【 ဆောင်းပါး 】ကိုဗစ်အလွန် မြန်မာ-တရုတ်ကုန်သွယ်ရေး အလားအလာ

【 ဆောင်းပါး 】ကိုဗစ်အလွန် မြန်မာ-တရုတ်ကုန်သွယ်ရေး အလားအလာ  

မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေတဲ့ ပြည်ပနိုင်ငံတွေထဲမှာ အိမ်နီးချင်းတရုတ်နိုင်ငံက ထိပ်ဆုံးက ရပ်တည်နေတာဖြစ်ပါတယ်။  တရုတ်နိုင်ငံရဲ့ နောက်မှာတော့ ထိုင်း၊ စင်ကာပူ၊  ဂျပန်၊ အိန္ဒိယ စတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု အများဆုံးပြုလုပ်တဲ့ ထိပ်သီးကုန်သွယ်ဘက်နိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တုန်းက မြန်မာ- တရုတ်နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏတန်ဖိုးဟာ အမေရိကန် ဒေါ်လာသန်း ၁၁၇၀၀ ကျော်ရှိခဲ့ပါတယ်။ မြန်မာ-တရုတ်ကုန်သွယ်မှုကို နယ်စပ်လမ်းကြောင်းနဲ့ ရေလမ်းကြောင်းကပါ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ သန်း ၅၇၀၀ ကျော်နဲ့ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၆၀၈၇ သန်းကျော် ရှိခဲ့ပါတယ်။

ထိုစဉ်က အခြားပြည်ပနိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၅၀၀၀ ကျော် ၊ စင်ကာပူနိုင်ငံနဲ့ ကန်ဒေါ်လာသန်း ၃၈၀၀ ကျော်၊ ဂျပန်နိုင်ငံနဲ့ ကန်ဒေါ်လာသန်း ၂၀၀၀ နီးပါး၊ အိန္ဒိယနိုင်ငံနဲ့ ကန် ဒေါ်လာသန်း ၁၅၀၀ နီးပါးတန်ဖိုးသာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနဲ့ တရုတ်ကုန်သွယ်မှုတန်ဖိုးဟာ မြန်မာနဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယစတဲ့ နိုင်ငံလေးနိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးလောက် ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ (Mini Budget)ကာလမှာလည်း မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးဟာ သန်း ၆၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၁၁၃၉၃ သန်း ရှိခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁၂၁၄၉ သန်းထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကုန်သွယ်မှု တန်ဖိုးဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းကနေ လက်ရှိအချိန်ထိ ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုတွေထဲမှာ အများဆုံးဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှု စတင်ခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်တန်ဖိုးက  အနည်းငယ်လျော့ကျတာ တွေ့ရပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ-တရုတ်ကုန်သွယ်မှုတန်ဖိုးက ကန်ဒေါ်လာသန်း ၉၈၀၀ ကျော်သာရှိခဲ့သလို ၂၀၂၁-၂၀၂၂  (Mini Budget)မှာလည်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၄၃၀၀ကျော်သာ ရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပိတ်သိမ်းခဲ့ရတာတွေ၊ အသွားလာ ကန့်သတ်ခဲ့ရတာတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ ကြန့်ကြာမှုတွေရှိခဲ့တာ ကြောင့်လည်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ပုံမှန်ကာလတွေထက် လျော့ကျခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ယခု ၂၀၂၃ခုနှစ်ဆန်းပိုင်းကစပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို ပုံမှန်နီးပါး ပြန်လည်ဖွင့်လာနိုင်ပြီ ဖြစ်သလို ကိုဗစ်ကာလအတွင်းက ချမှတ်ခဲ့တဲ့ ကန့်သတ်ချက်တွေကိုလည်း ပြန်လည်ဖြေလျှော့ပေး ထားတာတွေ့ ရပါတယ်။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်မှုရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းဟာ ပုံမှန် နီးပါး ပြန်လည်အသက်ဝင်လာနေပြီ ဖြစ်ပါတယ်။

အခုလက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ကန် ဒေါ်လာ သန်း ၇၀၀၀ နီးပါးရှိတယ်လို့ စီးပွားကူးသန်းရဲ့ အချက်တွေမှာ ဖော်ပြထားပါတယ်။ ဒီ ၉ လအတွင်း မှာ တရုတ်နိုင်ငံသို့ ပို့ကုန် ကန်ဒေါ်လာသန်း ၂၆၀၀ ကျော်နဲ့ သွင်းကုန် ကန်ဒေါ်လာ သန်း ၄၃၀၀ နီးပါး တင်သွင်းခဲ့တာဖြစ်ပါတယ်။

အလားတူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းအသီးသီးရဲ့ ကုန်သွယ်မှုတန်ဖိုးဟာလည်း လက်ရှိ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ရက်အထိ ကန်ဒေါ်လာသန်း ၂၆၀၀ကျော်အထိ ရှိခဲ့ပြီး ယခင်ကာလတူထက် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာသန်း ၅၀၀နီးပါး တိုးလာတာ တွေ့ရပါတယ်။

လက်ရှိမှာ နယ်စပ်လမ်းကြောင်းတွေ ပုံမှန်နီးပါး ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သလို ကုန်သွယ်မှုတန်ဖိုးတွေကလည်း တိုးလာတာတွေ့ရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုမှာ ကုန်းလမ်းနဲ့ ရေလမ်းကြောင်းတွေက တစ်ဆင့် အရှိန်အဟုန်နဲ့ ပြန်လည်စတင်နေတာ ဖြစ်ပါတယ်။

လက်ရှိဘဏ္ဍာနှစ် ၉ လအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ကိန်းဂဏန်းအချက်လက်တွေအရ ကိုဗစ်ကာလအတွင်းက ကုန်သွယ်မှုတန်ဖိုးထက် မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာလည်း ကိုဗစ်ကပ်ရောဂါ မတိုင်ခင်တုန်းကလို အခြေနေမျိုးပြန်ရောက်ဖို့ အလားအလာ ကောင်းတွေရှိနေတာဖြစ်ပါတယ်။

ခန့်မောင်