【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆုတောင်းပြည့်ကျောင်းဆောင်ကြီး

【 ဆောင်းပါး 】ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆုတောင်းပြည့်ကျောင်းဆောင်ကြီး

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ တရုတ်လို Tiāntan (ထရန်းထန်)လို့ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆုတောင်းပြည့် ကျောင်းဆောင်အဆောက်အဦး ရှိပါတယ်။

အဲ့ဒီ Tiāntan (ထရန်းထန်) လို့ ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆုတောင်းပြည့်ကျောင်းဆောင် အဆောက်အဦးမှာ လိုရာဆုကိုတောင်းပါက ဆုတောင်းပြည့်တယ်လို့ ဒေသခံတွေက ယုံကြည်မှုတွရှိနေပါတယ်။

Tiāntan (ထရန်းထန်)လို့ ခေါ်တဲ့ ဆုတောင်းပြည့်ကျောင်းဆောင်အဆောက်အဦးက တရုတ်နိုင်ငံရဲ့မြို့ တော် ပေကျင်းမြို့မှာရှိတာဖြစ်ပါတယ်။ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မှာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ထူးခြားလက္ခဏာတွေပါတဲ့ နှစ်နိုင်ငံသင်္ကေတ အဆောက်အဦပုံဖြစ်တဲ့  မြန်မာနိုင်ငံကိုယ်စားပြု ရွှေတိဂုံဘုရားစေတီတော်ပုံနဲ့ တရုတ်နိုင်ငံကိုယ်စားပြု Tiāntān(ထရန်းထန်) The Temple of Heaven ဆုတောင်းပြည့် ကျောင်းဆောင်အဆောက်အဦပုံကို အဓိကထားဖော်ပြခဲ့တာ တွေ့ရပါတယ်။

ဘာဖြစ်လို့ Tiantan (ထရန်းထန်) ဆုတောင်းပြည့်ကျောင်းဆောင် အဆောက်အဦပုံကို ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အဓိကထားဖော်ပြသလဲဆိုရင် ဒီကျောင်းဆောင် အဆောက်အဦးက ချင်ခေတ်၊ မင်ခေတ်တို့ မှာ ဘုရင်တွေအနေနဲ့ တိုင်းပြည်အေးချမ်းသာယာဖို့၊ အစာရေစာ ပေါများပြည့်လျှံဖို့၊ ရာသီဥတုကောင်းမွန်ဖို့အတွက် တိုင်းပြည်နဲ့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် မိုးကောင်းကင်ကိုပူဇော်ပသတဲ့ ဆုတောင်း ပြည့်ကျောင်းဆောင် ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာတော့  မိုးစောင့်နတ်၊ မြေစောင့်နတ်တွေကို ပူဇော်မှုဟာ ဟိုးရှေးခေတ် တရုတ်ဘုရင်တွေနဲ့ တရုတ်လူမျိုးတွေကြားမှာအရေးကြီးတဲ့ ယုံကြည်ကိုးကွယ်မှု တစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါကြောင့်လည်း ကြီးကျယ်ခမ်းနားတဲ့ Tiantan (ထရန်းထန်)  ကျောင်းဆောင်အဆောက်အဦကြီးကို ရှေးခေတ်တရုတ်ဘုရင်တို့ အလေးအနက်ထားတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ အခုခေတ်အထိလည်း လူအများစုက Tiantan (ထရန်းထန်)  ကျောင်းဆောင်ကြီးမှာ လိုချင်တဲ့ဆုတွေ လာတောင်းကြတာရှိပါသေးတယ်။

အဆိုပါကျောင်းဆောင်ဆောက်အဦတွေကိုတော့ ၁၄ဝ၆ ခုနှစ်မှာဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၆ရာစု မှာ Jiajing ဧကရာဇ်က Tiāntán (ထရန်းထန်) အဖြစ် အမည်ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ Tiantán (ထရန်းထန်) ဆိုတဲ့ဆုတောင်းဆောင်ကို အဝိုင်းပုံစံတည်ဆောက်ထားပြီး အရှေ့ဘက်မှာ နေကိုပူဇော်ရာ အဆောင်၊ မြောက်ဘက်မှာ မြေကိုပူဇော်ရာ အဆောင်၊ အနောက်ဘက်မှာလ ကိုပူဇော်ရာအဆောင်အဖြစ်ဆောက် လုပ်ထားတာဖြစ်ပါတယ်။

၁၈ ရာစုမှာတော့ ချန်လုံဘုရင်ကအဆိုပါ Tiantan (ထရန်းထန်)  ဆုတောင်းပြည့်ကျောင်းဆောင်ကြီးကို အကြီးစားပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး တစ်နှစ်မှာ ၂ ကြိမ် မိုးကောင်းကင်ကို ပူဇော်ပွဲများကျင်းပလေ့ ရှိတယ်လို့ဆိုပါတယ်။

ပထမအကြိမ် ဆုတောင်းပွဲကို တရုတ်ရိုးရာပြက္ခဒိန်ရဲ့ နှစ်သစ်အစ ၁ လပိုင်း ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံး မိုးလေဝသကောင်းမွန်ပြီး ဘေးအန္တရာယ်မျိုးစုံကနေ ကင်းဝေးစေဖို့ ဆုတောင်းပွဲပြုလုပ်ပါတယ်။ ဒုတိယအကြိမ်ဆုတောင်းပွဲကိုတော့ နှစ်ကုန်ပိုင်းမှာ မိုးကောင်းကင်ရဲ့ စောင့်ရှောက်မှုကို ကျေးဇူးတင်ကြောင်းဖော်ပြတဲ့အနေနဲ့ ဆုတောင်းပွဲတွေ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်မှု လွဲချော်ခဲ့မယ်ဆိုရင် တစ်နှစ်ပတ်လုံး အဆင်မပြေမှုများနဲ့ကြုံတွေ့ရမယ်လို့  ဆိုပြီးယုံကြည်ကြတယ်လို့ ဆိုပါတယ်။

Tiantan (ထရန်းထန်)  ဆုတောင်းပြည့် ကျောင်းဆောင်ကြီးထဲမှာတော့  ထူးဆန်းပြီးအသံထွက်တဲ့ ကျောက်တုံးအဝိုင်းပြား တစ်ခုလည်းရှိပြီး  တရုတ်လို အဆိုပါ ကျောက်တုံးအဝိုင်းပြားကို “ထမ်းရှင်းကျောက်တုံး” လို့ခေါ်ပါ တယ်။ ကျောက်တုံးပေါ်မတ်တပ်ရပ်ပြီး တိုးတိုးလေးတစ်ချက်စကားပြောကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ပဲ့တင်သံကို ပြန်ကြားရတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံက ဆုတောင်းပြည့်ကျောက်တုံးကတော့ မြန်မာနိုင်ငံက တန်ခိုးကြီးဘုရားတွေမှာရှိတဲ့ ကျောက်တုံးတွေလိုလက်နဲ့ကိုင်မပြီး ဆုတောင်းစရာမလိုပါဘူး။ အဲဒီကျောက်တုံးပေါ် မတ်တပ်ရပ်ပြီး ဆုတောင်းရတာဖြစ်ပြီး  ဆုတောင်းပြည့်တယ်လို့ ဒေသခံတွေက အယူရှိကြတာဖြစ်ပါတယ်။

Tiantan (ထရန်းထန်) ဆုတောင်းပြည့်ကျောင်းဆောင်ကြီးရဲ့ အဆောက်အဦပုံစံက မိုးကောင်းကင်ကို ကိုယ်စားပြုတဲ့ စက်ဝိုင်းပုံစံဖြစ်ပြီး အမိုးချွန်းမှာ အဝိုင်းအဆင့် (၃)ဆင့်ထည့်ထားပါတယ်။ အရှည်ကတော့ (၃၈) မီတာထိ ရှည်ပါတယ်။ အမိုးကိုလည်း အပြာရောင်ဆေးခြယ်ထားပြီး အဆောက်အဦတစ်ခုလုံးကို သစ်သားထုပ်တန်းတွေနဲ့သာ အဓိကတည်ဆောက်ထားတာဖြစ်ပါတယ်။

ကျောင်းဆောင်ကြီးမှာ  ထူးခြားမှုတွေကတော့ စကျင်ကျောက်နဲ့ပုံဖော်ထားတဲ့ ပန်းပုလက်ရာတွေ၊လက်ရန်းများတစ်လျှောက် တိုင်လုံးတွေမှာ ပုံဖော်ထားတဲ့ ကျောက်ဆစ်ပန်းပုလက်ရာများက တကယ့်ကို လက်ရာမြောက်လှပါတယ်။

အဆိုပါ ကျောင်းဆောင်ကြီးရဲ့ ပတ်ဝန်းကျင်မှာတော့  နှစ်ပေါင်း ၈၀ဝ မကသက်တမ်းရှိတဲ့ ထင်းရှူးပင်တစ်ပင်ရှိပြီး  နဂါးကိုးကောင်သစ်ပင်အဖြစ် လူသိများတယ်လို့သိရပါတယ်။ ပေကျင်းမှာ ရှေးအကျဆုံးသစ်ပင် လို့လည်း ပြောပါတယ်။

Tiantan(ထရန်းထန်)  ဆုတောင်းပြည့်ကျောင်းဆောင်ကြီးရဲ့ထင်းရှားတဲ့ သမိုင်းကိုပြောရမယ်ဆိုရင်တော့ ၁၈၆၀ ခုနှစ်မှာ ဒုတိယအကြိမ်ဘိန်းစစ်ပွဲနဲ့အတူ ချင်မင်းဆက်ရဲ့ ဩဇာအာဏာလည်း ကျဆင်းခဲ့သလို ဒီဆုတောင်းပြည့်ကျောင်းဆောင် အင်္ဂလိပ်တို့ရဲ့လုယက်ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ၁၉၁၄ ခုနှစ်မှာတော့ တရုတ်နိုင်ငံသမ္မတအဖြစ် ယွမ်ရှီခိုင် အာဏာရယူပြီးနောက်ပိုင်း ၁၉၁၈ မှာ ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်ပြီး ပြည်သူအများကိုလေ့လာနိုင်ဖို့ ဒီနေရာကိုပြန်လည် ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၁၉၉၈ မှာတော့ ဒီဆုတောင်းပြည့်ကျောင်းဆောင်ကြီးကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြည်တွင်းပြည်ပ ခရီးသွားလာရောက်မှု ပိုမိုများပြားလာပြီး မြန်မာနိုင်ငံကနေလည်း ကူမင်း-ရှန်ဟိုင်း- ပေကျင်း အလည်အပတ်ဘုရားဖူး ခရီးစဉ်တွေမှာ Tiantan (ထရန်းထန်)  ဆုတောင်းပြည့်ကျောင်းဆောင်ကြီး နေရာကိုလည်ပတ်တဲ့နေရာအဖြစ် ထည့်သွင်းလာပါတယ်။

နိုင်ငံတကာခရီးသွားဧည့်သည်တွေအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့မြို့တော် ပေကျင်းမြို့ကို ရောက်ရင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Tiāntan (ထရန်းထန်) လို့ ခေါ်တဲ့ ဆုတောင်းပြည့်ကျောင်းဆောင် အဆောက်အဦးရှိရာကို မဖြစ်မနေသွားရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။

ကရင်လေး (အိမ်မဲ)