【နိုင်ငံတကာဆောင်းပါး 】ဆူဒန်လူကယ်ထုတ်မှုမှာ မြင်ရတဲ့ နိုင်ငံကြီးများ၏ လှုပ်ရှားမှု

【နိုင်ငံတကာဆောင်းပါး 】ဆူဒန်လူကယ်ထုတ်မှုမှာ မြင်ရတဲ့ နိုင်ငံကြီးများ၏ လှုပ်ရှားမှု

ဧပြီ ၁၅ ရက်ကတည်းက ဆူဒန်စစ်တပ်နှင့် ထောက်ပံ့ရေးခြေမြန် အရံတပ်ဖွဲ့ (RSF) အရံတပ်တို့ စတင်တိုက်ခိုက်ကြတဲ့အတွက် သောင်းချီတဲ့ဆူဒန်က စစ်ဘေးဒုက္ခသည်တွေဟာ အိမ်နီးချင်းတိုင်းပြည်တွေကိုထွက် ပြေးနေကြရပြီး  သံတမန်များနှင့် အကူအညီပေးရေး လုပ်သားများအပါအဝင် နိုင်ငံခြားသားတွေ ထောင်နဲ့ချီပြီး သောင်တင်နေခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာအတွက် အရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်လာပြီး ဒီလို နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ဆိုတာ လက်ငင်းဖြေရှင်းဖို့ အရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်လာပါတယ်။

နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ဆိုရင် ခါတွန်မှာရှိတဲ့ လေဆိပ်ကနေတစ်ဆင့် လေကြောင်း (ဒါမှ မဟုတ်) ခါတွန် အရှေ့မြောက်ဘက် ၆၅၀ ကီလိုမီတာ (မိုင် ၄၀၀) ခန့်အကွာတွင်ရှိသော ပင်လယ်နီရှိ ဆူဒန် ဆိပ် ကမ်းမှတစ်ဆင့် ကယ်ထုတ်ရမှာဖြစ်ပြီး ကုန်းလမ်းကနေဆိုရင် ကုန်းလမ်းဖြင့် ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ခန့် ကွာဝေးလို့ ဒါဟာအန္တရာယ်များတဲ့ ကယ်ထုတ်မှုဘဲ ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ နိုင်ငံတကာအဖို့ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့တရုတ်နိုင်ငံက ကယ်ထုတ်မှုတွေနဲ့အတူ ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ဆူဒန်ကနေ အလောတကြီး ကယ်ထုတ်နေတဲ့ နိုင်ငံတွေရဲ့ လှုပ်ရှားမှုကို ကြည့်မယ်ဆိုရင် ဆူဒန်မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားအရေအတွက်ဘယ်လောက်တောင်များနေလဲ ဘယ်လောက်တောင် အသက်အန္တရာယ်နီးကပ်နေသလဲဆိုတာ သိနိုင်ပါတယ်။ ဒီထဲမှာ နိုင်ငံတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရွှေ့ခဲ့တဲ့ နိုင်ငံတွေရှိသလို တခြားအင်အားကြီးနိုင်ငံတွေရဲ့ရွှေ့ပြောင်းမှု အစီအစဉ်ထဲ လိုက်ပါရွှေ့ပြောင်း ရတာတွေလည်း ရှိခဲ့ပါတယ်။ စာရင်းကိုကြည့်မယ်ဆိုရင် ဘယ်လ်ဂျီယံက သူ့နိုင်ငံသား ၁၇ ဦးနှင့် မိသားစုဝင်တွေကို ရွှေ့ခဲ့ပေမယ့်  ကျန်ရှိတဲ့ ဘယ်လ်ဂျီယံနိုင်ငံသား ၂၀ ဦးအနက် အများစုက ဆူဒန်မှာ ချိန်ထားခဲ့ရပါတယ်။ ကနေဒါကလည်း သူ့နိုင်ငံသား ၁၆၀၀ နိုင်ငံတွင်းမှာ ကျန်ရှိနေလို့ ဘေးကင်းရာကို ရောက်စေချင်နေပါတယ်။ တရုတ်နိုင်ငံဆိုရင် သူ့နိုင်ငံသား အများစုကို  အိမ်နီးချင်းနိုင်ငံများသို့ အုပ်စုများဖြင့် ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့သလို တခြားနိုင်ငံသားတွေ အပါအဝင် သူ့နိုင်ငံသားတွေကို သင်္ဘောနဲ့ ရွှေ့ပြောင်းခဲ့တာလည်း ရှိပါတယ်။

ဂျာမနီဆိုရင် ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ဒတ်ခ်ျ၊ ဂျော်ဒန်နဲ့ အမေရိကန် နိုင်ငံသားတွေအပြင် ဂျာမန်တွေ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က စုစုပေါင်း လူ ၅၀၀ ကို လေကြောင်းကနေ ဘေးလွတ်ရာ ပို့ဆောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဆိုရင် ၎င်းနိုင်ငံသား ၃၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ပြင်ဆင်ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူက တွစ်တာမှာ ဆူဒန်ဆိပ်ကမ်းကနေ ခရီးသည် ၂၇၈ ဦး တင်ဆောင်လာတဲ့ အိန္ဒိယသင်္ဘောတစ်စင်း၏ ဓာတ်ပုံကို ဖော်ပြခဲ့သလို တွစ်တာမှာဘဲ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar က အိန္ဒိယနိုင်ငံသား ၅၀၀၀ ကို ဆူဒန်ဆိပ်ကမ်းသို့ ရွှေ့ပြောင်းခဲ့ပြီး သင်္ဘောများနှင့် လေယာဉ်များဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စောင့်ဆိုင်းနေကြောင်း ပြောခဲ့တာတွေ့ရပါတယ်။

နိုင်ငံတကာက ဆူဒန်အရေးမှာ လူတွေ ကယ်ထုတ်တဲ့ မစ်ရှင်မှာ လတ်တလော နိုင်ငံတကာအရေးမှာ ထိပ်တိုက်ရင်ဆိုင်တင်းမာမှုဖြစ်နေတဲ့ တရုတ်နဲ့ အမေရိကန်ရဲ့ လူကယ်ထုတ်မှုကို စောင့်ကြည့်ခဲ့တာတွေ့ရသလို နိုင်ငံတကာမီဒီယာတွေမှာလည်း ဒါကို ဇောင်းပေးဖော်ပြတာတွေ့ရပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့များဟာ ဆူဒန်မှာရှိတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ သံတမန်တွေကို ကယ်ထုတ်ဖို့ စစ်ဆင်ရေးတစ်ရပ်အဖြစ် MH-47 ရဟတ်ယာဉ်သုံးစင်းကို သုံးပြီး အမေရိကန် တပ်ဖွဲ့ဝင် ၁၀၀ ခန့်နဲ့ စခဲ့ပါတယ်။  ဂျီဘူတီရှိ အခြေစိုက်စခန်းမှ ပျံသန်းပြီး အီသီယိုးပီးယားမှာ ဆီဖြည့်ထားသော ရဟတ်ယာဉ်များကို အသုံးပြုကာ အခြားနိုင်ငံမှ သံတမန်အနည်းငယ်နှင့်အတူ အမေရိကန် အစိုးရဝန်ထမ်းများ ၊ ၎င်းတို့၏ မှီခိုသူ အားလုံးကို သံရုံးမှ ကယ်ထုတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသား ဒါဇင်များစွာဟာ  ကုလသမဂ္ဂ ဦးဆောင်သော ယာဉ်တန်းဖြင့် ဆူဒန် ဆိပ်ကမ်းရှိရာ ကုန်းတွင်းပိုင်းသို့သွားခဲ့ပါတယ်။

တရုတ်ဘက်က ဖျက်သင်္ဘောနန်နင်းစစ်သင်္ဘောနှင့် ပေါင်းစပ်ထောက်ပံ့ရေးသင်္ဘောဝေးရှန်းဟူတို့ဟာ ဆူဒန်ရှိ တရုတ်လူမျိုးများအားထွက်ခွာနိုင်ရေးအတွက် ဆူဒန်သို့ အရေးပေါ် ရောက်ရှိခဲ့ပါတယ်။ ဒီသင်္ဘောနှစ်စင်း ဟာ အေဒင်ပင်လယ်ကွေ့မှာ ရေကြောင်းစောင့်ကြပ်မှု တာဝန်ထမ်းဆောင်နေသောတရုတ်ရေတပ် စောင့်ကြပ်ရေးသင်္ဘောများထဲက ဖြစ်ပြီးသင်္ဘောပေါ်မှာ တရုတ်တပ်ဖွဲ့ဝင် ၄၉၀ ကျော် နှင့်ရဟတ်ယာဉ် ၁ စင်းပါတင်ဆောင်ထားပါတယ်။ ဧပြီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သင်္ဘောနှစ်စင်းဟာ  ဆူဒန်မှ ထွက်ခွာသောပထမအသုတ် လူပုဂ္ဂိုလ် ၆၇၈ ဦးကိုဆော်ဒီအာရေဗျနိုင်ငံJeddah ဆိပ်ကမ်းသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပါတယ်။  ဒီထဲမှာ သက်ဆိုင်ရာနိုင်ငံများ၏ တောင်းဆိုချက်အရ နိုင်ငံခြားသား ၂၃၁ ဦးကိုလည်း ကယ်ထုတ်ပေးခဲ့ပါတယ်။

ဒုတိယအသုတ်မှာ ထောက်ပံ့ရေးသင်္ဘောWeishan Lake ဟာ လူပုဂ္ဂိုလ်၄၉၃ဦးကိုတင်ဆောင်ပြီး ဆော်ဒီအာရေဗျနိုင်ငံJeddah ဆိပ်ကမ်းကို ပို့ဆောင်ခဲ့ပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံသား၂၇၂ဦးအပြင် သက်ဆိုင် ရာနိုင်ငံများ၏ တောင်းဆိုချက်အရ ပါကစ္စတန်၊ဘရာဇီးစသည့်နိုင်ငံများမှလူပုဂ္ဂိုလ်၂၂၁ဦးလည်းကယ်ထုတ်ခဲ့ပါတယ်။  ရက်ပေါင်းများစွာအတွင်း သင်္ဘော နှစ်စင်းဟာ  ဆူဒန်ဆိပ်ကမ်းနှင့် Jeddah ဆိပ်ကမ်း ကြားတွင် စုစုပေါင်း ရေမိုင် ၁၁၄၀ ကျော်ကို အကြိမ်ကြိမ် သွားလာခုတ်မောင်းကာ ဆူဒန်ကနေ ထွက်ခွာမယ့် ရာပေါင်းများစွာသော နိုင်ငံခြားသားတွေကို ကယ်ထုတ်ပေးခဲ့ပါတယ်။ဧပြီ ၂၉ ရက်မှာ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆူဒန်ရှိ တရုတ်လူမျိုးများအား ထွက်ခွာနိုင်ရေး တာဝန်ပြီးမြောက်ကြောင်း ကြေညာခဲ့ပါတယ်။

တရုတ်ဘက်က သူ့တာဝန်ကို သူပြီးမြောက်အောင် ထမ်းဆောင်နိုင်ချိန်မှာ အမေရိကန်ဘက်မှာတော့ တခြားနိုင်ငံသားတွေကို ကယ်ထုတ်ဖို့နေနေသာသာ ဆူဒန်ရှိ အမေရိကန်သံရုံးမှ ဝန်ထမ်း ၁၀၀ ကို ထွက်ခွာရန် အမေရိကန် အစိုးရက  အရင်ဆုံး ဆောင်ရွက်ပေးခဲ့ပြီး ကျန်အမေရိကန် နိုင်ငံသားများ၏ ဘေးကင်းရေးကို လျစ်လျူရှုပြီး ကိုယ်ပိုင်အစီအစဉ်နဲ့ ဘေးကင်းရာမှာ နေကြဖို့ အကြံပြုခဲ့လို့ ဆူဒန်ရှိ အမေရိကန်အသိုင်းအ၀ိုင်းမှာ အတော်လေးကို ဝေဖန်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် မေလ ၃ရက်ထုတ် အမေရိကန် ၀ါရှင်တန်ပို့စ်မှာဆိုရင် ဆူဒန်ကနေ အမေရိကန်နိုင်ငံသား တွေကို ကယ်ထုတ်တဲ့ အမေရိကန်စစ်တပ် မစ်ရှင်ဟာ အာဖဂန်နစ္စတန်မှ ထွက်ခွာချိန်တွင် ရှုပ်ထွေးမှုများနှင့် တူပြီး အမေရိကန် ပေါ်လစီ၏ ပျက်ကွက်မှုနှင့် အစိုးရ၏ စွမ်းရည်မရှိခြင်းကို ပြသနေကြောင်း ဖော်ပြခဲ့ပါတယ် ။ဆူဒန်မှာ အမေရိကန် နိုင်ငံသား ၅၀၀၀ ခန့်ရှိရာမှာ ထွက်ခွာလို့ရသူ ဦးရေ ၁၅၀၀ သာ ရှိသေးလို့ အရပ် သားများကို ချန်ထားခဲ့တဲ့  အမေရိကန်အစိုးရရဲ့ ကယ်ထုတ်ရေး ပေါ်လစီကို အမေရိကန်မီဒီယာတွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ပွဲများဟာ ဆူဒန်မှာ  စတုတ္ထအပတ်အတွင်း ဝင်ရောက်လာခဲ့နေပြီ ဖြစ်ပါတယ်။ လွန်ခဲ့သည့် ရက်သတ္တပတ်များက တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နိုင်ငံတွင်းမှ ထောင်နှင့်ချီသော လူများထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဆူဒန်နိုင်ငံခါတွန်မှာရောက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းကလူတွေလည်း ပြေးနေရပြီဖြစ်လို့ နိုင်ငံအားလုံးကာ ကိုယ်နိုင်ငံသားတွေကို ရသလောက်ကယ်ထုတ်နေရတဲ့အချိန်မှာ အရပ်သားတွေကို ချထားခဲ့တဲ့ အမေရိကန်ရဲ့ အရွှေ့အပြောင်းပေါ် လစီဟာ ဝေဖန်စရာပါ။ လက်ရှိမှာ မြို့တော်ခါတွမ်အခြေအနေက မှန်းလို့မရတဲ့ အခြေအနေဖြစ်နေသလို အမေရိကန်နိုင်ငံသားတွေလည်း ဘေးလွတ်ရာမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ခိုလှုံနေရလို့ အမေရိကန်ရဲ့ အရျွှေ့အပြောင်းပေါ် လစီဟာ ဒီတစ်ခါမှာလည်း ထပ်ပြီး ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပါတယ်။ 

လင်းသစ်အောင်