【 ဆောင်းပါး 】ငယ်ငယ်တုန်းက ချောင်းသာ

【 ဆောင်းပါး 】ငယ်ငယ်တုန်းက ချောင်းသာ

၁၉၉၈ခုနှစ်မှာ ကျနော်ဂျီတီအိုင်ကျောင်းပြီးလို့ အောင်လက်မှတ်ရပြီးမကြာမီ ဝမ်းရေးခက်လှတဲ့ ဘဝပေးအခြေအနေအရ အလုပ်တစ်ခုရရေးကို အသဲအသန်လုံးပမ်းရတယ်။ခေတ်ကာလက သာမန်ဘွဲ့ရထက် ဂျီ တီအိုင် အင်ဂျင်နီယာ ဒီပလိုမာက အလုပ်တစ်ခုရဖို့ လွယ်ပေမဲ့ အလုပ်တွေကတော့ ကောင်းကောင်းကန်းကန်း ရယ်မဟုတ်ပါဘူး။

ပထမ၊လူတစ်ဝက် စက်တစ်ဝက်နဲ့ ဝရုန်းသုန်းကားလည်ပတ်နေတဲ့ ကတ်ထူပုံးထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူး။စက်ရုံထုတ်ကတ်ထူပုံးကို ဒေါ်လာနဲ့ရောင်းနေပေမဲ့ အလုပ်သမားတွေကျတော့ နည်းနည်းလေးမှကို စေတနာမရှိဘူးဆိုတဲ့စက်ရုံမျိုး။တစ်နေ့အလုပ်ချိန်၁၂နာရီ။ပိတ်ရက်ဆိုတာမရှိ။နေ့စား အပတ်ရှင်းစနစ်။အဲဒီစက်ရုံမှာ ရုံးဝန်ထမ်းနည်းနည်းကလွဲ ကျန်တာအကုန် နေ့စားတွေချည်း။ဘာလို့နေ့စားပဲခန့် သလဲဆိုတော့ အလုပ်သမားတွေကို ပိတ်ရက်မပေးချင်တာနဲ့ အလုပ်သမားအခွင့်အရေးဘာတစ်ခုမှမပေးချင် တာကြောင့်တဲ့။

အဲဒီစက်ရုံရောက်ပြီး တစ်လမပြည့်ခင်မှာကို ကျနော့်ဘဝရဲ့ ကြီးမားတဲ့ရည်မှန်းချက်ဆိုတာ နောက် အလုပ်တစ်ခုရရှိရေးပဲဖြစ်တယ်။ကတ်ထူပုံးစက်ရုံအလုပ် ၆လမပြည့်ခင်လေးမှာပဲ ကတ်ထူပုံးထက်ပိုကောင်း တဲ့ ကော်ဖီမစ်ထုပ်ပိုးစက်ရုံတစ်ခုမှာ ကော်ဖီမစ်ထုပ်ပိုးစက်ကိုမောင်းရတဲ့ အော်ပရေတာအလုပ်ရတယ်။အရင် အလုပ်ထက်လစာပိုကောင်း၊လခစားလည်းဖြစ်၊တစ်ပတ်တစ်ရက်လည်း ပိတ်ရက်ရှိတာမို့ မဆိုးဘူးဆိုတဲ့စက် ရုံမျိုး။

အဲဒီစက်ရုံမှာ စက်မောင်းဆိုတာက ဂျီတီအိုင်ဆင်းတွေကိုခန့်တာမို့ စက်မောင်းဆိုပေမဲ့ နည်းနည်းတော့ဆရာကျတယ်။ပြီးတော့ ကောင်မလေးတွေနဲ့ လက်ပွန်းတတီးအလုပ်လုပ်ရတာမို့ ဝင်ခါစမှာ နည်းနည်း ကြောင်ပေမဲ့ ပြီးတော့ ပျော်စရာတွေများလာတယ်။

စက်ရုံရောက်လို့ စက်ဖွင့်ပြီဆိုတာနဲ့ မနားတမ်းလုပ်ရတယ်ဆိုပေမဲ့ ဟိုလို ပင်ပန်းတာမျိုးလည်းမဟုတ်၊မတ်တပ်တော့တောက်လျှောက်ရပ်ရတယ်။စက်ထဲကနေ အတန်းလိုက်ထွက်ကျလာတဲ့ ကော်ဖီမစ်အထုပ်သေးတွေကို  ၁၂ထုပ်တစ်ခါ ဖြတ်နေတဲ့ ကောင်မလေးတွေနဲ့ ပွားလိုက်။ထုပ်ပိုးအရည်အသွးစံချိန်မီ၊မမီ စောင့်ကြည့်နေတဲ့ Quality Control မမ တွေနဲ့ ပွားလိုက်။ထမင်းစားချိန်မှာ လက်ဆုံစားလိုက်။ကော်ဖီ သောက်ချိန်မှာ ကော်ဖီအတူသောက်လိုက်နဲ့။စက်ရုံက ဘဝအာမခံချက်မပေးနိုင်၊လစာခပ်ကောင်းကောင်း စက်ရုံတွေထဲ မပါပေမဲ့ ပျော်စရာတော့အကောင်းသား။ဘာပဲဖြစ်ဖြစ် အခုမှ လုပ်ငန်းခွင်ဝင်ခါစသူတွေအတွက် ဆိုးတော့မဆိုးလှ။

ပြီးတော့ အဲဒီစက်ရုံရဲ့ တစ်နှစ်မှာတစ်ခါ အပန်းဖြေခရီးလိုက်ပို့ပေးတာကတော့ အင်မတန်ကောင်းလှတယ်။ကော်ဖီမစ်ထုပ်ပိုးလုပ်ငန်းဆောင်ရွက်ရာမှာ မလိုအပ်တဲ့စွန့်ပစ်ပစ္စည်းတချို့ရှိတယ်။အဲဒီစွန့်ပစ်ပစ္စည်း တွေကို ပြန်လည်ရောင်းချလို့လည်းရတယ်။တစ်နှစ်တာ စွန့်ပစ်ပစ္စည်းရောင်းချလို့ရတဲ့ငွေဟာ စက်ရုံဝန်ထမ်းတွေကို အပန်းဖြေခရီး စပါယ်ရှယ်ပို့ပေးနိုင်တယ်တဲ့။

တစ်နှစ်တာစွန့်ပစ်ပစ္စည်းရောင်းချရငွေ ဘယ်လောက်ရှိသလဲမသိပေမဲ့ အပန်းဖြေခရီးကိုတော့ သူဌေးလေးတွေရဲ့ အပန်းဖြေခရီးပမာ သေချာအကုန်ကျခံပို့ပေးတယ်။ပြီးတော့ စက်ရုံကိုဉီးဆောင်တဲ့နိုင်ငံခြားသား နှစ်ယောက်ကလွဲ ကျန်မြန်မာဝန်ထမ်းအကုန်လုံး ဟိုး…အောက်ခြေ သန့်ရှင်းရေးဝန်ထမ်းအထိ တန်းတူ သူလည်းဟိုတယ်ဘန်ဂလို၊ကိုယ်လည်းအတူ အဲဒီလိုတန်းတူအပန်းဖြေခရီးမို့ ပိုပျော်မိတယ်။

၁၉၉၉ခုနှစ်ထင်တယ်။အပန်းဖြေကမ်းခြေအဖြစ် ကျော်ကြားလာတာ ဘာမှမကြာသေးတဲ့ ချောင်းသာ ကို ခရီးထွက်ကြမယ်တဲ့။တစ်ခါမှ ကမ်းခြေမရောက်ဖူးတဲ့ကျနော့်အတွက် ကြားရတဲ့သတင်းက နားထဲအထိကို လိုက်ချိုလို့။၂ညအိပ် ၃ရက်ခရီး။ပထမဆုံးအကြိမ် သူငယ်ချင်းအလုပ်ဖော်တွေအများကြီးနဲ့ ခရီးထွက်ရခြင်း။

မနက်အစောကြီး စက်ရုံကိုရောက်တော့ စက်ရုံရှေ့ကားလမ်းပေါ် သန့်သန့်ပြန့်ပြန့် မီနီဘတ်စ်တွေက စောင့်နေတယ်။ကိုယ်စီးရမယ့်ကားနံပါတ်ပြောပြီးသား၊ထိုင်ခုံနံပါတ်လည်းပြောပြီးသားမို့ ဘယ်ကားပေါ်တက် ရမလဲလို့ ဗျာများနေစရာမလို။ကားပေါ် လူချောင်ချောင်ချိချိ။ရေသန့်ဗူးတွေအပြည့်၊မနက်ခင်းအဆာပြေ တစ်ယောက်တစ်ဗူးစီ အဆင်သင့်။

ထုံးစံအတိုင်း ကားပေါ်ရောက်ပြီးမကြာခင် အိပ်။ဗိုလ်မြတ်ထွန်းတံတားဟိုဘက်ရောက်တော့ လက်ဖက်ရည်သောက်ခဏနား။လူတွေကနည်းနည်းလန်းလာတော့ ကားပေါ်မှာ ဂစ်တာသံတွေ ထွက်လာ တယ်။ဆိုချင်ဆို ငိုက်ချင်ငိုက်နဲ့ ပုသိမ်ကိုရောက်တော့ ထမင်းစားကြမယ်ဆိုတော့ စားပေါ့။

အကောက်အကွေ့တွေ၊အတက်အဆင်းတွေများလာတဲ့နေရာရောက်တော့ ပထဝီကျွမ်းကျင်သူသူငယ်ချင်းက ပင်လယ်ကိုအဆုံးသတ်ပေးဖို့ တောင်ဆိုတာရှိတယ်။တောင်တွေခံနေလို့သာ ပင်လယ်ဟာ ဆက်မစီးနိုင် တော့တာ။ ချောင်းသာကိုရောက်ဖို့ တောင်ပေါ်စတက်နေပြီတဲ့။ခမ်းနားလွန်းလှတဲ့ သစ်ရိပ်ဝါးရိပ်တွေနဲ့ တောင်ပေါ်တက်နေပြီဆိုတာ့ ပိုငေးရတော့တယ်။

သိပ်မကြာပါဘူး။ချောင်းသာရောက်ရန် ၅မိနစ်အလိုတဲ့။ကားပေါ်မှာ သီချင်းသံတွေ ပိုဝဲလို့။နှစ်တွေ ကြာပြီမို့ ဟိုတယ်နာမည်ကိုတော့မေ့ပြီ။နေချင်စဖွယ် ဘန်ဂလိုတွေအပြည့်နဲ့။ဘန်ဂလို ဟိုဘက် နည်းနည်း လေးလှမ်းလိုက်တာနဲ့တင် နာမည်ကျော်ပင်လယ်ပြင်ကြီးက ဆီးလို့။

ကျနော်တို့သူငယ်ချင်း၃ယောက်က ဘန်ဂလိုတစ်လုံး။ဘန်ဂလိုနဲ့တွဲလျက် ဟင်းလင်းပွင့်နေတဲ့ဝရန် တာမှာ သောက်နိုင်စားနိုင် ငေးနိုင်တဲ့ ကုလားထိုင်တွေနဲ့လှလို့။

ပင်လယ်လေကိုဝဝရှူ၊ပင်လယ်ရေပေါ် ဘောကွင်းနဲ့ ပက်လက်လှန်။လှိုင်းပြင်းပြင်းပုတ်ပြီဆို ဟေး ခနဲ။လှိုင်းအပုတ်မှာ ကောင်မလေးတစ်ယောက်ယောက်ဟန်ချက်ပျက်ခဲ့ရင်တော့ ကျနော်တို့က အဆင်သင့် ကယ်တင်ရှင်ပေါ့။

ညဘက်မှာ ဟိုတယ်စာဘူဖေး။ပြီးတော့ ကာရာအိုကေနဲ့ ဘီယာအေးအေး။ပြီးတော့ ကိုယ့်အစီအစဉ် နဲ့ကိုယ် ငါးကင်မွှေးမွှေး၊ပုစွန်ကင်မွှေးမွေးလေး၊ရန်ကုန်ကနေအဆင်သင့်သယ်လာတဲ့ ပြင်းပြင်းရှရှတွေနဲ့ ရော့ခ် ခပ်ပြင်းပြင်း ဇော်ဝင်းထွဋ်နဲ့ ဟယ်ရီလင်းနဲ့ ကိုယ်တွေရဲ့ညဟာ ထိန်ထိန်လင်းလို့။၂၀ကျော်အရွယ် ကျန်းမာရေး က ထင်ရာစိုင်းခွင့်ပေးထားတာကြောင့် ညနက်ထိတိုင် ပင်လယ်လေ အေးစက်တဲ့ထိတိုင် ထင်ရာစိုင်းလို့။

ချောင်းသာမှာ၂ညအိပ်ခဲ့တဲ့အရသာထဲ မနက်ခင်းစောစော နေရောင်မသွေးခင်ကမ်းခြေတစ်လျှောက် ရောက်နိုင်သလောက်ရောက်အောင် လမ်းလျှောက်ခဲ့ရတာလှသလောက် မနက်ပိုင်းဆိုလည်းရေထဲ၊ ညနေခင်း ဆိုလည်း ရေထဲ လှိုင်းစီးခဲ့ရတာလည်း တွေးမိတိုင်းမှာ လှမြဲ။

ကျနော် ချောင်းသာကို အဲဒီအရွယ်မှာ အဲဒီလို စာလုံးစပေါင်းတတ်ခဲ့တယ်။နှစ်တော်တော်ကြာမှ နောက် တစ်ခေါက် ချောင်းသာကိုပြန်ရောက်တော့ ကျနော့်ငယ်ဘဝ ချောင်းသာအကြောင်း ပြန်ရှာကြည့်မိ တယ်။ ဘယ်လိုအစအ နကိုမှ ပြန်ရှာမတွေ့လောက်အောင် ပြောင်းလို့။ကမ်းခြေကိုအတူလာခဲ့တဲ့ လုပ်ငန်းဖော် တွေကိုလည်း ပြန်မတွေ့ကြတော့တဲ့အထိ ဝေးလို့။ကျနော်တို့ အဝေးကြီးဝေးခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ်ချောင်းသာဆိုတာ ပျော်ဖို့ကောင်းခဲ့တယ်။ချောင်းသာဆိုတဲ့ ကမ်းခြေရယ်နဲ့ ငယ်ဘဝ မွှေးမြခဲ့တာတွေကို လွမ်းမိတယ်။

 ငြိမ်းဆက်