【ဆောင်းပါး】“တစ်ချိန်က နွေဦးရာသီ ”

【ဆောင်းပါး】“တစ်ချိန်က နွေဦးရာသီ ”

မကြာသေးခင်ရက်ပိုင်းက သူငယ်ချင်းရှိရာ မြိုလေးဆီသို့ ရောက်ခဲ့သည်။ ရန်ကုန်ဇာတိဖွား သူငယ်ချင်း က သူကိစ္စရှိသဖြင့် ကျနော်ကိုအဖော်ခေါ်သဖြင့် ရောက်သွားခဲ့ခြင်းဖြစ်သည်။ ဒီလိုခေတ်အခါတွင် သွားရခြင်းက ဘာမဆို စိုးတထင့်ထင့် နောက်ကျမလုံ။ သို့သော် မြိုကလေးကိုရောက်တော့ စိမ်းစိမ်းစိုစိုနှင့် မြင်ကွင်းနှင့် ရေ ပြောင်းမြေပြောင်းကြောင့် စိတ်လက်ကြည်လင်ကာ လက်ရှိကြုံနေရသည့် အပူတွေ သောကတွေကိုပင်  မေ့သွားလေသည်။

ကြည့်လေရာ စိုက်ခင်းတွေ ဖွေးဖွေး နှင့် ပန်းတွေ သီးပင်တွေ အပြည့်။  ကျွန်တော်ရောက်သည့်အချိန်က မနက် ခင်းဖြစ်နေသဖြင့် စိုက်ခင်းထဲ ခူးသူဆွတ်သူများဖြင့် အသက်ဝင်နေသည်။ရန်ကုန်သား ကျွန်တော်လည်း စပ်စပ်စုစု စိုက်ခင်းထဲ သူများလုပ်သလို ရောက်တုန်း ရောက်ခိုက် ဝင်ခူးသည်။ စိုက်ခင်းလုပ်သားတွေ နေ့လယ် ထမင်းစားတော့လည်း  ကျနော်လည်း အတူဝင်စားသည်။ သူတို့နှင့် အတူစားရသည်မှာ မြိန်လှသည့်ဖြစ်ခြင်း။ ငပိဖျော်ကောင်းကောင်း တို့စရာလတ်လတ်ဆတ်ဆတ်နှင့်။

ထမင်းမစားခင်  သူငယ်ချင်းက လက်ကို သေချာဆေးဖို့ ကျွန်တော်ကို သတိပေး သည်။ ဒီမှာက သီးနှံတွေ ကို ဆေးဖျန်းထားတာ။ ကျွန်တော့်အတွက်ကတော့  ပိုးသတ်ဆေးတောထဲ ထမင်းစားရတာကို ဒီရောက်မှ သေ သေချာချာ ကြုံဘူးသည်။ ဒီမှာက အတော်များများ ပိုးသတ်ဆေးကို ယဉ်ပါးနေကြပြီ။ နွေဦးမို့ ရောက်လာ တတ် သည့် ပိုးကောင်များပင် ပိုးသတ်ဆေးကြောင့် မလာနိုင်တာကြာပြီဟုဆိုသည်။ထိုထဲတွင် ကျနော်တို့ ရန်ကုန်သား တွေ အကြိုက် ပုရစ်က ထိပ်ဆုံးကပါသည်။  

နွေဦးဆိုတာ  အားလပ်ချိန်အဖြစ် ကျနော်တို့အားလုံးသိကြသည်။ ငယ်ငယ်ကတော့  ဒီလိုနွေရာသီ ဆို ကျောင်းပိတ်ရက်စပြီ။ စာမေးပွဲတွေပြီး လယ်တွေယာတွေသိမ်းချိန်ဆိုတော့  ကျောင်းတိုင်း နယ်ဒေသန္တရလေ့ လာရေးခရီးထွက်ရသည်။ ဒါမှ မဟုတ်လျှင် ဘုရားဖူး။ အရပ်သားတွေ တောသူတောင်သားတွေလည်း ဒီအချိန်ဆို တောင်ယာနားချိန် လယ်နားချိန်ဖြစ်သဖြင် ဆွေမျိုးကိစ္စ၊ သာရေးနာရေးကိစ္စတွေလုပ်ရန် အမျိုးတွေရှိရာ သွားကြ လာကြ။တချို့ကတော့ ရန်ကုန်ကိုဘုရားဖူးလာကြ။ ရန်ကုန်ကလူက နယ်ကို ဘုရားဖူးသွားကြနှင်။ ရပ်ကွက်တိုင်း လမ်းတိုင်း  စုပြီး ခရီးသွားကြတာက ဒီအချိန်ဆို အစဉ်အလာပင်။

 မှတ်မိသေးသည်က  ဒီလိုအချိန်ဆို ကျောင်းက ဘုရားဖူးထွက်ပြီ။ အနည်းဆုံး ပဲခူးဘုရားစုံ ။ ဒီထပ်ပိုလျှင် ကျိုက်ထီးရိုး၊ ဒီထပ်ပိုပါက မကွေး မြသလွန်၊ ရွှေစက်တော် ဒါဘဲဖြစ်သည်။ ဒါတောင် မိဘတွေပါမှ။ တောင်ကြီး ကလောဆိုတာ သွားလေ့တော့မရှိ။. အင်းလေးကတော့ ခေါင်တိုင်မှာ လူရည်ချွန်စခန်းရှိသဖြင့် သွားကြလေ့ ရှိသည်။

ယခု သူငယ်ချင်းခေါ်လို့လိုက်လာရတော့ ငယ်ငယ်က ခရီးသွားခဲ့ရတာတွေကို ပြန်သတိရသည်။ သတိရ ဆို ရန်ကုန်ကနေ ခပ်ဝေးဝေးမသွားဖြစ်ခဲ့တာ နှစ်က မရှိဘူးဆို သုံးလေးငါးနှစ်ရှိပြီ။ နောက်ဆုံးသွားခဲ့တာ ၂၀၁၈က မြင်းခြံကို ။ဒါတောင် စွန်းလွန်း ဆရာတော် ရုပ်ကလပ်တော်ကို သွားဖူးခြင်းဖြစ်သည်။ ထိုတုန်းက အထက် အ လယ်ပိုင်းဒေသ ဖြစ်သည် မြင်းခြံအသွား လမ်းတွင် တမာပင်၊ မန်ကျည်းပင်များနှင့်  ဆိတ်ကျောင်းသူများကို လည်း ဟိုတစ်အုပ်ဒီတစ်အုပ်ဆိတ်တွေနှင့် တွေ့ရသည်မှာ မြင်ကွင်းဆန်းသည်။ထို့ပြင် ရာသီကလည်း  ဆောင်းအကုန် နွေအဝင်ဖြစ်သဖြင့် စိမ်းဆိုသော သစ်ပင်များတွေ့ရသေးသော်လည်း ဖုန်ထူထူနှင့် လေထုက ပူ နွေးနွေးကြီး ဖြစ်ရာ ဒီလိုတစ်ခါမှ မကြုံဖူးသည့် ကျနော်အဖို့  မြေလတ်ဒေသလို့ ခေါ်မလား အထက်ဒေသ၏ အရသာကို သဘောကျ သွား ခဲ့သည်။

တကယ်တော့ ရန်ကုန်အပြင် ဘယ်ရောက်ဘူးလဲလို ကျနော်ကိုမေးလျှသ် ဖြေရတာ အတော်ကိုခက် သည်။ အတော်များများရောက်ဖူးသည်ဟု ပြောနိုင်သလို မရောက်ဖူးဖူးလို့လည်း ပြောလို့ရသည်။ ဆိုရလျှင် ရောက် သွား ရောက်ပြန်ဆိုသလို ဘုရားဖူးကားဖြင့် သွားကြခြင်းကြောင့် ခပ်သုတ်သုတ် သွားကြလာကြ ခြင်းကြောင့် ဘယ်မြို့ကိုမှ နှံနှံစပ်စပ် မရောက်။ ညအိပ်ဖြစ်လျှင်တောင် အထင်ကရ မြိုထံမရောက်တော့ ကိုယ်ရောက်သည့် မြို့က ဖြူသလားမဲသလားတောင် မသိသည့် လည်ပတ်ခြင်းမျိုးဖြစ်သည်။ တကယ်ဆိုရလျှင် တီဗီက ကြည့်တာက ပိုတောင်စုံသည်ဟု ပြောရမလိုပင်။

နွေဦးရာသီတွင် သွားရခြင်း၊ လမ်းတစ်လျှောက်မြင်ကွင်းများကို ငေးမောရသည်ကိုနှစ်ခြိုက်ခြင်း၊ လမ်း ဘေးတစ်၀ိုက် ယာများမှ ရိုးပြတ်များကို မီးရှို့ခြင်းမှ ထွက်လာသော မြေသင်းနံပါ မီးခိုးငွေ့များ ၊ တမာပွင့်ချိန်ဖြစ် သဖြင့် တမာနံသင်းသင်းလေးများက ခရီးသွားရခြင်းကို ကြိုက်နှစ်သက်စေခြင်းဟု ပြောရမလားမသိ။ မြေလတ်နှင့် အထက်အညာခရီးစဉ်တွင်သာ မြင်နိုင်တွေ့နိုင်သည့် မနက်စောစောနှင့် ညနေဘက် မြူခိုးတွေဆိုင်းနေသည့် မြင် ကွင်းမျိုးက  အခုပြန်စဉ်းစားကြည့်တော့ လွမ်းစရာ၊ထသွားချင်စရာ။  

နွေဦးရောက်ပြီဆို ခရီးထွက်ဖို့စဉ်းစားကြသည်က လူအတော်များများတွင်ရှိသည့် စိတ်အခံဖြစ်သည်။ တကယ်လည်း နွေဦးရာသီက သာယာဖွယ်ကောင်းသည်။ သူငယ်ချင်းဇာတိရှိရာ မြစ်၀ကျွန်းပေါ်လို ဒေသမှာ တောင်  မနက်စောစောဆို ရိုးပြန်နံနှင့် နှင်းတစိုစိုဖြစ်နေပုံက ပြန်ဖို့တောင် အတော်စဉ်းစားယူရသည်အထိ ဖမ်း စားလှသည်။ ခရီးထွက်ခြင်းသည် အမြင်ကျယ်စေသည် ၊ အပေါင်းအသင်းကျယ်ပြန်စေသည်၊ ဒေသန္တရဗဟုသုတ တိုးစေသည်ဟု စာထဲပေထဲတွင်ရေးကြသည်ကို ဖတ်ရသည်။ ကျနော်ကတော့ ခရီးထွက်ခြင်းသည် လူတွေကို ကိုယ်ချင်းစာတရားဖြစ်ပေါ်စေသလို စိတ်ကောင်းဝင်စေသည့် ဟု ထင်မိသည်။

ဒီထက်ပိုသည်က လူတွေကို မာန်မာနကျစေသည်ဟု ကျနော်ထင်သည်။ ကျယ်ပြန်လှသည် လော ကကြီးထဲ ငါက ဘာမှ မဟုတ်ပါလားဆိုသည့်စိတ်ကို ဖြစ်စေချင်းက ပေါင်းသင်းရာတွင် တခြားသူများကို တန်ဖိုးထားသည့်စိတ်ဖြစ်လာစေခြင်းဖြစ်သည်။ ထို့ကြောင် ကျနော့်သားသမီးတွေ ခရီးထွက်မည်ဆို လိုလိုချင် ချင်ကို ကျနော်လွတ်လေ့ရှိသည်။ထို့ကြောင့် ကျနော်ကလေးများမှာ လူမှုဆက်ဆံရေးတွင် ဆက်ဆံရခက်သည်ထဲ မပါသလို အပြင်သွားလို့ စိုးရိမ်ပူပန်ရခြင်းမျိုးလည်း နည်းပါးသည်။ ထိုသည်မှာ ခရီးထွက်ခြင်းကနေ ရသည့် အကျိုးတစ်ခုတည်းသာရှိသေးသည်။ထို့ထက်ပိုသည့်အကျိုးကျေးဇူးက ကိုယ်ကိုယ်ကိုယ် ယုံကြည်စိတ်ဖြစ်သည်။

ဒါက နွေဦးမှာ သွားကြသည့် ခရီးများကြောင့် ရသည့်‌ ယုံကြည်စိတ်ပင်ဖြစ်သည်။

ဖြိုးဝေလှ

Photo- wikipedia