【ဆောင်းပါး】မြန်မာ့အဝတ်အထည်ဈေးကွက်ထဲက တရုတ် brand များ

【ဆောင်းပါး】မြန်မာ့အဝတ်အထည်ဈေးကွက်ထဲက တရုတ် brand များ

မိမိတို့ ဝတ်စားဆင်ယင်မှုဖက်ရှင်ဒီဇိုင်းများကို ကြိုက်နှစ်သက်ရာနိုင်ငံက နာမည်ကြီး အမှတ်တံဆိပ် (Brand)မျိုးစုံ ရွေးချယ်ခွင့်ရနေသော ယခုခေတ်တွင် တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ် အဝတ်အစားများကလည်း ကမ္ဘာ့နိုင်ငံတော်တော်များများမှာ နေရာယူလျက်ရှိပါသည်။ 

တရုတ်နိုင်ငံ၏ အဝတ်အထည်ထုတ်လုပ်ရေးလုပ်ငန်းက ပိုမိုအားကောင်းလာခဲ့သလို လက်ရှိတွင် ကမ္ဘာတစ်လွှားရှိ နိုင်ငံကြီးများအတွင်း ဖြန့်ကျက်နေရာယူနေပြီဖြစ်သလို ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ခြေဆန့်ကာ တရုတ်အထည်နှင့် အဝတ်အစားကုန်စည်ပြပွဲကို ၂၄ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သည်။ ယင်းပြပွဲတွင် တရုတ်လုပ်ငန်း ၇၈၀ ကျော် ပါဝင်ပြသခဲ့သည်။

တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှစ၍ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်မူဝါဒကို ကျင့်သုံးလာခဲ့ပြီးနောက် စီးပွားရေးဖွံ့ဖြိုးမှုများ အရှိန်အဟုန်မြင့်လာကာ မျက်မှောက်ခေတ်တွင် တိုးတက်သောနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစ၍ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှုကွင်းဆက်တွင် အရေးပါသော ထုတ်လုပ်သူ ဖြစ်လာပါသည်။

ကမ္ဘာတစ်ဝန်း ဝတ်စားဆင်ယင်မှု ဖက်ရှင်မျိုးစုံ ဖြစ်လာ၍ ယနေ့ခေတ်မြန်မာလူငယ်များလည်း ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်မှုကို နှစ်သက်လာကြသည်။ စတိုင်လ်ကျကာ ထီထွင်ဆန်းသစ်သည့် ထုတ်ကုန်အမှတ်တံဆိပ်များကို ပိုမိုနှစ်သက်လာကြသည်။

မြန်မာနိုင်ငံတွင် တရုတ်ထုတ်ကုန်များနှင့် မကင်းလွတ်သည့် အားလျော်စွာ အရည်အသွေးကောင်းကောင်းဖြင့် ထုတ်လုပ်လာသော တရုတ်အဝတ်အထည်များကို လူကြီး၊ လူငယ်များအကြား စိတ်ဝင်တစားဖြင့် ဝယ်ယူမှုရှိလာသည်။

တစ်ချိန်က ပြည်တွင်းတွင် အများဆုံးနေရာယူခဲ့သော ပြည်ပထုတ်ကုန်အများဆုံးမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သော်လည်း Made in Thailand ဟု ဖော်ပြထားသည့် ထိုင်း Made သည်‌ တရုတ်ထုတ်ကုန်များထက် ဈေးကွက်အတွင်းတွင် အောင်မြင်မှုရခဲ့သည်။

ထိုစဉ်အခါက ထိုင်းနိုင်ငံမှထုတ်လုပ်သည့် Made in Thailand ပစ္စည်းများမှာ အရည်အသွေးကောင်း၍ ဈေးကြီးနေသလို အရည်အသွေးကိုသာ နှစ်သက်ဝယ်ယူသူများကြား၌ တွင်ကျယ်ခဲ့သည်။ သို့ရာတွင် တရုတ်ထုတ်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုခဲ့ကြသည်။ တရုတ်ထုတ်ကုန်များသည် ဈေးသက်သာသော်လည်း အလွယ်တကူ ပျက်စီးမြန်သည်ဟု  ပြည်တွင်းဈေးကွက်တွင် သုံးသပ်ချက်များရှိသည်။  

ယနေ့ခေတ်တွင်မူ တရုတ်၊ ထိုင်းအပြင် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန် အစရှိသည့် နိုင်ငံများစွာ၏ Brand မျိုးစုံကို ဈေးကွက်ထဲတွင် စိတ်ကြိုက်ဝယ်ယူလို့ရနေပြီဖြစ်ရာ အဝတ်အထည် ဖက်ရှင်ဒီဇိုင်းများနှင့် ပတ်သက်၍ အရင်အချိန်ကထက် ပိုမိုရွေးချယ်နိုင်သော အခွင့်အလမ်းများ ရရှိလာသည်။

မြန်မာနိုင်ငံ၏ Shopping Center များ၊ အဝတ်အစားဖက်ရှင်ဆိုင်များနှင့် အွန်လိုင်းဈေးကွက်တွင် နိုင်ငံတကာမှ အရည်အသွေးကောင်း၊ စိတ်ကြိုက် Brand မျိုးစုံကို ဝယ်ယူဝတ်ဆင်နိုင်ပြီဖြစ်သည်။

ခေတ်မှီလာသော လူ့ပတ်ဝန်းကျင်တွင် အရည်အသွေးပိုင်းကို အဓိကထားလာသဖြင့် စျေးကွက်ယှဉ်ပြိုင်မှုများလည်း အားကောင်းလာလျက်ရှိသည်။ တရုတ်ထုတ်ကုန်များသည် ဈေးသက်သာပြီး အရည်အသွေးကောင်းများကို ထုတ်လုပ်လာနိုင်သဖြင့် မြန်မာပြည်က လူတန်းစာမျိုးစုံအတွက် သဟဇာတဖြစ်လာသည်။

နိုင်ငံတကာတွင်ပါ အဝတ်အထည်ဈေးကွက် ထိုးဖောက်မှုအားကောင်းလာသော တရုတ်နိုင်ငံ၏ လစဉ်ပျမ်းမျှ အထည်အလိပ်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံကျော်ရှိသည်ဟု သိရသည်။ ယင်းအခြေအနေသည် ၂၀၂၃ ခုနှစ်အတွင်းတွင်ဖြစ်ပြီး ကိုဗစ်-၁၉ ကာလကတော့ ထုတ် လုပ်၊ ရောင်းဝယ်မှု အားလျော့ကျခဲ့ပါသည်။

စျေးကွက် အားပြိုင်မှုပြင်းထန်ချိန်တွင် ကုန်ကြမ်း၊ နည်းပညာ၊ ထုတ်လုပ်မှုစရိတ် စသည်ဖြင့် အားသာချက်ရှိသည့် Brand များမှာ စျေးကွက်အသာစီးရစမြဲဖြစ်သည်။ ထိုသို့သော ထုတ်ကုန်များတွင် ယနေ့ခတ်၌ တရုတ်ထုတ် အဝတ်အထည်ပစ္စည်းများမှာ စျေးကွက်အတွင်း အသာစီးရလာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် ခေတ်မီနည်းပညာများကို အသုံးပြုလာနိုင်သည့်အတွက် လုပ်သားကုန်ကျစရိတ် လျော့ကျကာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင်လည်း ကုန်ကြမ်းအပါအဝင် ကုန်ကျစရိတ်ကို လျော့ပါးအောင် လုပ်ဆောင်နေသည့် အားသာချက်များစွာ ကို ပိုင်ဆိုင်ထားလျက်ရှိသည်။ ထိုအခြေအနေကောင်းများကြောင့် လက်လီလက်ကား အခြေအနေမျိုးဖြင့် သက်သာသည့်စျေးနှုန်းကို ရောင်းချနိုင်သည်ဟု သိရသည်။

ရှေးအစဉ်အလာ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများ၊ မြန်မာလူမျိုးတို့၏ အမျိုးသား၊ အမျိုးသမီးဝတ် လုံချည်များ၊ တိုက်ပုံနှင့်ပင်နီစများ၊ ချည်ထည်များ အစရှိသဖြင့် ရှေးရိုးရာ ဝတ်စားဆင်ယင်မှုကလည်း ထင်ရှားလှပါသည်။

ခေတ်နှင့်အညီ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်လာကြသော လူငယ်၊ လူကြီးများကြားတွင် တရုတ်နိုင်ငံထုတ် အဝတ်အစား Brand များကလည်း မြန်မာအဝတ်အထည်ဈေးကွက်၌ ယနေ့ မျက်မှောက် ခေတ်ကာလ၌ အခိုင်အမာ နေရာယူလာခဲ့ပြီဖြစ်သည်။

အမွန်