【ဆောင်းပါး】သစ်ပင်သစ်တောများ ပြန်လည်စိမ်းလန်းစေရာဝယ်

【ဆောင်းပါး】သစ်ပင်သစ်တောများ ပြန်လည်စိမ်းလန်းစေရာဝယ်

တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတု၏ အစွန်းရောက်အခြေအနေ၊ သဘာဝဘေးအန္တရာယ်များကို ကမ္ဘာတစ်ဝန်း ခံစားနေရသည်။ ထိုအထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကပေးသော အသိတရားတို့နှင့် မကြာသေးခင်က ရခိုင်ပြည်နယ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့သော မိုခါမုန်တိုင်းတို့ကပေးသော အသိတရားတို့က သစ်တော၊ ဒီရေတောများ၏ အလွန်အရေးပါမှုကို မီးမှောင်းထိုးပြနေပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ နှစ်စဉ်နှစ်တိုင်း ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (World Environment Day) အဖြစ်သတ်မှတ်ပြီး ဇူလိုင် ၂၆ ရက်နေ့ကို နိုင်ငံတကာ ဒီရေတော ဂေဟစနစ် ထိန်သိမ်းရေးနေ့ (International Day for the Conservation of the Mangrove ecosystem) နေ့အဖြစ် သတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံအတွက် ဒီရေတောများ ထိန်းသိမ်းခြင်း အလွန်ပင် လိုအပ်ပါသည်။ ဒီရေတောများသည် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် မှီတင်းနေထိုင်လျက်ရှိသော လူသားတို့အတွက် များစွာအကျိုးပြုလျက်ရှိသည်။

သစ်တောများပြုန်းတီးလာမှုနှင့် ဂေဟစနစ်များ ပျက်စီးမှုကို ကုစားမှရမည့် အနေအထားမျိုးတွင် လူသားတို့သည် စိမ်းလန်းသောဝန်းကျင်ကို ပိုမိုနှစ်သက်လာသည်။ ယခုနောက်ပိုင်း ရန်ကုန်အပါအဝင် မြို့ပြဒေသများရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ကြီးများ အနီးဝန်းကျင်တွင်လည်း အပင်များဝေဝေဆာဆာ စိုက်ပျိုးလာကြသည်။ လူနေအိမ်များ၊ မြို့ပြင်၊ မြို့တွင်း လမ်းဘေးဝဲယာများ၊ ပန်းခြံများတွင်လည်း သစ်ပင်စိုက်ပျိုးမှုများ ပိုမိုပြုလုပ်လာသည်။ စိမ်းလန်းသောဝန်းကျင်၏ အေးမြမှုကို တန်ဖိုးထားတတ်လာကြသည်။

ကိုဗစ်-၁၉ကာလနောက်ပိုင်း ပုံစံပြောင်းလာသည့် ခရီးသွားလာခြင်းမျိုးတွင်လည်း တစ်နေရာထဲ လူစုလူဝေး သွားလာခြင်းမျိုးမှ ရေတံခွန်များရှိရာသို့ လည်ပတ်ခြင်း၊ သစ်ပင်သစ်တောများဖြင့် အေးချမ်းစိတ်ငြိမ်သော နေရာများသို့ သွားလာလည်ပတ်ခြင်းတို့ကို ပို၍စိတ်ဝင်တစား သွားလာမှုများလာသည်။  

နိုင်ငံအဆင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းများကို စီမံကိန်းနှင့်အညီ ဆောင်ရွက်နေသကဲ့သို့ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့များ၊ ကုမ္ပဏီများ၏ CSR လှုပ်ရှားမှုစီမံကိန်းများတွင် သစ်ပင်စိုက်ပျိုးခြင်းများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာပါ သည်။

တရုတ်နိုင်ငံရှိ ပေကျင်းမြို့တွင် အမျိုးသားဂေဟစနစ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးညီလာခံကို ဇူလိုင် ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က အစိမ်းရောင်နောက်ခံ စီးပွားရေးစနစ်များ တည်ဆောက်၍ လူနှင့်သဘာဝတရားသဟဇာတဖြစ်စွာဖြင့် အတူယှဉ်တွဲနေထိုင်ခြင်းကို အရှိန်အဟုန်မြှင့်တင်ရန် အဆိုပြုခဲ့သည်။

ညီလာခံတွင် တရုတ်သမ္မတက အပြာရောင်မိုးကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်များ၊ ကြည်လင်သော ရေပြင်နှင့် စိမ်းလန်းစိုပြေသော ကမ်းရိုးတန်းမှာ ငါများလွတ်လပ်စွာ ကူးခက်ရှင်သန်နေခြင်း၊ တေးသီငှက်သံလေးများ ပျံ့လွင့်နေပြီး ပန်းမန်အပေါင်း ဝေဆာစွာပွင့်လန်းနေသော ကျေးလက်ရှုခင်းကို ထိန်းသိမ်းထားခြင်း၊ တောတောင်ရေမြေများ အရောင်အသွေးစုံလင်စွာ တည်တံ့နေခြင်းတို့ဖြင့် နောင်လာနောင်သားများအတွက် တောတောင်ရေမြေ စိမ်းလန်းစိုပြေလှပနေသော ဂေဟပတ်ဝန်းကျင်ကို ဖန်တီး၍ သာယာလှပသောတရုတ်နိုင်ငံ ဖြစ်စေရန် ရည်ညွှန်းပြောဆိုခဲ့သည်။   

တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်အစောပိုင်းတွင် နိုင်ငံတစ်ဝှမ်း သစ်တောလွှမ်းခြုံမှု ၁၂ ရာခိုင်နှုန်းသာရှိရာမှ ၂၀၂၂ ခုနှစ်အတွင်း ၂၄ ဒသမ ၀၂ ရာခိုင်နှုန်းအထိ တိုးလာသည်။ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် သစ်တောဧရိယာ စုစုပေါင်းဟက်တာ ၃ ဒသမ ၈၃ သန်းထပ်မံစိုက်ပျိုးခဲ့ပြီး မြက်ခင်းပြင်ဟက်တာ ၃ ဒသမ ၂၁ သန်း အဖြစ် မြက်များစိုက်ပျိုး၍ ပြန်လည်ထူထောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ သစ်တောသယံဇာတ ဆန်းစစ် ၏လေ့လာခြင်း အစီရင်ခံစာ(FRA)အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏  ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း ရှိရာမှာ ၂၀၁၀ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၂၀ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျလာပါသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် အပူပိုင်းမိုးနည်းဒေသဖြစ်သည့် အညာဒေသတွင် သစ်ပင်များပိုမိုလျော့နည်း လာသည်။ ဇူလိုင်လအတွင်းမှာပင် နှမ်းခင်း၊ မြေပဲခင်းတို့ အခြေအနေမကောင်းဖြစ်နေသည်ဟု မကွေးတိုင်း ဒေသကြီး၏ ဒေသခံများထံမှ သိရသည်။ နိုင်ငံနှင့်တစ်ဝှမ်း သစ်ပင်စိုက်ပျိုးမှုများ ပိုမိုပြုလုပ်လာပြီး ၂၀၂၃ ခုနှစ်တွင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၁၉ သန်း စိုက်ပျိုးရန် လျာထားသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားသစ်တောကဏ္ဍ ရည်မှန်းချက်အဖြစ် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းရေးနှင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရသည်။

သစ်ပင်သစ်တော၏ တန်ဖိုးများ၊ ဂေဟစနစ်၏ အရေးပါမှုကို နားလည်လာ၍ ဥရောပနိုင်ငံများတွင် ကျောင်းသင်ခန်းစာများ၌ Ecosystem အကြောင်းကို လက်တွေ့သင်ယူမှုများ ရှိလာပါသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ဇွန်လတိုင်း အဖွဲ့လိုက် သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြသည်။ ထိုသို့ သစ်ပင်စိုက်ပွဲများ ပြုလုပ်ရာတွင် စိုက်ပျိုးပြီးနောက်မကြာခင် ရက်ပိုင်းအတွင်း အပင်များပြန်လည်သေသွားမည့် အခြေအနေမျိုးကိုတော့ မဖြစ်စေရန်လိုသည်။

မြန်မာနိုင်ငံတွင် မြေအမျိုးအစားအမျိုးမျိုးနှင့် မိုးများသည့်ဒေသ၊ မိုးနည်းသည့်ဒေသ၊ စိုစွတ်ဒေသ၊ ခြောက်သွေ့ဒေသ၊ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ စသဖြင့်ရှိ၍ သစ်ပင်များ စိုက်ပျိုးရာမှာလည်း သူ့ဒေသနှင့်ကိုက်ညီသည့် အပင်မျိုးကို စိုက်ပျိုးမှသာ ရှင်သန်နိုင်မည်ဟု စိုက်ပျိုးရေးပညာ ရှင်များက သုံးသပ်ထားသည်။

မိသားစုအဝန်းအဝိုင်းသာ ကောင်းစားသော စီးပွားဖြစ်သစ်တောခုတ်ထွင်မှုများ၏နောက်တွင် ပေးဆပ်လိုက်ရသော သဘာဝပတ်ဝန်းကျင်၏ ဆိုးကျိုးများမှရသည့်အသိတရားတို့ဖြင့် နောင်လာနောင်သားများအတွက် စိမ်းလန်းသောမြေကမ္ဘာကို လက်ဆင့်ကမ်းနိုင်ရန် မျှော်လင့်ပါသည်။

အမွန်