【 ဆောင်းပါး 】ကျေးလက်ဒေသခံများ ဝင်ငွေရစေသည့် ကြိမ်ထည်ရက်လုပ်မှု

【 ဆောင်းပါး 】ကျေးလက်ဒေသခံများ ဝင်ငွေရစေသည့် ကြိမ်ထည်ရက်လုပ်မှု

လက်မှုပညာရပ်များအနက်တွင် ကြိမ်ထည်ရက်လုပ်မှုမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။  မြန်မာနိုင်ငံတွင် ကြိမ်ထည်ရက်လုပ်မှုကို ရှေးခေတ်ကာလများစွာကတည်းက လုပ်ဆောင်ကြပြီး စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအရ အရေးပါသည့် လုပ်ငန်းမျိုးလည်း ဖြစ်သည်။ ကျေးလက်ဒေသများတွင် ထုတ်ကုန်များကို ကြိမ်ထည်များဖြင့် ရက်လုပ်လေ့ရှိကြပြီးနောက် စျေးကွက်အတွင်းရောင်းချခြင်းဖြင့် ဝင်ငွေရရှိစေရန် ဖန်တီးပေးရာ လုပ်ငန်းလည်း ဖြစ်သည်။

ခေတ်ကာလအရ အသွင်ဒီဇိုင်းနှင့်အပြင်အဆင်အမျိုးမျိုးဖြင့် လုပ်ဆောင်လေ့ရှိကြသလို စျေးကွက်လိုအပ်ချက်အရ ပုံစံများကို ထုတ်လုပ်လေ့ရှိကြသည်။ ပြည်တွင်းတွင် ကြိမ်ထည်ရက်လုပ်လေ့ရှိသည့် ဒေသများအတွင်း ဒေသတစ်ခုနှင့်တစ်ခု ရက်လုပ်မှုလက်ရာများ အနည်းငယ်ကွာခြားလေ့ရှိပြီး လက်ရှိအချိန်အထိ တစ်ပိုင်တစ်နိုင်သာ ထုတ်လုပ်မှုများပြားကြသလို ပြည်တွင်း စျေးကွက်ကိုသာ ဦးတည်ရောင်းချနေခြင်းများလည်း ရှိသည်။ အချို့ သော ကြိမ်ထည်များမှာ ပြည်ပစျေးကွက်သို့ တင်ပို့နေပြီး စျေးကွက်အခိုင်အမာရရှိခြင်းများလည်း ရှိနေသည်။

ထို့အပြင် ပြည်ပစျေးကွက်သို့ တင်ပို့ ရောင်းချနေသည့် စျေးကွက်ကို ချဲ့ထွင်နိုင်ရန် ကြိုးပမ်းမှုများရှိနေပြီး အဓိကအားဖြင့် မြန်မာနိုင်ငံလောက် ကြိမ်၊ ဝါး မထွက်သလို စိုက်သလောက်မဖြစ်ထွန်းသည့် နိုင်ငံမျိုးဖြစ်သော ဘရားဇီး၊ ကိုလံဘီယာ၊ ကွာတီမာလာ တို့ကဲ့သို့သော နိုင်ငံများကို အဓိကထား တင်ပို့ရန် စီစဉ်မှုများလည်း ရှိနေကြသည်။ ထိုသို့လုပ်ဆောင်ခြင်းများဖြင့် ပြည်တွင်းမှ ကျေးလက်ဒေသနေ စိုက်ပျိုးလုပ်ကိုင်ကြသော ဒေသခံများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ရန် မျှော်မှန်းလာကြခြင်းလည်း ဖြစ်သည်။

ထိုကြိမ်ထည်အပါအဝင် လက်မှုလုပ်ငန်းတွင် ကျေးလက်ဒေသခံများအတွက် ပြည်တွင်းနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ အနက်မှ တစ်ဖွဲ့ဖြစ်သော ActionAid အဖွဲ့ကလည်း လက်မှုပညာရပ်များ ဖော်ထုတ်ထိန်းသိမ်းမှုကို ၂၀၁၃ ခုနှစ်လောက်ကတည်းက စတင်ရန် ကြိုးပမ်းမှုများရှိနေပြီး ကျေးရွာပေါင်း ၁၃၄ ရွာမှ ဒေ သခံ ၂၅၀၀ ဝန်းကျင်ကို လိုအပ်သည့် သင်တန်းများပေးခြင်း၊ ကုန်ကြမ်းများ ပေးအပ်ပြီး ကုန်ချောအတွက်ဈေးကွက်ဖော်ဆောင်မှုကို လုပ်ဆောင်ခဲ့ဖူးသည်။

ထိုကဲ့သို့သော ကျေးလက်နေ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းစေမည့် ကြိမ်ထည်လက်မှုလုပ်ငန်းများ နှင့်ပတ်သက်လျှင် အိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုအနေအထားမှာ အတုယူအားကျစရာဖြစ်သည်။ ကြိမ်ထည်နှင့်အတူ အခြားသောပစ္စည်းများဖြင့် ရက်လုပ်သည့်လုပ်ငန်းများ၊ မိုးမခအခက်ဖြင့် ပစ္စည်းများ ရက်လုပ်သည့် လုပ်ငန်းများကလည်း စိတ်ဝင်စားစရာပင်ဖြစ်သည့်အပြင် ကျေးလက်နေဒေသခံများအတွက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးသည်အထိ အထောက်အကူများဖြစ်စေခဲ့သည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံအတွင်း စန်းတုန်းပြည်နယ်၊ Linshu ခရိုင်မှ မိုးမခအခက်ဖြင့် ပစ္စည်းများ ရက်လုပ်မှုလုပ်ငန်းမှာလည်း အောင်မြင်နေပြီး ကျေးလက်နေဒေသခံများအတွက် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်လမ်းများကို ဖန်တီးပေးသော လုပ်ငန်းအဖြစ် အခိုင်အမာ ရပ်တည်နေသည်ကို မြင်ရပေမည်။ ထိုဒေသတွင် မိုးမခအခက်ဖြင့် ပစ္စည်းများပြုလုပ်မှုမှာ နှစ်ပေါင်း ၁၄၀၀ ခန့်ရှိပြီး ရှည်လျားသော သမိုင်းကြောင်းရှိခဲ့သည်။ အဆိုပါ ရက်လုပ်မှုနည်းပညာသည်လည်း ၂၀၂၁ ခုနှစ်က တရုတ်အမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပဉ္စမအသုတ်အဖြစ် စာရင်းသွင်းကာထည့်သွင်းခြင်းခံရသည့် လုပ်ငန်းလည်းဖြစ်သည်။

ထိုသို့သော မိုးမခအခက်ဖြင့် လက်မှုပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများမှာ ၄၀၀ ကျော်အထိရှိသလို ယင်းလုပ်ငန်းများတွင် လူတစ်သိန်းလောက်အထိ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးလာနိုင်သည့် အခြေအနေမျိုး ဖြစ် သည်။ ပြီးခဲ့သော ၂၀၂၂ ခုနှစ်က ထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၄ ဘီလီယံရှိခဲ့ပြီး အောင်မြင်နေသော လုပ်ငန်းတစ်ခုလည်း ဖြစ်လာကာ စိတ်ဝင်စားစရာကောင်းသည့် လုပ်ငန်းမျိုးလည်း ဖြစ်သည်။

ထို့အတူ တရုတ်နိုင်ငံ၏ ကြိမ်ထည်ပစ္စည်းများ ရက်လုပ်သည့်လုပ်ငန်းမှာလည်း သိသာထင်ရှားသော တိုးတက်မှုများ ကြုံလျက်ရှိသည်။ လူသုံးများသည့် ပရိဘောဂများ၊ ခြင်းတောင်းများ၊ အလှဆင်ပစ္စည်းများနှင့် အခြားပစ္စည်းများ အပါအ ဝင် ထုတ်ကုန်မျိုးစုံကို ဖန်တီးရန် ကြိမ်ထည်ကို အသုံးပြုကြပြီး ရှည်လျားသော သမိုင်းကြောင်းလည်းရှိခဲ့သည်။ တရုတ်နိုင်ငံရှိ ကြိမ်ရက်လုပ်ခြင်းလုပ်ငန်းသည် ခေတ်နှင့်အညီ ရိုးရာနည်းပညာများကို ခေတ်မီသော ဒီဇိုင်းများနှင့် နည်းပညာများ ပေါင်းစပ်ထုတ်လုပ်ကာ တိုးတက်ပြောင်းလဲမှုများ ရှိနေသည်မှာ အားကျစရာကောင်းလှသည်။

မြန်မာနိုင်ငံတွင်လည်း ကြိမ်ထည်ရက်လုပ်သည့် လုပ်ငန်းမှာ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့သည်။ နည်းပညာများကို မျိုးဆက်တစ်ခုမှ တစ်ခုသို့လက်ဆင့်ကမ်းကာ ဝေငှခြင်းဖြင့် မိသားစုရိုးရာ လုပ်ငန်းများအဖြစ် တည်ရှိလာခဲ့ပြီး ယခုနောက်ပိုင်းတွင် တွင်ကျယ်အောင်ကြိုးပမ်းမှုများရှိလာခဲ့သည်။ သို့ရာတွင် မကြာသေးမီနှစ်များအတွင်းက မြန်မာနိုင်ငံရှိ ကြိမ်ထည်များ ရက်လုပ်သည့် လုပ်ငန်းမှာ စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်ခဲ့ကြရသည်။ သဘာ၀ပတ် ဝန်းကျင်ဆိုင်ရာ အခြေအနေများနှင့် မူဝါဒအခြေအနေများကြောင့်လည်း ဖြစ်သလို နောက်ပိုင်းတွင် အသင်းအဖွဲ့များဖြင့် အစုအဖွဲ့အဖြစ် လုပ်ဆောင်ကာ ကြိုးပမ်းခြင်းကြောင့် ပြည်ပစျေးကွက်အခွင့်အလမ်းများရှိလာခဲ့သည်။

ထိုသို့ ပြည်ပတင်ပို့ရန် အခွင့်အလမ်းကောင်းများကို ဆုပ်ကိုင်နိုင်ရန် အသင်းအဖွဲ့များဖြင့် ပူးပေါင်းလုပ်ဆောင်မှုသာမကဘဲ ဌာနဆိုင်ရာများ၏ ပံ့ပိုးမှုများဖြင့်လည်း လုပ်ဆောင်မှုရှိလာကြသည်။ ကြိမ်၊ ဝါးများ အများဆုံးထွက်ရှိရာ ဧရာ၀တီ တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများတွင် လုပ်ဆောင်မှုများရှိသလို လင်ပန်းပုံအမျိုးမျိုး၊ ဖိုင်ထည့်သည့် ခြင်းပုံစံ အမျိုးမျိုး၊ အမှိုက်ခြင်း အမျိုးမျိုးတို့ကို အရွယ်အစားစုံအောင် ထုတ်လုပ်လျက်ရှိသလို ကုန်ပစ္စည်းအမယ်ပေါင်း ၁၀၀၀၀ ကျော်အထိ ထုတ်လုပ်ကာ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ တစ်လလျှင် ပျမ်းမျှ ကုန်သေတ္တာပုံး သုံးလုံးခန့် တင်ပို့နိုင်မှုများရှိလာသည်။ ဆက်လက်၍လည်း ထုတ်လုပ်မှုနည်းပညာအဆင့်မြှင့်တင်ရန် လုပ်ဆောင်မှုများရှိသလို ပြည်ပစျေးကွက်တွင်လည်း စျေးကွက် ချဲ့ထွင်နိုင်ရန် ကြိုးပမ်းမှုများရှိနေခြင်းကြောင့် လာမည့် အနာဂတ်ကာလတွင် ကြိမ်၊ ဝါးများမှကုန်ပစ္စည်းများ ထုတ်လုပ်မှုမှာ ဆက်လက်တိုးတက်လာမည့် အခြေအနေမျိုးဖြစ်နေခဲ့သည်။

ကျေးလက်ဒေသခံများအတွက် အဓိကအခြေပြုရာ လုပ်ငန်းလည်းဖြစ်သည့်အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကြိုးပမ်းချက် အောင်မြင်ခဲ့သော အခြေအနေ အခွင့်ကောင်းကို အတုယူ၍ ပြည်တွင်း၌လည်း စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် အကျိုးရှိစေကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပေါ် ထိရောက်သည့် သက်ရောက်မှုများဖြစ်လာစေနိုင်မည်ဟု ရေးသားလိုက်ရပေသည်။

ဧပရယ်လ်