【ဆောင်းပါး】ပြည်ပပို့ကုန် မြန်မာ့ရွှေဖြူ

【ဆောင်းပါး】ပြည်ပပို့ကုန် မြန်မာ့ရွှေဖြူ

မြန်မာနိုင်ငံအတွင်းက ဒေသအသီးသီးမှာ စိုက်ပျိုးထားတဲ့ ရော်ဘာစိုက်ဧကပေါင်း ၁၆ သိန်းကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် ‌ရော်ဘာတန်ချိန် စုစုပေါင်းသုံးသိန်းကျော် ထွက်ရှိပါတယ်။

မြန်မာ့ရွှေဖြူလို့ တင်စားခေါ်ဝေါကြတဲ့ ရော်ဘာကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး မွန်ပြည်နယ်အတွင်းမှာ ရော်ဘာစိုက် ဧကငါးသိန်းခန့်ဖြင့် အများဆုံးဖြစ်ကာ ကရင်ပြည်နယ်မှာတော့ ရော်ဘာစိုက်ဧက ၂၇၀၀၀၀ နီးပါးဖြင့် ဒုတိယအများဆုံး စိုက်ပျိုးလျှက်ရှိပါတယ်။

ရော်ဘာပင်ဟာ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမျိုးမှာအများဆုံးဖြစ်ထွန်းကြပြီးတော့ နှစ်ရှည်ပင်မျိုးဖြစ်ပါတယ်။ စိုက်ပျိုးပြီး ၆နှစ်ကျော်အတွင်းမှာ အစေးခြစ်ထုတ်ယူရရှိနိုင်ပြီးတော့ သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း ၃ဝ ကျော် အထိအစေးခြစ်ယူ ထုတ်လုပ်နိုင်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးရော်ဘာစိုက်ဧက ၁၆သိန်းကျော်အနက် ဧကရှစ်သိန်းကျော်မှ ရော်ဘာစေးထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။ပြည်တွင်းမှထွက်ရှိတဲ့ ရော်ဘာစုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နေတာဖြစ်ပြီး ၈ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်းမှာ သုံးစွဲနေတာဖြစ်ပါတယ်။  

ဒါကြောင့် ရော်ဘာဟာ ပြည်ပစျေးကွက်ကိုသာ အားထားနေရတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းကိုတော့ အိမ်နီးချင်းတရုတ်နိုင်ငံသို့ တင်ပို့နေရတာလို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက ထွက်ရှိတဲ့ရော်ဘာကို တရုတ်အပြင် ထိုင်း၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန် စတဲ့နိုင်ငံများသို့လည်း တင်ပို့လျက်ရှိတယ်လို့ ဆိုပါတယ်။ရော်ဘာကို ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းအပြင် နယ်စပ်လမ်းကြောင်းတွေကပါ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

မြန်မာ့ရော်ဘာအား ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုကို လေ့လာရာတွင်  ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၁၈  သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၅၁၅၄ တန်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၁၉၆ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၄၂၉၉ တန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၂ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၇၅၁၈ တန်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၈၅၈၁ တန်ကို  တင်ပို့နိုင်ခဲ့ပါတယ်။

အလားတူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉၇  သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၄၁၃၅၅ တန် ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့ရော်ဘာတင်ပို့မှုမှာ စုစုပေါင်း ၁၄၉၀၅၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာ ၁၉၄ သန်း ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ၂၀၀၄၁၈ တန်  တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။

ဒါကြောင့် မြန်မာ့ရော်ဘာတင်ပို့မှုဟာ ၂၀၁၆-၂၀၁၇ နောက်ပိုင်းမှာ နှစ်စဉ်တန်ချိန် တစ်သိန်းကျော်ရှိလာပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်နောက်ပိုင်းမှာ တစ်နှစ်ကိုတန်ချိန် နှစ်သိန်းကျော် တင်ပို့လာနိုင်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုကနေ ဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်း ရရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ၁ ရက်ကနေ အခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းအထိ မြန်မာ့ရော်ဘာတန်ချိန် နှစ်သိန်းကျော်ကို ပြည်ပဈေးကွက်သို့ တင်ပို့ထားပြီးဖြစ်သလို ၂၀၂၃ ခုနှစ်အတွင်းမှာ ပြည်ပကိုရော်ဘာတန်ချိန် သုံးသိန်း တင်ပို့ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။  

ဒီထဲမှာ မြန်မာနိုင်ငံကထွက်ရှိတဲ့ရော်ဘာကို အများဆုံးဝယ်ယူနေတာ တရုတ်နိုင်ငံဖြစ်ပါတယ်။  တရုတ်နိုင်ငံရဲ့ ရော်ဘာကုန်ကြမ်းအသုံးပြုမှုကလည်း တခြားနိုင်ငံတွေထက်မြင့်မားတာကြောင့် မြန်မာအပါအဝင် ရော်ဘာစိုက်ပျိုးတဲ့ တခြားပြည်ပနိုင်ငံတွေကလည်း တရုတ်နိုင်ငံကိုသာ အဓိကတင်ပို့နေရတာကို တွေ့ရပါတယ်။

ပြည်ပနိုင်ငံတွေကို ရော်ဘာတင်ပို့ရာမှာ ဈေးကောင်းရရှိမှုကတော့ ကိုယ်တင်ပို့တဲ့ပစ္စည်းရဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးသတ်မှတ်ခြင်းဖြစ်လို့  အရည်အသွေးကောင်းတဲ့ပစ္စည်းတွေက ဈေးကောင်းပိုရတာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ မြန်မာနိုင်ငံကထွက်ရှိတဲ့ ရော်ဘာအမျိုးအစားဟာ တခြားပြည်ပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် စျေးကောင်းမရသေးပါဘူး။

သို့ရာတွင် ပြည်တွင်းမှာ အရည်သွေးမြင့်ရော်ဘာထုတ်လုပ်နိုင်ဖို့အတွက် လုပ်ဆောင်ချက်တွေကိုလည်း တွေ့နေရပါတယ်။ အမျိုးသားပို့ကုန်မဟာဗျူဟာရဲ့ ဦးစားပေးကဏ္ဍတွင် ထည့်သွင်းရေးဆွဲထားသော မြန်မာ့ရော်ဘာကို  ပြည်ပသို့  ကုန်ကြမ်းအဖြစ်သာ  တင်ပို့နေရာမှ  နိုင်ငံတကာအဆင့်မီ ကုန်ချောများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် တရုတ်နိုင်ငံ လန်ချန်း-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နဲ့ မြန်မာ့ရော်ဘာ၏ အရည်အသွေး မြှင့်တင်ရေးနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်ရေး စီမံကိန်းကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ ပြည်တွင်းရှိရော်ဘာအများဆုံး စိုက်ပျိုးထုတ်လုပ်သည့်ဒေသများဖြစ်သော  တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ  ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအား ပြည်ပမှ ရော်ဘာစိုက်ပျိုးထုတ်လုပ် ကျွမ်းကျင်ပညာရှင်များ ငှားရမ်းကာ သင်တန်းများသင်ကြားပို့ချတာဖြစ်ပါတယ်။

ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနဲ့ ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ တွေကိုလည်း ပြည်တွင်းကရော်ဘာအများဆုံးထွက်ရှိရာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ရော်ဘာသုံးစွဲမှုအခြေအနေမှာ နှစ်စဉ်တိုးတက်နေတာကြောင့် ပြည်ပဝယ်လိုအားကလည်း နှစ်စဉ် တိုးတက်နေမှာ ဖြစ်ပါတယ်။ မြန်မာ့ရော်ဘာကို စံအရည်အသွေးသတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ပြီဆိုရင် ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင်ရောင်းချနိုင်မှာဖြစ်သလို ရော်ဘာတင်ပို့မှုကနေ ရရှိတဲ့ဝင်ငွေဟာလည်း ပိုတိုးလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ့ရော်ဘာထုတ်ကုန်များ အရည်သွေးပိုမိုကောင်းမွန်ရန်အတွက် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။  

ခန့်မောင်