【နိုင်ငံတကာဆောင်းပါး】ယူကရိန်းစစ်အတွင်း အမေရိကန်၏ ပါဝင်ပတ်သက်မှု

【နိုင်ငံတကာဆောင်းပါး】ယူကရိန်းစစ်အတွင်း အမေရိကန်၏ ပါဝင်ပတ်သက်မှု

 ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က စခဲ့သည့် ရုရှား၏ အထူးစစ်ဆင်ရေးအမည်တပ် ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်မှုမှာ ယခုအခါ တစ်နှစ်ကျော်ရှိလာသလို သေဆုံးသူအရေအတွက်မှာလည်း အတည်မပြုနိုင်သော သတင်းများအရ သိန်းဂဏန်းထိရှိလာပြီဖြစ်သည်။ စစ်ပွဲမှာ ရပ်တန့်ရန် အလားအလာမမြင်သလို စစ်ပွဲအတွင်း နိုင်ငံကြီးများထဲထဲဝင်ဝင်ပါဝင်မှုမှာ နောက်ဆုတ်မရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် မေ ၂၁ ရက်က အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံကို နောက်ထပ် ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာခဲ့ရာမှာ ဒီစစ်ပွဲအတွင်း အမေရိကန်က ယူကရိန်းနောက်ကနေ စစ်ရေးထောက်ပံ့ကူညီမှုက စစ်မဖြစ်ခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီကတည်းကနေ ယခုထိ  အမေရိကန်ဒေါ်လာ ၃၇.၆ ဘီလီယံကျော်ထိ ရှိနေပြီဖြစ်သည်။

ဒီထဲမှာ ၂၀၂၂ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်နောက်ပိုင်းထောက်ပံ့မှု ဒေါ်လာ ၃၆.၉ ဘီလီယံ ပါဝင်သည်။ ၎င်း ငွေကြေးပမာဏမှာ အတော်လေးကို များပြားသည့် ပမာဏဖြစ်သည်။ မေ ၉ ရက်ထုတ် U.S. Security Cooperation with Ukraine ထုတ်ပြန်ချက်အရဆိုပါက ယူကရိန်းအတွက် ကတိပြုထားသော အမေရိကန်၏ လုံခြုံရေးအထောက်အပံ့စာရင်းက ခေတ်မီစစ်လက်နက်များ အများစုပါဝင်နေရာ သာမန်အချိန်ဆိုပါက ထိုလက်နက်စာရင်းမှာ ကြောက်ခမန်းလိလိပင်။ ထိုထောက်ပံ့သည့်စာရင်းမှာ ယခုထိ မဆုံးနိုင်သေးသဖြင့် အနာဂတ်တွင် ထိုလက်နက်များ ယူကရိန်းအနီးဒေသဝန်းကျင်သို့ ယိုစီးပါက ဒေသတွင်းလက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်လာလျှင် ထိန်းချုပ်နိုင်ဖွယ် မမြင်ချေ။

ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ရုရှားကို ရှုမြင်သည့် အမြင် ၃ ခုကွဲပြားသည်ကိုတွေ့ရသည်။ ထိုအမြင် ၃ မျိုးမှာ အမေရိကန်နှင့် နေတိုးအုပ်စုအပါအဝင်ကမ္ဘာ့နိုင်ငံအတော်များများကမြင်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ရုရှားက ကျူးကျော်နေသည့် အမြင်နှင့် နိုင်ငံအချို့မြင်သည့် ရုရှားကသူ့နိုင်ငံနယ်မြေကပ်သည်အထိ နေတိုးအဖွဲ့က နယ်မြေချဲ့လာသည်ကို တားဆီးရန် ဆင်နွှဲရခြင်းဆိုသည့် ရှုထောင့်အမြင်၊ အာဖရိကနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများကမြင်သည့် ဒေသတွင်းဖြစ်သည့် စစ်ပွဲဆိုသည့်အမြင်ဖြစ်ရာ မြင်သည့်ရှုထောင့်ကြောင့် စစ်ပွဲကိုချည်းကပ်ရာတွင် ဘက်ခြင်းလည်း ကွဲပြားလေသည်။

လတ်တလောအကြောင်းနှင့် နောက်ခံအကြောင်းအရင်းထိ ကြည့်ကာ ရှုမြင်ပုံကွဲပြားမှုနှင့် အတူစစ်ပွဲကို ဘယ်လိုပုံစံဖြင့် ရပ်တန့်အောင်လုပ်ဆောင်မည်နှင့် ဘယ်နိုင်ငံကို အခွင့်အရေးပေါ်တုန်း အင်အားနည်းသွားအောင် လုပ်မည်ဆိုသော ရည်ရွယ်ချက်လည်း ယခုရှုမြင်ပုံကိုကွဲလွဲသည်ကို ကြည့်ကာ မြင်နိုင်သည်။

ကျူးကျော်ခံရသည့် ယူကရိန်းအရေးကို ခေတ္တမေ့ထားပြီး နောက်ခံအကြောင်းအရာများဖြင့် ဆက်စပ်တွေးပါက အနောက်နိုင်ငံများအတွက် ကာလကြာရှည်စွာ ပြိုင်ဘက်ဖြစ်ခဲ့သည့် ရုရှားကို ဒီတစ်ကြိမ်လောက် အင်အားကြီး နိုင်ငံအဆင့်မှ လျော့ချအောင်လုပ်နိုင်သည့် ကောင်းမွန်သော အခွင့်အရေးဆိုတာ မမြင်။ ကြာရှည်သည့် စစ်ပွဲကြောင့် ရုရှားစစ်ပန်းလာပါကလည်း  ရုရှားပြည်တွင်းမတည်မငြိမ်ဖြစ်ကာ အစိုးရပြုတ်ကျနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ယူကရိန်း-ရုရှားစစ်ပွဲကြာရှည်လေ ဥရောပတွင် ရုရှား၏ စစ်ရေးနှင့် စီးပွားရေးအင်အားမှာ အဆိုးဆုံးဖြစ်လာမည် ဖြစ်ပြီး အနောက်နိုင်ငံများနှင့် အမေရိကန်အတွက် ကာလကြာရှည် ရည်မှန်းချက်ကို ဖြည့်ဆည်းပေးသလိုဖြစ်မည်။

နောက်တစ်ခုမှာ အင်အားကြီးနိုင်ငံဖြစ်လာသည့် တရုတ်ကို ရုရှားပြိုလဲသွားပါက တသီးတခြားဖြစ်လာစေပြီး ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးတိုးတက်မှုအရှိန်ကိုပါ ရပ်တန့်စေနိုင်ခြင်းဖြစ်သည်။လတ်တလောတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ယူကရိန်းသို့ စစ်ရေးထောက်ပံ့မှုများကြောင့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ စစ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီများမှာ ဒုတိယကမ္ဘာ့စစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမြတ်အစွန်းရရှိသည့် ရာသီဖြစ်လာဖွယ်ရှိနေခြင်းပင်။

စစ်ပွဲရပ်ခြင်းနှင့် စစ်ပွဲကို ဆက်လက်ဆင်နွှဲခြင်းတွင် အမေရိကန်ဦးဆောင်သည့် နိုင်ငံများအတွက် စစ်ပွဲကို ဆက်လက်ဆင်နွှဲခြင်းက နိုင်ငံရေးရည်မှန်းချက်ကို ပြည့်စေပြီး ယူကရိန်းအတွက်မူ ဆုံးရှုံးထားသည့် နယ်မြေများအတွက် စစ်ပွဲဆင်နွှဲခြင်းမှသာ ရည်မှန်းချက်ကိုအောင်မြင်မည်ဖြစ်သည်။ ရုရှားဘက်မှ စဉ်းစားပါက ရယူထားသော နယ်မြေများကိုပြန်ပေးရပါက ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံအဖြစ်မှ ယုတ်လျော့မည်ဖြစ်ပြီး ဆွေးနွေးပါက သိမ်းထားသမျှ ပြန်ပေးရမည်ဖြစ်ရာ ထိုအခက်အခဲမှာ နှစ်ဖက်စလုံးအတွက် အဖြေထုတ်ရန် ခက်ခဲသော အခြေအနေမျိုး ဖြစ်သည်။  

သို့ဖြစ်ရာ တစ်ဖက်နှင့်တစ်ဖက် အပြီးဖြတ်နိုင်ရန် မကြာမီတွင် ဖြစ်လာမည်ဖြစ်ရာ နှစ်ဘက်စလုံးက လက်နက်အပြိုင်အဆိုင်ဖြည့်နေမှုက ကမ္ဘာ့အတွက် စိုးရိမ်စရာအခြေအနေဖြစ်သည်။ စစ်ပွဲကို နှစ်ဖက်စလုံးက အရှုံးဖြင့် ရင်ဆိုင်လာရပါက နျူလက်နက်ကို ထုတ်သုံးလာနိုင်ခြေရှိရာ ထိုသည်မှာ ကမ္ဘာ့၏အဆုံးသတ်ဖြစ်သွားနိုင်သည်။ထို့ကြောင့် နောက်ဆုံးအဆုံးသတ်ဆင်နွှဲကြမည့် စစ်ပွဲကို တားဆီးရန်မှာ ကမ္ဘာ့အတွက် မဖြစ်မနေ တားဆီးရမည့် အခြေအနေဖြစ်လာနေသည်။

မကြာမီက ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် G-7 ဟုခေါ်သည့် တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများအဖွဲ့အစည်းအဝေးတွင် ယူကရိန်းကို အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို F-16 တိုက်လေယာဉ်များ ပေးရန်အတွက် သင်တန်းပေးဖို့ အစီအစဉ်ကို ထုတ်ပြန်ခဲ့ရာ အတော်လေးဂယက်ရိုက်ခတ်ခဲ့သည်။ ထိုရက်အတောအတွင်း ယူကရိန်းအရှေ့ ပိုင်းဘတ်ခ်မွတ်တွင် ဝက်ဂ္ဂနာကြေးစားတပ်ဖွဲ့က သိမ်းယူနိုင်ပြီဖြစ်ကြောင်းကြေညာခဲ့ရာ  ယူကရိန်းစစ်ပွဲမှာ ရပ်တန့်မရနိုင်သော အခြေအနေသို့ ဦးတည်လာနေသည်။

စစ်ပွဲကို ရပ်တန့်နိုင်ဖို့ ဆိုလျှင် နှစ်ဖက်စလုံး၏ လက်နက်ခဲယမ်း ဖြည့်တင်းနေမှုကို တားဆီးရန်လိုသလို စေ့စပ်ဆွေးနွေးရေးကို ပြန်စနိုင်ရန် အားထုတ်ဖို့ လိုမည်ဖြစ်သည်။ လက်ရှိတွင် ထိုအတွက် တားဆီးမှုမလုပ်နိုင်သေးသော်လည်း တရုတ်ဘက်က စေ့စပ်ဆွေးနွေးရေးအတွက် ကြားဝင်လာသည်ကိုတွေ့ရသည်။

အမေရိကန်အနေဖြင့် ယူကရိန်းစစ်ပွဲတွင် ကြားခံစစ်ပွဲဆင်နွှဲနေခြင်းအဖြစ် နိုင်ငံတကာက မြင်ကြသည်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုဟာ အမေရိကန်မဲဆန္ဒရှင်တွေအတွက် ထိပ် တန်းစိုးရိမ်စရာမဟုတ်ဘဲ အရေးအကြီးဆုံး နိုင်ငံခြားရေးပေါ်လစီပြဿနာငါးခုကို မဲဆန္ဒရှင်များအား စစ်တမ်းကောက်ယူရာတွင် အကြမ်းဖက်ဝါဒသည် ၄၉ ရာခိုင်နှုန်းဖြင့် ပထမ၊ လူဝင်မှုကြီးကြပ် ရေး ၄၅ ရာခိုင်နှုန်း နှင့် ဒုတိယ၊  ဆိုက်ဘာတိုက်ခိုက်မှု ၄၁ ရာခိုင်နှုန်း နှင့် တတိယ ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ၄၁ ရာခိုင်နှုန်း နှင့် ရာသီဥတုပြောင်းလဲမှု ၃၉ ရာခိုင်နှုန်းဟု ဖြေပေးခဲ့ကြသည်။ တရုတ်- အမေရိကန် ဆက်ဆံရေးကို  ၂၇ ရာခိုင်နှုန်းကိုဖော်ပြခဲ့ပြီး ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ၂၄ ရာခိုင်နှုန်းဟုသာ ဖော်ပြခဲ့ရာ ယူကရိန်းပြဿနာမှာ အမေရိကန်၏ နိုင်ငံခြားရေး ပေါ်လစီပြဿနာအဖြစ် အမေရိကန်နိုင်ငံသားများက မယူဆထားကြချေ။

ထို့ကြောင့် ယူကရိန်းသို့ ရုရှားကျူးကျော်မှုတွင် အမေရိကန်နှင့် အနောက်အုပ်စုကြားဝင်မှုမှာ ယူကရိန်း၏ တိုင်းပြည်တည်တံ့ရေးနှင့် အချုပ်အခြာအာဏာ၊ ကမ္ဘာ့ဒီမိုကရေစီအတွက် ရပ်ခံမှု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စစ်ပွဲကြာရှည်ရန် အချိန်ဆွဲခဲ့မှုနှင့် မယုံနိုင်ဖွယ်လက်နက်ထောက်ပံ့မှုတို့က  ယူကရိန်းကို ရုရှားကျူးကျော်မှုမှ ဟန့်တားရန်ထက် ရုရှားတွင် ပူတင်၏ ခေတ်ကို အဆုံး သတ်ရန်နှင့် အင်အားကြီးလာသည့် တရုတ်ကို တစ်သီးတစ်ခြား ဖြစ်စေရန်အတွက်သာ ပိုဖြစ်ဖို့ များလေသည်။    

ရည်ညွှန်း - နိုင်ငံတကာသတင်းများ

လင်းသစ်အောင်