【ဆောင်းပါး】မြေသားတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းမြို့

【ဆောင်းပါး】မြေသားတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းမြို့

တရုတ်နိုင်ငံရဲ့တိုင်းရင်းသားလူနည်းစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခုထဲက တစ်ခုအပါဝင်ဖြစ်တဲ့ ရှင်းကျန်း-ဝီဂါလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ တည်ရှိပါတယ်။

ဒီဒေသဟာ တရုတ်နိုင်ငံနယ်နိမိတ် စုစုပေါင်းမျက်နှာပြင်ဧရိယာရဲ့ ၆ ပုံ ၁ ပုံစာရှိပါတယ်။ တရုတ်နိုင်ငံရဲ့ကုန်းမြေ မျက်နှာပြင်အကျယ်ဝန်းဆုံး ပြည်နယ်အုပ်ချုပ်ရေးဒေသလည်းဖြစ်သလို ဧရိယာဟာ ၁ ဒသမ ၆၆၄၉သန်းစတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်။

ရှင်းကျန်းဒေသရဲ့ အဓိကခရီးသွားမြို့ကြီးတွေက အူးလူမုချီ(Urumqi) ၊ကတ်ရှ်ဂါမြို့(Kashgar)၊ ရီးလီမြို့(Ili)၊ ခုအောလဲ့မြို့(Korla)နဲ့တာပန်မြို့(Turpan)တို့ပဲဖြစ်ကြပြီး အဲဒီမြို့တွေရဲ့အနီးအနားတစ်ဝိုက်မှာလည်း နှင်းတောင်၊ မြက်ခင်းပြင်၊ ကန္တာရ၊ မြေနိမ့်ချိုင့်ဝှမ်းအစရှိသော သဘာဝရှုခင်းများကို ပိုင်ဆိုင်ထားပါတယ်။

အလားတူ ရှေးယခင်တစ်ချိန်က စည်ကားခဲ့တဲ့ပိုးလမ်းမကြီးဟာလည်း ရှင်းကျန်းဒေသအတွက် အရောင်အသွေးစုံလင်တဲ့ အရှေ့တိုင်း၊ အနောက် တိုင်းယဉ်ကျေးမှုတွေ ယူဆောင်လာပေးခဲ့ပါတယ်။

ရှင်းကျန်းဒေသရဲ့နေရာအနှံ့မှာ ယဉ်ကျေးမှုအငွေ့အသက်တွေများစွာတည်ရှိသလို အရေအတွက်များပြားလှတဲ့ ရှေးဟောင်းမြို့တွေနဲ့လိုဏ်ဂူတွေဟာ တန်ဖိုးအရှိဆုံးယဉ်ကျေးမှုအမွေအနှစ်နဲ့ ခရီးသွားအရင်းအမြစ်ဖြစ်လာခဲ့ပါတယ်။

ဒီဒေသမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲမှာ ရှေးဟောင်းမြို့ ကျောင်းဟော်(Jiaohe) ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ရှေးဟောင်းမြို့ကျောင်းဟော်(Jiaohe)ဟာ တာပန်မြို့၊ ကောင်းချန်းမြို့နယ် အနောက်ဘက်မြို့ပြင် ၁၀ ကီလိုမီတာအကွာက ယားအောနိုင်ကျစ်တောင်ကြားထဲမှာတည်ရှိပြီး စုစုပေါင်းမျက်နှာပြင်ဧရိယာ ၃၇ ဒသမ ၆ ဟက်တာရှိပါတယ်။

ကမ္ဘာပေါ်မှာ ထိန်းသိမ်းမှုအကောင်းဆုံးနဲ့ သက်တမ်းအကြာမြင့်ဆုံး၊ အကြီးကျယ်ဆုံးမြေသားနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရှေးခေတ်အဆောက်အအုံမြို့တော်တစ်ခုဖြစ်ပြီး ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ရှေးဟောင်းမြို့ ကျောင်းဟော်(Jiaohe) ဟာ ရှင်းကျန်းဒေသရဲ့ အဓိကဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခုဖြစ်နေပါတယ်။

မှတ်တမ်းတွေအရတော့ ဘီစီ ၆၀ မှာ အနောက်-ဟန်မင်းဆက် (Western Han Dynasty)ဟာ ကျောင်းဟော်မြို့မှာ အနောက်ဘက်ဒေသကာကွယ်ရေးရုံးတော်တည်ဆောက်ခဲ့ပြီး အနောက်ဘက်ဒေသကို တရုတ်နိုင်ငံမြေပုံထဲ တရားဝင်ထည့်သွင်းခဲ့တဲ့သဘော ဖော်ပြထားပါတယ်။  

ထို့အတူ ထန်မင်းဆက်ခေတ်မှာ အနောက်ဘက်ဒေသရဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အန်းရှီးကာကွယ်ရေးရုံးတော်ကိုလည်း ဒီနေရာမှာပဲတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းဟော်ရှေးဟောင်းမြို့ကို အလွှာအထပ်ထပ်ခံတပ်တည်ဆောက်ထားတာကြောင့် နှစ်ထောင်ချီကြာ အချိန်တိုက်စားမှုတွေကိုဖြတ် သန်းလာခဲ့ပေမယ့် ရှေးဟောင်းမြို့ရဲ့အဓိက ဖွဲ့စည်းတည်ဆောက်မှုတွေဟာ အံ့ဩဖွယ်ရာမပျက်မစီးပဲ ဒီနေ့အထိကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၂၃၀၀ ကြာ သမိုင်းကြောင်းရှိပြီဖြစ်တဲ့ ဒီရှေးဟောင်းမြို့တော်မှာ အဝင်အထွက်လုပ်လို့ရတဲ့ တံခါးနှစ်ပေါက်သာရှိပြီး တစ်ခုမှာအနောက်တောင်ထောင့်တွင်ရှိပြီး တစ်ခုကတော့ အရှေ့ဘက်မှာတည်ရှိတာဖြစ်ပါတယ်။

ဒီဒေသဟာ တစ်ချိန်တုန်းကပိုးလမ်းမကြီးရဲ့ ပို့ဆောင်ဆက်သွယ်ရေး အခရာကျတဲ့နေရာလည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဒီရှေး ဟောင်းမြို့ဟာ ပိုးလမ်းမကြီးရဲ့အရေးပါတဲ့ ရှေးဟောင်းအဆောက်အအုံရုပ်ကြွင်းတွေထဲက တစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်။

ရှင်းကျန်းဒေသမှာရှိတဲ့ ရှေးဟောင်းမြို့ကျောင်းဟော်(Jiaohe)ဟာ ပိုးလမ်းမကြီးရဲ့စည်းကားမှုနဲ့ ယဉ်ကျေးမှုဖလှယ်ခဲ့ရာ တိုးတက်တဲ့ခေတ်ကို မျက်မြင်သက်သေပြုခဲ့သလို ကမ္ဘာပေါ်မှာ အကြီးဆုံး၊ ရှေးအကျဆုံးနှင့် ထိန်းသိမ်းထားနိုင်သော အကောင်းဆုံးမြေသားမြို့ဟောင်းတစ်ခုပဲဖြစ်ပါတယ်။

ခန့်မောင်