်ဦး၊ မိသားစုတစ်စုနှင့်တစ်စု၊ လူမျိုးစုတစ်စုနှင့်တစ်စု၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတို့ကို ရရှိစေသည်။ ထိုမှစ၍ ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်း အသီးအပွင့်များကို ခံစားကြရသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရွှေလီမြို့တွင် “နှလုံးသားချင်း လက်ချင်းဆက်” တရုတ်-မြန်မာလူ ငယ်ချစ်ကြည်ရေးဖလှယ်ရေးလှုပ်ရှားမှုကို ရွှေလီမြို့ ကျယ်ခေါင်မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။  

မူဆယ်ဒေသမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားပေါင်း ၄၀၀ ကျော် တက်ရောက်သော ချစ်ကြည်ရေး ဖလှယ်ရေးလှုပ်ရှားမှုတွင် နှစ်ဘက်နိုင်ငံမှ ကျောင်းသူကျောင်းသားကလေးများ၏ ပျော်ရွှင်သော ချစ်ကြည်ရင်းနှီးမှု ပုံရိပ်များကို အထင်းသားတွေ့မြင်ရသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နယ်နိမိတ်ချင်းထိစပ်ရာ မြို့နှစ်မြို့အကြား ချစ်ကြည်ရင်းနှီးမှုမှ အစပြုခဲ့သည့်  ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်း အသီးအပွင့်များကို ခံစားကြရခြင်းဖြစ်သည်။

“နှလုံးသားချင်း လက်ချင်းဆက်” တရုတ်-မြန်မာလူငယ်ချစ်ကြည်ရေးဖလှယ်ရေးလှုပ်ရှားမှုတွင် ရိုးရာအကများနှင့် တေးဂီတဖျော်ဖြေမှုများ၊ ဘတ်စကက်ဘောကစားခြင်း၊ မျက်မမြင်များ ပန်းခင်းခြင်းနှင့် စားပွဲတင်တင်းနစ် ကစားခြင်းများကို ပျော်ပျော်ပါးပါး ဆင်နွှဲကြသည်။

ရွှေလီမြို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ တယ်ဟုန်ခရိုင်အတွင်းက မြို့တစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံ၊ မူဆယ် မြို့နှင့် နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသော နယ်ခြားမြို့တစ်မြို့ဖြစ်သည်။ ရွှေလီတွင် ရှမ်းလူမျိုး၊ ဂျိန်းဖော့လူမျိုး၊ ဒယ်အန်လူမျိုး၊ လီဆူးလူမျိုးနှင့် အာချန်လူမျိုးတို့ နေထိုင်ကြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အကြီးဆုံးကုန်သွယ်မှုပြုလုပ်ရာ မူဆယ်မြို့သည်လည်း  စီးပွားရေးအရ အလွန်အချက်အချာကျဆုံး မြို့တစ်မြို့ ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအဖြစ် ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်ခရိုင်တွင် ၅၁ ရက်အကြာ နိုင်ငံဖြတ်ကျော်ဘောလုံးပြိုင်ပွဲကြီး ကျင်းပခဲ့ပါသည်။ နှစ်နိုင်ငံမှာ ဘောလုံး သမားများက ပွဲစဉ်ပေါင်း ၉၀ ကျော်ကို  ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၄ သင်းနှင့် ဘောလုံးအားကစားဝါသနာရှင် ၄၂၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဘောလုံးအားကစားသည် ယှဉ်ပြိုင်ကစားရသည့် အားကစားမျိုးဖြစ်သော်လည်း စည်းလုံးညီညွတ်မှုဖြင့် ပြသသည့် ကစားခြင်းမျိုးလည်းဖြစ်သလို ရင်းနှီးချစ်ကြည်မှု တိုးစေသည့် အခြေအနေရလာဒ်ကောင်းများလည်း ရစေခဲ့သည်။

မကြာသေးမီရက်ပိုင်းကလည်း တရုတ်-မြန်မာလူငယ်ချစ်ကြည်ဆွေးနွေးဖလှယ်ရေး လှုပ်ရှားမှုကို မန်စီမြို့တွင် ကျင်းပခဲ့သေးသည်။ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အတူတကွ ဖော်ကြူးလုပ်ဆောင်ကာ ခေတ်သစ်ကာလတွင် လူငယ်များ၏ အနာဂတ်အိပ်မက်တွေ များကို အတူတကွ တည်ဆောက်ဖန်တီးနိုင်ရန် အခြေအနေကောင်းများ ဖြစ်လာစေမည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင်ဖြစ်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ လည်း ဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ ကို တည်ဆောက်မည်ဖြစ်သည်။

ဇူလိုင် ၁၂ ရက်က ကျင်းပခဲ့သည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ရှိ ထမင်းစားဆောင်နှင့် အလုပ်ရုံအဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာနှစ်နိုင်ငံလုံးသည် တိုင်းရင်းသားလူမျိုးစုများပြားသည့် နိုင်ငံများဖြစ်ပြီး တိုင်းရင်းသား လူမျိုးအားလုံး ဖွံ့ဖြိုးတိုးတက်မှုမှ ကောင်းမွန်သောအနာဂတ်ကို အတူဖန်တီးကြမည်ဟု ပြောကြားခဲ့သည်။

မြန်မာပြည်တွင် တရုတ်ရိုးရာပွဲတော်များဖြစ်သည့်  တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်၊ တရုတ်သင်္ချိုင်း ကန်တော့ ပွဲတော်၊ တရုတ်လမုန့်ပွဲတော်တို့တွင် မြန်မာပြည်ဖွားတရုတ်လူမျိုးတို့နှင့်အတူ မြန်မာလူမျိုးများလည်း အတူဆင်နွှဲကြသကဲ့သို့ မြန်မာ့ရိုးရာပွဲတော်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်မုန်းလတွင် ကျင်းပသည့် မသိုးသင်္ကန်းကပ်လှူပွဲတော်၊ ကထိန်းပွဲတော်များ တွင်လည်း မြန်မာတို့နှင့်အတူ မြန်မာပြည်ဖွားတရုတ်လူမျိုးတို့ အတူယှဉ်တွဲကာ ဆင်နွှဲကြပါသည်။

ဆွေးမျိုးပေါက်ဖော်သည် တရုတ်-မြန်မာပြည်သူများ၏ အပြန်အလှန်ချစ်ကြည်ရင်းနှီးကြသည့် အခေါ်အဝေါ် ဖြစ်ပြီး ရှေးနှစ်ပေါင်းထောင်ချီကတည်းက ချစ်ကြည်ရင်းနှီးမှုတို့ကို ကိုယ်စားပြုခြင်းဖြစ်သည်။ မြန်မာနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် ရာစုနှစ်များအတွင်း သမိုင်းဝင်ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများဖြင့် ခိုင်မြဲစွာအမြစ်တွယ်နေသည့် သွင်ပြင်လက္ခဏာကို တွေ့ရှိရမည်ဖြစ်သည်။ ထိုသို့သော ဆွေမျိုးရင်းချာ ချစ်ကြည်ရင်းနှီးမှုသည် အချိန်ကာလကြာမြင့်လာမှုနှင့်အတူ ပိုမိုခိုင်မြဲလာကာ အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေလျက်ရှိသည်။

လက်ရှိတွင် ၇၃ နှစ်ကာလသို့ ရောက်ရှိလာသော တရုတ်-မြန်မာသံတမန်ဆက်ဆံရေးသည် နောင်နှစ်ပေါင်း များစွာ အထိတိုင်အောင်  နှလုံးသားချင်း လက်ချင်းဆက်နိုင်ကာ ရှေ့ဆက်လျက်ရှိပါသည်။

အမွန်