【 ဆောင်းပါး 】ကမ္ဘာကျော် မဟာတံတိုင်းကြီး

【 ဆောင်းပါး 】ကမ္ဘာကျော် မဟာတံတိုင်းကြီး

တရုတ်ပြည်သူတွေပြောတဲ့  စကားတစ်ခွန်းရှိပါတယ် ။ အဲဒါကတော့ မဟာတံတိုင်းမရောက်ဖူးရင် သူရဲကောင်း မဟုတ်ဘူးဆိုတဲ့စကားပါပဲ။ ဒါကြောင့် တရုတ်နိုင်ငံပေကျင်းမြို့ကိုရောက်ရင် ပြည်တွင်းပြည်ပခရီးသွားတွေက မဟာတံတိုင်းကြီးကိုမဖြစ်မနေသွားရောက်လည်ပတ်ကြပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ မဟာတံတိုင်းကြီးက အလွန်ရှည်လျားပေမယ့်  ပြည်တွင်းပြည်ပခရီးသွားအများစုက  ပေကျင်း မြောက်ဘက်အစွန်အဖျားမှာရှိတဲ့  ဘာလင်၊ ကျိယုံကွမ်းနဲ့ မုထမ်းယွီ စတဲ့ မဟာတံတိုင်းနေရာတွေကိုပဲ လည်ပတ်တဲ့သူများတယ်လို့သိရပါတယ်။ ဒါကြောင့် အဲဒီနေရာတွေကို ပြန်လည်ပြုပြင်ပြီး ပေကျင်းကိုလာတဲ့ ခရီးသွားဧည့်သည်တွေအတွက် အဓိကလည်ပတ်ဖို့ ပြုလုပ်ပေးထားပါတယ်။

ပြည်တွင်းပြည်ပခရီးသွားတွေ လည်ပတ်မှုများတဲ့ ဘာလင်တံတိုင်းဟာဆိုရင် ဘေကျင်းမှ ၇ဝ ကီလိုမီတာအကွာအဝေးမှာ တည်ရှိပါတယ်။ မင်ခေတ် (၁၅ဝ၅ ခုနှစ်)တုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး  ၈ ရာစု လောက်မှာ အကြီးစားပြုပြင်မှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

၁၉၈၇ ခုနှစ်မှာ ကုလသမဂ္ဂရဲ့သင်ရိုးယဉ်ကျေးမှုအဖွဲ့ (ကမ္ဘာ့သမိုင်းဝင် ယဉ်ကျေးမှုမှတ်တမ်း)မှာ ဘာလင်တံတိုင်းဟာ မဟာတံတိုင်းထဲမှာ ထိန်းသိမ်းစောင့်ရှောက်မှု အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီနေရာမှာ မြေ အနေအထား မတ်စောက်တဲ့ အမြင့်မှနေပြီး မင်ခေတ်ရဲ့အရေးပါတဲ့စစ်ရေးကိစ္စ ဆောင်ရွက်ခြင်းနဲ့ မြို့တော်ပေကျင်းကို ကာကွယ်ပေးတဲ့ အရေးကြီးအကာအရံ ဖြစ်ပါတယ်။

အခုခေတ် ဘာလင်တံတိုင်းကြီးက ခရီးသွားဧည့်သည် သန်း ၁၃ဝ လောက် လာရောက်ကြည့်ရှုကြပြီး နိုင်ငံပေါင်း ၄ဝဝ ကျော်မှ အကြီးအကဲခေါင်းဆောင်များ လာရောက်လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျိယုံကွမ်း တံတိုင်းဟာ ချန်ဖင်အရပ်မှာ ရှိပြီး  ဘေကျင်းနဲ့  ၆ဝ ကီလိုမီတာ ကွာဝေးပါတယ်။ မင်ခေတ် (၁၃၆၈ခုနှစ်) မှာ တည်ဆောက်ပြီး ဒီတံတားအပိုင်းကို အရှည် ၁၅ ကီလိုမီတာရှိတဲ့ တောင်ချိုင့်ဝှမ်းမှာ တည် ဆောက်ထားပါတယ်။ အပြင်ရန်ကို ကာကွယ်ဖို့ ထင်ရှားတဲ့ မဟာဗျူဟာလို့ဆိုပါတယ်။ ကျိယုံကွမ်းတံတိုင်းရဲ့ ရှုခင်းဟာ အလွန်ကိုလှပပြီး သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေနေပါတယ်။

ရှေးခေတ်ရဲ့ “ယန့်ကျင်းရှုခင်း(၈)မျိုး”မှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ကျိယုံကွမ်း တံတိုင်းမှာတော့  ကေဘယ်ကားမရှိတဲ့အတွက်  ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်မယ်ဆိုရင်တော့ လမ်းလျှောက်တက်ရတာဖြစ်ပါတယ်။

မုထျန်ယွီတံတိုင်းဟာ ပေကျင်း ဝိုင်ယုံအပိုင်းမှာ တည်ရှိပြီး ပေကျင်းမြို့နဲ့ ၇၀ကီလိုမီတာ အကွာအဝေးရှိပါတယ်။ မုထျန်ယွီတံတိုင်းဟာ အေဒီ ခရစ် ခုနှစ် ၆ ရာစုလောက်က တည်ဆောက်ခဲ့ပြီး မင်ခေတ်မှာ ပြန် လည် ပြုပြင်တည်ဆောက်ခဲ့ပါတယ်။ မုထျန်ယွီပြုပြင်ပြီးနောက် မီတာ ၂၀၀၀ အထိကို သွားရောက်ခွင့်ပြုခဲ့ပါတယ်။ နွေရာသီမှာ မြက်ခင်းသစ်ပင်တွေနဲ့ ဝေဝေဆာဆာရှိနေပြီး  ရာခိုင်နှုန်း ၉ဝ ကျော်ကသစ်ပင်တွေနဲ့ ဖုံးအုပ်နေတဲ့အတွက် တံတိုင်းရဲ့ ရှုခင်းကို တွေ့မြင်ရတာ နည်းတယ်လို့ဆိုပါတယ်။

မဟာတံတိုင်းကြီးအကြောင်းကို ပြောရမယ်ဆိုရင်  သမိုင်းတွေအရ ချင်မင်းဆက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး  မင်မင်းဆက်လက်ထက်မှာလည်း တံတိုင်းကြီးနေရာအတော်များများကို တည်ဆောက်ခဲ့ တယ်လို့ ဆိုပါတယ်။

မင်မင်းဆက်ကတော့(၁၃၆၈ နဲ့ ၁၆၄၄) ကြားတွင် တံတိုင်းကြီးကို ဆက်ပြီးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မင် မင်းဆက် လက်ထက်မှာ တည်ဆောက်ခဲ့တဲ့ တံတိုင်းကြီးများကိုတော့ အခုခေတ်မှာ လူအများ အလည်အပတ် သွားရောက်ကြည့်ရှုတဲ့ နေရာတွေမှာ အများဆုံးတွေ့ရမှာဖြစ်ပါတယ်။

မဟာတံတိုင်းကြီးကို တစ်ချိန်တည်း တပြိုင်နက်တည်း တည်ဆောက်ခဲ့တာတော့ မဟုတ်ပါဘူး။ ပြည်နယ်တစ်ခုစီကနေ ကိုယ့်ဒေသကိုကာကွယ်ဖို့အတွက် ပြည်နယ်အလိုက် အပိုင်းလိုက်တည်ဆောက်ရင်း တံတိုင်းကြီးရဲ့အရှည်က တစ်နိုင်ငံလုံးကို နဂါးကြီးတစ်ကောင် ပတ်ထားသလို ပုံစံမျိုးဖြစ်သွားတာပါ။

နှစ်ပေါင်း ၂ဝဝဝ ကျော်ကာလအတွင်း မင်းဆက် (၂၀)ကျော်က နည်းလမ်းပေါင်းစုံနဲ့  တည်ဆောက်ခဲ့လို့ အခုခေတ်တိုင် ထင်ရှားကျော်ကြားနေတာဖြစ်တယ်လို့ သိရပါတယ်။

မဟာတံတိုင်းကြီးရဲ့အမြင့်ကို ၁၅ ပေမှ ၂၆ ပေထိ မြင့်ကြောင်းပြောကြတာလည်းရှိပါတယ်။ တချို့က မဟာတံတိုင်းကြီးဟာ ၇.၈ မီတာမြင့်ပြီး ၅, ၈ မီတာထူတယ်လို့ ပြောကြတာလည်းရှိပါတယ်။ တချို့ မှတ်တမ်းများမှာတော့ ၂၅. ၆ မီတာအမြင့်ရှိပြီး ၇. ၁ ကိုက် ကျယ်ဝန်းမှုရှိတယ်ရေးသားထားပါတယ်။

တချို့ကတော့ ဗြက်အကျယ်ဆုံးအမှတ်မှာ တံတိုင်းကြီးဟာ ၃၂ ပေအထိ အထူရှိကြောင်း သိရပါတယ်။ နေရာနဲ့လိုက်ပြီး မှတ်တမ်းတွေ မျိုးစုံကွဲပြားနေပါတယ်။ အဆိုပါ မဟာတံတိုင်းကို ကျောက်တုံးနဲ့ ရွှံ့များကိုသာ အသုံးပြုတည်ဆောက်ထားခြင်းဖြစ်ပြီး စတုဂံပုံ ကျောက်ပြားကြီးများနဲ့ အုတ်ချပ်ထူကြီးများကို အစီအရီ စနစ်တကျခင်းထားပုံက အသေးစိတ်ပြုလုပ်ထားတာဖြစ်ပါတယ်။

ချင်မင်းဆက်ခေတ်ကဆောက်ခဲ့တဲ့ မဟာတံတိုင်းကြီးဟာ မိုင်ပေါင်း ၃၁ဝဝ ရှိခဲ့ပြီး မင်မင်းဆက်မှာ မိုင်ပေါင်း ၆၂၀၀ မိုင် (ကီလိုမီတာအားဖြင့် ၉၉၇၈ ကီလိုမီတာ)ကို ဆောက်လုပ်ခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ဒီနေ့ခေတ်မှာတော့ မဟာတံတိုင်းကြီးရဲ့ အရှည်ဟာ ကီလိုမီတာ ၂၁၁၉၆.၁၈ ကီလိုမီတာ (၁၃၁၇၀.၆၉၅၆မိုင်) ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်ကကောက်ယူခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှု စစ်တမ်းအရ မင်းအဆက်ဆက် ပြုလုပ်ခဲ့တဲ့ အဆိုပါ တံတိုင်းများဟာ ပြည်နယ် ၁၅ ခုကို ဖြတ်ကျော်ပြီး အနောက်မြောက်ပိုင်းမှာ ရှင်းကျန်းဝေဂါအထိ ရှည် လျားသလို အရှေ့ဘက်မှာလည်း ကိုရီးယားနယ်နိမိတ်အထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။

တရုတ်ပြည်က မဟာတံတိုင်းဟာ ရောမမြို့ ရဲ့ Colosseum၊ အိန္ဒိယက တက်ခ်ျမဟာ စတဲ့ကမ္ဘာ့အံ့ဖွယ် ၇ ပါးထဲ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ မဟာတံတိုင်း (Great Wall) ဟာ တရုတ်နိုင်ငံရဲ့ အထိမ်းအမှတ် သင်္ကေတ တစ်ခုပါပဲ။ နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ မဟာတံတိုင်းကြီးဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ပေကျင်းကို ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေ အဓိကထားပြီး သွားလည်တဲ့နေရာတစ်ခု ဖြစ်နေပါတယ်။

ကရင်လေး (အိမ်မဲ)