【ဆောင်းပါး】ရန်ကုန်မြို့ရဲ့ ခရီးသည်ပို့ဆောင်ရေး၌ မြင်ရဖွယ်ရှိသည့် တရုတ် EV ဘတ်စ်များ

 【ဆောင်းပါး】ရန်ကုန်မြို့ရဲ့ ခရီးသည်ပို့ဆောင်ရေး၌ မြင်ရဖွယ်ရှိသည့်  တရုတ် EV ဘတ်စ်များ

ရန်ကုန်မြို့၏ ခရီးသည်ပို့ဆောင်ရေးတွင် လက်ရှိအချိန်၌ စီးတီးဘတ်စ်များကို အများအပြား အသုံးပြုနေပြီဖြစ်သည်။ ယခင်က အသုံးပြုခဲ့သော ချက်ပလက်၊ ဒိုင်နာ၊ ဟိုင်းလပ် စသည့် ယာဉ်များ၏နေရာတွင် ခေတ်မီကာ လှပသေသပ်သည့် စီးတီးဘတ်စ်များကို ရန်ကုန်မြို့အတွင်း တွင် ကျယ်စွာ မြင်လာရပြီဖြစ်သည်။

ညံ့ဖျင်းကာ စုတ်ပြတ်နေသည့် မြင်ကွင်းနှင့် ဝန်ဆောင်မှုများနေရာတွင် ခေတ်မီသစ်လွင်သော စီးတီးဘတ်စ်ယာဉ်ကြီးများက လွန်ခဲ့သော ငါးနှစ်ကျော်ဝန်းကျင်လောက်မှ စတင်ကားပြောင်းလဲလာခဲ့ပေသည်။ ဝန်ဆောင်မှုဟူသော အသီးအပွင့်များ၏ အနှစ်သာရနှင့် အကျိုးရလဒ်များကို ခရီးသည်များက လက်တွေ့ခံစားရခြင်းဖြစ်သည်။ အဓိကအားဖြင့် Yutong , Ankai နှင့် Foton အမှတ်တံဆိပ် အမျိုးအစား ယာဉ်အသစ်များကို တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။ ထိုအမှတ်တံဆိပ်များမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လုပ်ငန်းသုံးမော်တော်ယာဉ်များ၏ ထိပ်တန်းအမှတ်တံဆိပ်ကုမ္ပဏီလည်းဖြစ်သည်။ တရုတ်နိုင်ငံအတွင်းတွင် လူကြိုက်များရုံသာမက မြန်မာအပါအဝင် နိုင်ငံတကာစျေးကွက်အတွင်းသို့ပင် တင်ပို့ရောင်းချနေသည့် ယာဉ်များလည်း ဖြစ်သည်။

ပူပြင်းမှုကို ပိုမိုကာနှစ်စဉ်ကြုံတွေ့နေသည့် ရန်ကုန်မြို့အနေဖြင့် ဘတ်စ်ကားအသစ်များကို ပြောင်းလဲအသုံးပြုရာတွင် ရာသီဥတုနှင့် လျော်ညီသည့် အဲယားကွန်းစနစ်လည်းဖြစ်ရန် အရေးကြီးလာခဲ့သည်။ ထိုသို့ အရေးကြီးသည့်အချက်ကို ဘတ်စ်ကားများထုတ်လုပ်သည့် ကုမ္ပဏီများက ကြိုတင်မှန်းဆထားနိုင်သည့် အားလျော်စွာ မြန်မာနိုင်ငံသို့ ရောင်းချခြင်း မပြုမီ အသုံးပြုမည့် ရန်ကုန်မြို့၏ ရာသီဥတုအခြေအနေ၊ အပူပြင်းဆုံးကာလတွင် အမြင့်ဆုံးဖြစ်နိုင်သော အပူချိန်အခြေအနေတို့ကို တွက်ဆ၍ လေ့လာမှုများပြုလုပ်ပြီးမှ သုံးစွဲမည့်နေရာဒေသနှင့်လျော်ညီသည့် အဲယားကွန်းစနစ်မျိုး စီစဉ်ကာ ထုတ်လုပ်ရောင်းချလာနိုင်ခဲ့သည်။

ထို့ကြောင့်ပင် တရုတ်ကုမ္ပဏီများက ထုတ်လုပ်သည့် ဘတ်စ်ကားအသစ်ကြီးများမှာ ကိုရီးယား၊ ဂျပန်ဘတ်စ်ကားများနှင့် နှိုင်းယှဉ်ပါက သွင်ပြင်ပုံစံဒီဇိုင်းများအပိုင်း၊ အဲယားကွန်းအပိုင်း စသည်တို့တွင် အားသာချက်များရှိလာသည်မှာ ယင်းကဲ့သို့ ကွင်းဆင်းလေ့လာ၍ စနစ်တကျ ထုတ်လုပ်နိုင်လာခြင်းကြောင့်ပင်ဖြစ်သည်။ တရုတ်ထုတ်နည်းပညာဟု ဆိုသော်ငြားလည်း အဆင့်မြင့်စွာအသုံးပြုထားသည့် နည်းပညာကြောင့် ခရီးသည်များအဖို့ နှစ်သက်မှုပိုလာစေခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်လွှား၌ လောင်စာဆီအသုံးပြုမှုမှ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေသည့် ဖန်လုံအိမ်အာနိသင် ထုတ်လွှတ်မှုများကို လျှော့ချရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံဆလုပ်ဆောင်ရာတွင် ဘတ်စ်ကားစနစ်တွင်လည်း EV ဘတ်စ်ကားများကို ထုတ်လုပ်သုံးစွဲလာပြီဖြစ်သည်။ သဘာ၀ ပတ်ဝန်းကျင် ကောင်းမွန်စေရေးအတွက် ထောက်အကူပြုလာသည့် စနစ်မျိုးလည်း ဖြစ်ခြင်းကြောင့် EV ဘတ်စ်ကားများမှာ တစ်ခေတ်ဆန်းလာခဲ့သည်။ ကမ္ဘာကြီးပူနွေးမှုလျှော့ချရေး၊ ဖန်လုံအိမ်အာနိသင် ထုတ်လွှင့်မှု လျော့ပါးရေးတို့အတွက် ထိပ်ဆုံးကအားတက်သရော လုပ်ဆောင်နေသည့် တရုတ်နိုင်ငံအဖို့ EV ဘတ်စ်ကားမှာ စျေးကွက်အလားလာကောင်းများကို ဖန်တီးပေးနိုင်စွမ်းဖြစ်လာခဲ့သည်။

EV စနစ်သုံး အိမ်စီးကားများကို တွင်ကျယ်စွာထုတ်လုပ်လာနိုင်သလို EV ဘတ်စ်ကားကြီးများကိုလည်း အသုံးပြုလာနိုင်ကာ တွင်ကျယ်သည့် အခြေအနေမျိုးဖြစ်လာစေခဲ့သည်။ လက်ရှိတွင်လည်း တရုတ်နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် EV ဘတ်စ်ကားကြီးများကို ဂုဏ်ယူဝင့်ကြွားစွာ အသုံးပြုနိုင်ပြီး ခရီးသည်များစွာအတွက် ထိရောက်သည့်ပို့ဆောင်ရေးဝန်ဆောင်မှုတာဝန်ကို ထမ်းဆောင်နေပြီဖြစ်သည်။

လက်ရှိတွင် EV ကားများကို တွင်ကျယ်စွာ အသုံးပြုလာကာ ရေပန်းစားလာခြင်းမှာ အားသာချက်များစွာရှိလာခြင်းကြောင့် ဖြစ်သည်ဟူ၍လည်း ပညာရှင်အချို့က သုံးသပ်ထားကြသည်။ EV ကားများမှာ ဖန်လုံအိမ်အာနိသင်ထုတ်လွှတ်မှုအပေါ် သိသာစွာ လျှော့ချနိုင်ခြင်း၊ ဆူညံသံနှင့် ညစ်ပေမှုများကို လျှော့ချနိုင်ခြင်း၊ ဒီဇယ်၊ ဓာတ်ဆီတို့ထက် လောင်စာ သုံးစွဲမှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ကာ အားသာချက်များစွာရှိခဲ့သည်။

EV ကားနည်းပညာများတွင် အဓိကကျသည့် ဘက်ထရီစွမ်းဆောင်ရည်နည်းပညာမှာ ကမ္ဘာတစ်ဝန်းက EV ကားထုတ်လုပ်ရာ ကုမ္ပဏီတွေကြား တရုတ်၏ထုတ်လုပ်မှုမှာ အားသာချက်များ ရှိနေခဲ့သည်။ အသုံးပြုနိုင်သည့် ဘက်ထရီ၏ ကြာမြင့်ချိန်၊ သုံးစွဲနိုင်သော အကွာအဝေးအနေအ ထားနှင့် ပြန်လည်အားသွင်းသည့်အခါ လျင်မြန်စွာအားဝင်ရောက်နိုင်မှု အခြေအနေများက အားသာချက်ဖြစ်စေခဲ့သည်။ ထိုအားသာချက်ကို အခြေခံကာ လက်ရှိတွင် တရုတ်ထုတ် EV ကားများက စျေးကွက်ကို လွှမ်းမိုးလာခဲ့သည်။ ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကလည်း EV ကားများကို အချိန် ၁၂ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်းလောက်အထိ အားပြန်ပြည့်စေသည့် အားသွင်းစနစ်ကို တရုတ်လျှပ်စစ်ကားကုမ္ပဏီ NIO စတင်မိတ်ဆက်ခဲ့ရာ တရုတ်နိုင်ငံ၏ EV စနစ်အတွက် တိုးတက်မှုအခြေအနေကို လှစ်ဟပြလိုက်ခြင်းလည်းဖြစ်စေခဲ့သည်။

ထိုကဲ့သို့သော အားသာချက်များကြောင့် မြန်မာနိုင်ငံတွင်လည်း EV ကားများကို တင်သွင်းသုံးစွဲရာတွင် တရုတ်ထုတ် ကားများက သုံးစွဲသူများပြားသည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။ ပြည်တွင်းရှိ အဝေးပြေးကားလိုင်းတစ်ခုကလည်း မိုင် ၂၀၀ ပတ်လည် အကွာအဝေး ခရီးစဉ်တွေကို အခြေခံကာ EV ဘတ်စ်ကားများကို အသုံးပြုပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ခရီးစဉ်များအတွင်း စီစဉ်မှုများလည်း ရှိနေကြသည်။

ရန်ကုန်မြို့၏ ဘတ်စ်ကားစနစ်အတွင်း စီးတီးဘတ်စ်ကားကြီးတွေကို ပြောင်းလဲခဲ့သလို လျှပ်စစ်သုံး EV ဘတ်စ်ကားကြီးများအဖြစ် ပြောင်းလဲရန်လည်း စီစဉ်မှုများရှိလာကာ လိုအပ်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်နေလျက်ရှိသည်။ လက်ရှိတွင်လည်း ပြီးခဲ့သော လပိုင်းအတွင်းက လျှပ်စစ် EV ဘတ်စ်ကားများ ထုတ်လုပ်ရောင်းချမှုနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၌ ဆွေးနွေးမှုများလည်း ရှိခဲ့သလို ကုမ္ပဏီအသီးသီးမှ ၎င်းတို့ထုတ်လုပ်နေသည့် EV ဘတ်စ်ကားများကို ရှင်းလင်း ပြသခဲ့သေးသည်။

ပြီးခဲ့သော မေလ ၁၅ ရက်တွင် Yutong Bus Co.,Ltd မှလည်းကောင်း၊ မေလ ၁၇ ရက်တွင် Geely Holdings Co.,Ltd မှ လည်းကောင်း၊ မေလ ၂၂ ရက်တွင် Zhongtong Holdings Co.,Ltd မှ လည်းကောင်း၊ မေလ ၂၄ ရက်တွင် Kinglong International Trading Co.,Ltd မှ လည်းကောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးသို့ လာရောက်ကြကာ အစည်းအဝေးခန်းမ၌ လျှပ်စစ် EV ဘတ်စ်ကားများ ထုတ်လုပ်နေသည့်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံမှ EV ဘတ်စ်ကားများက မြန်မာစျေးကွက်သို့ ခြေဆန့်နိုင်ရန်သာမကဘဲ အလယ်အာရှဒေသ၊ အရှေ့ဥရောပဒေသနှင့် ဥရောပဒေသတို့တွင် ခြေဆန့်ကာ ထိုးဖောက်နေပြီဖြစ်သလို ဆက်လက်၍လည်း စျေးကွက်ကို ကျယ်ပြန့်အောင် ထိုးဖောက်ရန် ပြင်ဆင်နေခြင်းများရှိသည်။ ယခုလဆန်းပိုင်းကလည်း ကာဇက်စတန်နိုင်ငံရှိ မြို့တော် Astana သို့ တရုတ်နိုင်ငံမှ လွှဲပြောင်းပေးပို့သည့် ဘတ်စ်ကားအစီး ၅၀ တွင် EV ဘတ်စ်ကားများလည်း ပါဝင်နေလျက်ရှိသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် လျှပ်စစ် EV ကားများကို ထုတ်လုပ်မှုနှင့် ရောင်းချခြင်းများ၌ ကမ္ဘာပေါ်တွင် ဦးဆောင်သူအဖြစ် ရှိနေသလို အနာဂတ်တွင်လည်း ပိုမိုအဆင့်မြင့်သည့် EV ဘတ်စ်ကားများကို ထုတ်လုပ်လာကာ EVကဏ္ဍသည်လည်း ဖွံ့ဖြိုး၍ ကြီးထွားလာဦးမည်ဖြစ်သည်။

လက်ရှိတွင်လည်း ရန်ကုန်မြို့ရှိ ဘတ်စ်ကားများကို EV ဘတ်စ်ကားများ သုံးစွဲရန် ဆွေးနွေးမှုများရှိနေပြီး လိုအပ်သည့် အစီအစဉ်များကို ပြင်ဆင်ထားမှုကြောင့်လည်း ရန်ကုန်မြို့၏ အနာဂတ်ခရီးသည်ပို့ဆောင်ရေးတွင် EV ဘတ်စ်ကားများကို မြင်တွေ့ရဖွယ်အခြေအနေများက ဖြစ်လာနိုင်တော့မည်ကို ယူဆရပေတော့သည်။

ဧပရယ်လ်