【ဆောင်းပါး】ပေကျင်းမြို့၏ ဗဟိုဝင်ရိုး (၁)

【ဆောင်းပါး】ပေကျင်းမြို့၏ ဗဟိုဝင်ရိုး (၁)

ပေကျင်းမြို့ (Beijing)ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုံးစိုက်ရာမြို့တော်ဖြစ်ပြီး တရုတ်ပြည်မြောက်ပိုင်းတွင် တည်ရှိတဲ့မြို့ကြီးတစ်ခုဖြစ်ကာ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မြို့ကြီးလည်းဖြစ်ပါတယ်။ ပေကျင်းမြို့မှာ နေထိုင်သူ ၁၇ သန်းကျော်ရှိပြီး တရုတ်ပြည်တွင်းမှာ

ရှန်ဟိုင်းမြို့မှလွဲရင် လူဦးရေအများဆုံးမြို့ ဖြစ်ပါတယ်။

တရုတ်သမိုင်းရဲ့အရေးပါတဲ့ ရှေးဟောင်းမြို့တော်ကြီး လေးမြို့ထဲမှာလည်း ပေကျင်းမြို့က တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 

ယွမ်မင်းဆက်(၁၂၇၁ ခုနှစ်- ၁၃၆၈ ခုနှစ်)တွင် စတင်ခဲ့တဲ့ ပေကျင်းမြို့၏ ဗဟိုဝင်ရိုးလမ်း (ခေါ်) ကျုံးကျိုရှန့် သည် မြို့တောင်ဘက် ရုန်တင့်ဂိတ်(ရုန်တင့်မန်)နှင့် မြောက်ဘက် ကူလိုမျှော်စင်နှင့် ကျုံးလိုမျှော်စင်အကြား  ၇ဒသမ ၈ ကီလိုမီတာရှိပြီး ပေကျင်းမြို့ရဲ့ အဓိကရှေးဟောင်းအဆောက်အဦ အများစုဟာလည်း ယင်းဝင်ရိုးလမ်းပေါ်တွင် တည်ရှိပါတယ်။

ပေကျင်းမြို့ ဗဟိုဝင်ရိုးလမ်းကြောင်းဟာ ရှေးခေတ်ပေကျင်းရဲ့ ကျောရိုးတိုင်ဖြစ်ပြီး အရှေ့တိုင်းယဉ်ကျေးမှု  ရှေးဟောင်းမြို့တော်၏ အစီအ စဉ်ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်း အမြင့်ဆုံးသောအောင်မြင်မှု အမှတ်သင်္ကေတ ဖြစ်ပါတယ်။

ယခုနောက်ပိုင်းနှစ်များအတွင်း ပေကျင်းမြို့ ဗဟိုဝင်ရိုးလမ်းကြောင်း နှစ်ဘက်တွင် ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း ၁၀၀ ကျော်ကို ဆောင်ရွက်ခဲ့ပါတယ်။

ပေကျင်းဗဟိုဝင်ရိုးဟာ  ယွမ်၊ မင်၊ ချင်းနဲ့ ခေတ်သစ်ဆိုတဲ့ ရာစုနှစ်(၇)ခုရဲ့ ပြောင်းလဲမှုကြီးတွေကိုဖြတ်သန်းခဲ့ဖူးတာကြောင့် ရှေးမြို့တော်ဟောင်းပေကျင်းရဲ့အားမာန်နဲ့ အသေးစိတ်အကြောင်းအရာတွေကို ဖော်ပြနေပြီး “ပေကျင်းမြို့ဟောင်းရဲ့ဝိညာဉ်နဲ့ကျောရိုး” လို့လည်း တင်စားကြပါတယ်။

ဗဟိုဝင်ရိုးကြောင်းတစ်လျှောက် မြောက်ကနေတောင်ကို ဝင်ရိုးကြောင်းနှစ်ဖက်အတိုင်း ရှေးခေတ်တော်ဝင်နန်းဆောင်အဆောက်အအုံတွေ၊ ရှေးခေတ်ပူဇော်တင်ဆက်တဲ့အဆောက်အအုံတွေ၊ ဒီနေ့ခေတ်အများပြည်သူဆိုင်ရာ အဆောက်အအုံတွေစတဲ့ အဓိက အဆောက်အအုံတွေပျံ့နှံ့တည်ရှိနေတာ ဖြစ်ပါတယ်။

ပေကျင်းဗဟိုဝင်ရိုးကြောင်းက တရုတ်ရိုးရာယဉ်ကျေးမှုရှင်သန်စေခြင်းကိုသယ်ဆောင်သူဖြစ်ပြီး တရုတ်ယဉ်ကျေးမှုအမွေအနှစ်တွေကို မှတ်တမ်းတင်ထားသလို အဆောက်အအုံတိုင်းက ပြည်တွင်း၊ ပြည်ပဗိသုကာ သမိုင်းမှာ အလွန်အရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။

တောင်ကနေမြောက်ထိ ပေကျင်းဗဟိုဝင်ရိုးကြောင်းကို ယေဘုယျအားဖြင့် (၅) ပိုင်းခွဲခြားထားပါတယ်။ အပိုင်း(၁) ကိုတော့ ယုံတင့်တံခါးကနေ ထျန်းချောင်ထိ ၊  အပိုင်း(၂)ကို ထျန်းချောင်ကနေ ကျန့်ယန်တံခါးထိ၊  အပိုင်း(၃)ကို ကျန့်ယန်တံခါးရဲ့မြို့ရိုးကနေ မြောက်ဘက်နန်းတော်ရဲ့အလယ်တံခါးထိ၊ အပိုင်း(၄)ကို အလယ်တံခါးကနေ ကျင်ရှန်းအထိဖြစ်ပြီး အပိုင်း(၅)ကိုတော့ ကျင်ရှန်းရဲ့မြောက်တံခါးကနေ ခေါင်းလောင်း စင်၊ စည်တော်စင်အထိ ဖြစ်ပါတယ်။

ပေကျင်းဗဟိုဝင်ရိုးကြောင်းရဲ့ အပိုင်း(၁) ဖြစ်တဲ့ ယုံတင့်တံခါးကနေ ထျန်းချောင်ထိအပိုင်းမှာတော့ မင်ခေတ်က ဆင်ခြေဖုံးယဇ်ပူဇော်တဲ့ဒေသဖြစ်ပါတယ်။

တရုတ်ဘုရင်များ မိုးနတ်မင်းနဲ့ မိုးလေဝသဆိုင်ရာနတ်မင်းတွေကို ပူဇော်တဲ့နေရာတွေဖြစ်ပြီး အဲဒီထဲမှာ ထျန်းထန်က ပေကျင်းမြို့ရဲ့တောင်ဘက်စွန်း၊ ပေကျင်းဗဟိုဝင်ရိုးကြောင်း အရှေ့ဘက်စွန်းစွန်းနေရာမှာ တည်ရှိပါတယ်။ စုစုပေါင်းမျက်နှာပြင်ဧရိယာ စတုရန်းမီတာ ၂ ဒသမ ၇၃ သန်းရှိကာ ရှေးဟောင်းနန်းတော်ရဲ့ ၄ဆ ဖြစ်ပါတယ်။

မင်နဲ့ချင်းခေတ်နှစ်ခေတ်ဘုရင်မင်းမြတ်တို့ မိုးနတ်မင်းပူဇော်ခြင်း၊ ကောက်ပဲသီးနှံနဲ့ မိုးလေဝသကောင်းဖို့ ဆုတောင်းတဲ့နေရာ ဖြစ်ပါတယ်။ ထျန်းထန်က ရှေးခေတ်ယဇ်ပူဇော်အဆောက်အအုံရဲ့ စံနမူနာပြဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ယူနက်စကိုကကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ထျန်းထန်ကိုအတွင်းစင်၊ အပြင်စင်နှစ်ပိုင်းခွဲထားပြီး အတွင်းစင်ကိုနံရံနဲ့ တောင်၊ မြောက်နှစ်ပိုင်းခွဲထားပါတယ်။ တောင်ပိုင်းကို “တောင်ကုန်းဝိုင်းစင်” အဖြစ် ဆောင်းအဝင်နေ့ မိုးနတ်မင်းပူဇော်ရာမှာသုံးပြီး အဓိက အဆောက်အအုံကတော့ ကြီးမားတဲ့အဝိုင်းပုံသဏ္ဍာန် ကျောက်စင်မြင့်ဖြစ်ကာ “ဟွမ်ချိုး” လို့ခေါ်ပါတယ်။

မြောက်ပိုင်းကိုတော့ “ကောက်ပဲသီးနှံ ဆုတောင်းစင်” အဖြစ် နွေဦးကာလကောက်ပဲသီးနှံတိုးပွားဖို့ ဆုတောင်းရာမှာသုံးပြီး အဓိကအဆောက် အအုံကတော့ နာမည်ကျော်ကြားတဲ့ နှစ်သစ်ဆုတောင်းနန်းဆောင်ဖြစ်ကာ နှစ်စဉ်များပြားလှတဲ့ပြည်တွင်း၊ ပြည်ပခရီးသွားတွေလာရောက်လေ့ရှိကြပါတယ်။

ခန့်မောင်

(ဆက်လက်ဖော်ပြပါမည်)