【 ဆောင်းပါး 】ဆီစားသုံးမှုမြင့်မားခြင်းကိုထိန်းချုပ်ခြင်း

【 ဆောင်းပါး 】ဆီစားသုံးမှုမြင့်မားခြင်းကိုထိန်းချုပ်ခြင်း

ဟင်းကိုဆီပြန်မှ ပိုနှစ်သက်သော မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းတွင် ဆီကြော်များသည် မပါမဖြစ်လို ဖြစ်နေပြီး အသင့်စားစားကုန်များ၊ ထမင်းဆိုင်တို့တွင်လည်း စားသုံးသူ Customer အကြိုက် ဆီပြန်ဟင်းများက နေရာယူလျက်ရှိသည်။

ထို့ကြောင့်လည်း ပြည်ပတင်သွင်းကုန် စားအုန်းဆီဈေးကွက်သည် အမြင့်ဈေးမှာ အမြဲနေရာယူလျက်ရှိသည်။

စားအုန်းဆီကို အများဆုံး အသုံးပြုကြသည်မှာ အကြော်အလှော်၊ စားသုံးကုန်လုပ်သည့် လုပ်ငန်းများနှင့် စားသောက်ဆိုင်လုပ်ငန်းများဖြစ်ကြသည်။

ဆီကို အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများကို လူတော်တော်များများ သိရှိကြသော်လည်း လျှော့မစားနိုင်သည့် လူအုပ်စုက အများစုဖြစ်သည်။ မြန်မာလူမျိုးတို့ အဓိက စားသုံးသောဆီများမှာ စားအုန်းဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီတို့ဖြစ်သည်။ ပဲပုပ်ဆီ၊ သံလွင်ဆီနှင့် ရောနှောဆီများကိုလည်း စားသုံးကြသည်။

လူဦးရေတိုးတက်လာခြင်းနှင့်အညီ ဆီစားသုံးမှုလည်း မြင့်တက်လာပြီးပြည်ပမှ စားအုန်းဆီတင်သွင်းမှု မြင့်တက်လာသည်။ မြန်မာနိုင်ငံကဲ့သို့ ကမ္ဘာမှာဆီစားသုံးမှု အများဆုံးနိုင်ငံက တရုတ်နိုင်ငံဖြစ်သည်။ ဆီထုတ်လုပ်မှုနှင့် တင်သွင်းမှု ဒုတိယအများဆုံးနိုင်ငံလည်း တရုတ်နိုင်ငံဟု သိရသည်။

ပဲပုပ်ဆီ၊ ပန်းမုန်ညင်းဆီ၊ ဆီအုန်းနှင့် မြေပဲဆီ၊ သံလွင်ဆီ၊ ထောပတ်ဆီမှာ တရုတ်လူမျိုးတို့အကြား လူကြိုက်များသော ဆီများဖြစ်သည်။ တရုတ်လူမျိုးတို့ နေအိမ်ချက်ပြုတ်ရာတွင် ဝက်ဆီနှင့် မုန်ညင်းဆီများကို အသုံးများကြသည်။

ယခုနောက်ပိုင်းတွင် တရုတ်နိုင်ငံ၌ ဝက်ဆီအစား သန့်စင်ထုတ်ပိုးထားသည့် ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်ထားသော ဟင်းရွက်ဆီများကို စားသုံးလာကြသည်။ ကွေ့ကျိုပြည်နယ် Tianzhuခရိုင် Nanaရွာရှိ ရွာသားများက ရှေးဟောင်းဆီစက်များတွင် ‌ရှေးဟောင်းနည်းပညာဖြင့် ဆီများထုတ်လုပ်ကြသည်။ ထိုဆီများကို ဒေသခံရွာသားများက live လွှင့်ရောင်းချရာတွင် သုံးလအတွင်း ဂေဟဆီ အော်ဒါနှစ်ထောင်ကျော်၊ ငွေအားဖြင့် တရုတ်ယွမ်ငွေ တစ်သိန်းကျော် ရရှိခဲ့သည်။  

လူတို့နေ့စဉ်အသုံးပြုနေသော ဆီများတွင် အပင်ထွက်ဆီနှင့် တိရစ္ဆာန်ထွက်ဆီဟူ၍ နှစ်မျိုးခွဲထားသည်။ ဟင်းချက်ရာမှာတော့ စားအုန်းဆီ၊ မြေပဲဆီ၊ နေကြာဆီတို့က အသုံးများပြီး ဖွဲနုဆီ၊ ပဲပုပ်ဆီတို့ကတော့ အသုံးပြုသူနည်းပါသည်။

ဆီစားသုံးမှု မြင့်တက်လာသည့်အခါ ကျန်းမာရေးနှင့်မညီသော ဆီများလည်း ဈေးကွက်ထဲသို့ ရောက်လာပါသည်။ ပြန်ကြော်ဆီများကိုလည်း အသုံးပြုများလာသည်။ အထူးသဖြင့် နေ့စဉ်နံနက်ခင်း လူတော်တော်များများ အစားများကြသည့် အီကြာကွေးနှင့် အကြော်များတွင် ပြန်ကြော်ဆီများကို အသုံးပြုသူများသည်။

ဆီကိုစားသုံးသင့်သည့် ပမာဏထက် ကျော်လွန်စားသုံးခြင်း၊ အရည်အသွေးမပြည့်မီသော ဆီများစားသုံးခြင်းဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို ရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်ခြင်း ၊ ကင်ဆာရောဂါများဖြစ်ခြင်း အစရှိသည့် မကူးစက်သောရောဂါများ အဖြစ်များပါသည်။

ထို့ကြောင့် အဆီဓာတ်နည်းသော အစားအစာများကို ဦးစားပေးစားသင့်သည်။ လူတို့စားသုံးနေသော စားသုံးဆီများတွင် မပြည့်ဝဆီခေါ် ကောင်းသောအဆီ( Unsaturated fatty acid )နှင့် ပြည့်ဝဆီခေါ်မကောင်းသောအဆီ( Saturated fatty acid) ဟူ၍ရှိသည်။ မြေပဲဆီ၊ နှမ်းဆီ၊ မုန်ညှင်းဆီ၊ နေကြာဆီတို့က ကိုလက်စထရော မပါဝင်သော ကောင်းသောအဆီများဖြစ်ကြသည်။

စားအုန်းဆီတွင် ကိုလက်စထရောများစွာပါဝင်ပြီး တိရစ္ဆာန်အဆီများဖြစ်သည့် အမဲဆီ၊ဝက်ဆီ၊ထောပတ်၊ မလိုင် မထုတ်ရသေးသောနွားနို့၊ ဒိန်ခဲတို့တွင် ကိုလက်စထရောများပါဝင်သည်။ 

ကိုလက်စထရောအနှစ်များသည် သွေးကြောများ၏ အတွင်းနံရံများတွင် တွယ်ကပ်သဖြင့် ချေဖျက်ရန်ခက်ခဲသော အခဲများဖြစ်ပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောမာခြင်းတို့ ဖြစ်ပေါ်တတ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဆီအလွန်အကျွံစားသုံးခြင်း၏ ဘေးအန္တရာယ်များကို လျော့ပါးရန် ကျန်းမာရေးနှင့် ညီညွတ်သော ဆီထွက်သီးနှံစိုက်ပျိုးရေးစီမံကိန်းများ ဆောင်ရွက်လာသည်။ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ပြောင်းလဲရန် ဆောင်ရွက်နေပြီး ယင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ ဆီထွက်သီးနှံ စိုက်ပျိုးရေးမူဝါဒများကို ပိုမိုပံ့ပိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဆီစားသုံးမှုပမာဏမှာ တစ်နှစ်လျှင် တန်ချိန်တစ်သန်းခန့်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်နိုင်မှုကတော့ တန်ချိန်လေးသိန်းခန့်သာရှိသည်။ ပြည်တွင်းလိုအပ်ချက်အတွက် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ နှစ်စဉ်စားသုံးဆီတန်ချိန် ခုနှစ်သိန်းခန့် တင်သွင်းလျက်ရှိသည်ဟု သိရသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ပြည်ပနိုင်ငံများမှ ဆီအုန်းနှင့်ပဲပုပ်များ တင်သွင်းမှု မြင့်မားသောနိုင်ငံဖြစ်သည်။

ပြည်တွင်း ဆီစားသုံးမှု ဖူလုံရန်ဆိုသည့် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံတစ်ဝန်း နေကြာစိုက်ဧကလေးသန်းအထိ တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်နေပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေကြာစိုက်ဧကပေါင်း ၁ ဒသမ ၀၈ သန်းကို စိုက်ပျိုးခဲ့သည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းနှင့် ပန်းနှမ်းသီးနှံများကို စိုက်ပျိုးလျှက်ရှိပြီး  ၂၀၂၂ - ၂၀၂၃ ခုနှစ် တွင် စုစုပေါင်းဆီထွက်သီးနှံ ဧက ၈ ဒသမ ၃  သန်းကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ စားသုံးဆီတန်ချိန် ၆၈၀၀၀၀ ကျော် ထွက်ရှိနိုင်ရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံတွင် စားအုန်းဆီစားသုံးမှု အများဆုံးဖြစ်၍ ပြည်ပမှ တင်သွင်းရာတွင်လည်း မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ FOB ဈေးနှုန်းအလိုက် သယ်ယူပို့ဆောင်စရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများ အစရှိသည့် ကုန်ဈေးနှုန်းအခြေအနေလိုက် တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ ရည်ညွှန်းဈေးနှင့် ပြင်ပဈေးကွက်မှာလည်း အမြဲကွာဟချက်ရှိနေသည်။

သို့ဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သော ဆီစားသုံးမှုကို အလေးထားလာပါက အထွေထွေကုန်ကျစရိတ်များလည်း သက်သာလိမ့်မည်ဟု မျှော်လင့်မိပါသည်။  

အမွန်