【 ဆောင်းပါး 】ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ဟောင်ကောင်ဒေသ

【 ဆောင်းပါး 】ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ဟောင်ကောင်ဒေသ

ဟောင်ကောင်ဒေသဟာ ကိုဗစ်မတိုင်ခင်က ကမ္ဘာလှည့်ခရီးသွားတွေအများစု မျက်စိကျတဲ့နေရာတွေထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကာလမှာ အထိခိုက်ဆုံးက ခရီးသွားလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ ဟောင်ကောင်ဒေသလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဟောင်ကောင်ဒေသ (Hong Kong) ရဲ့ နာမည်အပြည့်အစုံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဖြစ်ပါတယ်။ ဒေသဧရိယာအတွင်းမှာ ဟောင်ကောင်ကျွန်း၊ ကျိုလုံ (Kowloon)၊ နယ်မြေ သစ် (New territories) နဲ့ အနီးအနားက ကျွန်းပေါင်း ၂၆၂ ကျွန်းတို့ပါဝင်ပါတယ်။ စုစုပေါင်းမြေမျက်နှာပြင် ဧရိယာဟာ ၁၁၀၆ ဒသမ ၆၆ စတုရန်းကီလိုမီတာရှိပါတယ်။

ဒီဒေသဟာ သာလွန်ကောင်းမွန်တဲ့ ပထဝီတည်နေရာနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစွာ အဆက်မပြတ် ဝင်ရောက်လာမှုကြောင့် ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ကုန်သွယ်မှုအချက်အချာဖြစ်လာခဲ့ပါတယ်။ ဟောင်ကောင်ဒေသရဲ့ ရွှေနှင့်နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ရေနက်ဆိပ်ကမ်းနဲ့ အင်ထရီပေါ့ကုန်သွယ်မှုတို့ဟာ နိုင်ငံတကာစီးပွားရေးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ထို့အတူပဲ ဟောင်ကောင်ဒေသဟာ အာရှတိုက်မှာ လူကြိုက်အများဆုံး ခရီးသွားဒေသတစ်ခုလည်း ဖြစ်ပြီးနိုင်ငံခြားခရီးသွားဝင်ငွေ၊ ခရီးသွားဦးရေနဲ့ ခရီးသွားတစ်ဦးချင်းစီရဲ့ သုံးစွဲမှုအညွှန်းကိန်းတွေဟာလည်း ကမ္ဘာ့ ခရီးသွားမြို့ပြကြီးထဲမှာ ထိပ်တန်းနေရာက ပါဝင်နေတာတွေ့ရပါတယ်။

ဟောင်ကောင်ဒေသရဲ့ ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေထဲမှာ Golden Bauhinia Square ဟာလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။ Golden Bauhinia Square ဟာ Hong Kong Convention and Exhibition Centre ရဲ့ ဘေးမှာတည်ရှိပြီး အမိနိုင်ငံတော်သို့ဟောင်ကောင်ပြန်လည်ရောက်ရှိလာခြင်း အထိမ်းအမှတ် အဖြစ်တည်ဆောက်ထားခဲ့တာလို့ သိရပါတယ်။

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ တည်ထောင်ခဲ့ပြီး ဗဟိုအုပ်ချုပ်ရေးအစိုးရက ဟောင်ကောင်ဒေသကို Golden Bauhinia ရုပ်တု လက်ဆောင်ပေးခဲ့ တာလို့ ဆိုပါတယ်။

Golden Bauhinia ရုပ်တုကို Hong Kong Convention and Exhibition Centre နံဘေးမှာ ထားရှိခဲ့ပြီး ပင်လယ်ပြင်ကို မျက်နှာမူထားကာ ဒီရင်ပြင်နေရာကိုလည်း Golden Bauhinia Square လို့ နာမည်ပေးခဲ့ပါတယ်။

နောက်ထပ် အထင်ကရနေရာတစ်ခုကတော့ ပေါင်လျန်ကျောင်းတော် (Po Lin Monastery)ဖြစ်ပါတယ်။ ပေါင်လျန်ကျောင်းတော် (Po Lin Monastery) ဟာ ဟောင်ကောင်တယွီကျွန်း (lantau) အနောက်ဘက် အောင် ဖိန်ကုန်းမြင့်ပေါ်မှာ တည်ရှိပြီး ဟောင်ကောင်ဒေသရဲ့ဇင်ဘုန်းကြီးကျောင်း ၄ ခုအနက်ထိပ်ဆုံးနေရာမှာ တည်ရှိပါတယ်။

ဒီကျောင်းတော်ဟာ ခရီးသွားတွေကို ဖုန့်ဟွမ်တောင် (Lantau Peak)မှာ နေထွက်ချိန်ကြည့်ဖို့ ဒါမှမဟုတ် ခဏတာ တရားအားထုတ်ဖို့အတွက် တည်းခိုခွင့်ပေးထားပါတယ်။ အရှေ့ခန်းမဆောင်ကြီးမှာ ရှေးဆန်တဲ့ အငွေ့ အသက်တွေ ရှိနေတယ်။

ကျောင်းတော်မုခ်ဦးရဲ့ မျက်နှာချင်းဆိုင်က မုယွီတောင်ထိပ်မှာ စကြာမုနိဗုဒ္ဓမြတ်စွာဘုရားရဲ့ကြေးရုပ်ပွားတော်ကြီး တစ်ခုရှိပါတယ်။ ၂၆.၄ မီတာအထိ မြင့်မားတာကြောင့် ကောင်းကင်ဘုံဗိမာန်ဘုရား (Tian Tan Buddha) လို့ ခေါ်ဆိုကြပါတယ်။ ဆင်းတုတော်ရဲ့အောက်ခြေက အလွှာ ၃ ဆင့်အပါအဝင် စုစုပေါင်းအမြင့်ဟာ ၃၄ မီတာနီးပါးရှိပြီး ကမ္ဘာပေါ်မှာအကြီးမားဆုံး အမိုးလွတ်ဗုဒ္ဓဘုရားကြေးရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။

ဟောင်ကောင်ဒေသရဲ့ လူသိများတဲ့ ဝိတိုရိယဆိပ်ကမ်း (Victoria Harbour)ကတော့ ဟောင်ကောင်ကျွန်းနဲ့ ကျိုလုံ (Kow loon) ကျွန်းဆွယ်နှစ်ခုအကြားမှာ တည်ရှိတဲ့ ပင်လယ်ဆိပ်ကမ်း ဖြစ်ပါတယ်။ ဟောင်ကောင်ဒေသဟာလည်း ဒီဆိပ်ကမ်းကြောင့် “အရှေ့တိုင်းပုလဲ” ဆိုတဲ့နာမည်နဲ့ ကမ္ဘာ့အကြီးဆုံး သဘာဝဆိပ်ကမ်း ၃ ခုထဲကတစ်ခုလို့ တင်စားခေါ်ဝေါ်ခံရသလို ဆိပ်ကမ်းဟာ ရေပြင်ကျယ်ဝန်းပြီး လှပဆွဲဆောင်မှုရှိတဲ့ ရှုခင်းတွေရှိနေပါတယ်။

ဆိပ်ကမ်းရဲ့အနောက်မြောက်ဘက်မှာ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး စင်တာတွေအနက်တစ်ခုဖြစ်တဲ့ Kwai Chun Container Terminal ရှိပါတယ်။ ဒါကြောင့်ဟောင်ကောင်ရဲ့ ညရှုခင်း အလှဟာ ဂျပန်နိုင်ငံက Hakodate တောင်နဲ့ အီတလီနိုင်ငံက နေပယ်မြို့ (Naples) တို့နဲ့အတူ ကမ္ဘာ့အလှဆုံး ညရှုခင်း ၃ ခု အဖြစ် သတ်မှတ်ခံရပါတယ်။

နောက်ထပ်ခရီးသွားတွေစိတ်ဝင်စားတဲ့ နေရာတစ်ခုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများကို ဒီလမ်းမမှာ ရိုက်ကူးခဲ့ကြဖူးတဲ့Temple Street ဖြစ်ပါတယ်။

Temple Street ဟာ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ကျို လုံ (Kow Loon) ကျွန်းဆွယ် ယိုမာတိခရိုင် (Yau Ma Tei) မှာတည်ရှိပြီး ဒေသရဲ့အလွန်ထူးခြားသော လမ်းမတန်း တစ်ခုဖြစ်တဲ့အပြင် ဟောင်ကောင်ရဲ့ နာမည်အကြီးဆုံး ညဈေးတန်းလည်း ဖြစ်ပါတယ်။

Temple Street ဟာ ဈေးချိုတဲ့ပစ္စည်းတွေရောင်းတဲ့ ညဈေးတန်းအဖြစ်နဲ့ လူသိများပါတယ်။ နေ့စဉ် ညနေစောင်းအချိန်ရောက်ရင် ဈေးစဖွင့်ပြီး Temple Street ရဲ့ လမ်းနံဘေးပေါ်က လမ်းဘေးဆိုင်တွေဟာ စတင်ဖွင့် လှစ်ကြတာ ဖြစ်ပါတယ်။ဒါ့အပြင် လူကြီး၊ လူငယ်မရွေးပျော်ရွှင်စွာ လည်ပတ်ကစားနိုင်သည့် “Disney Land ကစားကွင်း၊ ဟောင်ကောင်ကျွန်း၏  အမြင့်ဆုံးတောင်ထွတ်တစ်ခုဖြစ်သည့်  “ဗစ်တိုးရီးယား ကျောက်ဆောင် (Victoria Peak)စတဲ့ အထင်ကရနေရာတွေလည်း ရှိနေပါသေးတယ်။

ဟောင်ကောင်မှာ နှစ်ထပ်ဘတ်စ်ကားတွေစီးရင်း  နိုင်ငံတကာက အလှကုန်ပစ္စည်းမျိုးစုံ၊ ဘီယာအရက်၊ အိတ်၊ ရေမွှေး အစရှိတဲ့ Branded မျိုးစုံကို ရရှိနိုင်တဲ့အတွက် Branded ကောင်းကောင်းဝယ်ချင်တဲ့သူတွေ အ တွက်ကတော့ ဈေးဝယ်လို့အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။

ဟောင်ကောင်ဒေသဟာ နိုင်ငံတကာ မြို့ပြကြီးဖြစ်တဲ့အလျှောက် ၎င်းရဲ့ရုပ်ရှင်၊ ဂီတနှင့် ဓလေ့များတွင် အနောက်တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေးမှု ထိတွေ့ရောယှက်ခြင်းကို ထင်ဟပ်ပြနေပါတယ်။

တစ်ချိန်က ကမ္ဘာ့အချက်အချာနေရာတစ်ခုဖြစ်ခဲ့သည့် ဟောင်ကောင်ဒေသဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလကြောင့် ခရီးသွားစီးဆင်းမှုများ အဆမတန်နည်းပါးသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ အရင်လို ပြန်ဝင်လာဖို့ အတွင်ပုံစံမျိုးစုံနဲ့ ဆွဲဆောင်နေတာ တွေ့ရပါတယ်။

ဟောင်ကောင်အစိုးရက ဒေသအတွင်းသို့ ခရီးသွားများပိုမိုဝင်ရောက်လာစေရန်ရည်ရွယ်ပြီး လေယာဉ်လက်မှတ်အစောင် ငါးသိန်းကို အခမဲ့ပေးအပ်သွားမယ်လို့ ယခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့ပြီး ထိုအစီအစဉ်ကို မတ်လက စတင်သွားမယ်လို့ ဆိုထားပါတယ်။

ခန့်မောင်