【 ဆောင်းပါး 】တရုတ်နှစ်ကူးကြောင့် အရောင်းသွက်လာသည့် ရပ်ကွက်စျေးများ

【 ဆောင်းပါး 】တရုတ်နှစ်ကူးကြောင့် အရောင်းသွက်လာသည့် ရပ်ကွက်စျေးများ

ရန်ကုန်မြို့၏ ဆင်ခြေဖုံးဒေသဘက်မှ လက်လီစျေးအတွင်း ယခုရက်ပိုင်းတွင် သိသာစွာ အရောင်းအဝယ် ပြန်ကောင်းလာခဲ့သည်။ လပေါင်းများစွာ နေ့စဉ်လိုလို အရောင်းအဝယ်ပါးနေသည့် အခြေအနေမှ ဇန်နဝါရီလ အလယ်ပိုင်းလောက်မှစ၍ အရောင်းအဝယ်ကောင်းလာခြင်းလည်းဖြစ်သည်။

အထူးသဖြင့် ကြက်သား၊ ဝက်သား အရောင်းဆိုင်များက အများဆုံးရောင်းနေရသည်ဟုဆိုသော်လည်း ဟင်းသီးဟင်းရွက်၊ ခေါက်ဆွဲ၊ တို့ဟူး၊ ပဲ၊ ကြက်သွန် အစရှိသည့် ကုန်ခြောက်ဆိုင်များကလည်း ဝယ်သူမပြတ်သော အခြေအနေမျိုးပင်ဖြစ်သည်။ ယခင်ရက်များက အရောင်းအဝယ်ပါးနေသလို ဝယ်ယူရင်းနှီးရသည့် အရင်းအနှီးကုန်ကျစရိတ်လည်း မြင့်မားနေသည့်အတွက် ကုန်ပမာဏများများကို ဝယ်မရင်းနိုင်တော့ဘဲ တစ်ပိုင်တစ်နိုင်သာ ရင်းနှီးလုပ်ကိုင်ရကြောင်း ကြက်သားသည်လေးဖြစ်သူ ကိုဝင်းနောင်က ပြောဆိုခဲ့သည်။

ဒိုင်မှယူရသည့် ကြက်သားအရင်းစျေးပင် မြင့်မားနေသည့်အတွက် လက်ထဲရှိသည့်ငွေဖြင့်ချိန်ကာ အနည်းအကျဉ်းလောက်သာ ယူရောင်းခဲ့သော်လည်း ထူးထူးခြားခြား အရောင်းအဝယ်သွက်ခဲ့သည့် အခြေအနေမျိုးကိုကြုံခဲ့ရသည်။ စျေးကွက်အတွင်း စီပီဟု ခေါ်ဆိုကြသော အသားတိုးကြက်မှာ ယခင်က ဒိုင်စျေး ကျပ် ၅၀၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် ခြံဖမ်းစျေး၌ပင် ရန်ကုန်ကြက်ခြံများတွင် ၄၈၀၀ ကျပ်မှ ၅၀၀၀ ကျပ်ကြား၊ နေပြည်တော်တွင် ၅၆၀၀ ကျပ်၊ မန္တလေးတွင် ၅၂၀၀ ကျပ်၊ တောင်ကြီးတွင် ၅၄၀၀ စသည်ဖြင့် အသီးသီးရှိနေသလို မြစ်ကြီးနားမြို့စျေးကွက်တွင် ၇၈၀၀ ကျပ်နှုန်းဖြင့် ခြံဖမ်းစျေး အမြင့်ဆုံးအနေအထားတွင်ဖြစ်နေပြီး ရန်ကုန်စျေးကွက်ရှိ ဒိုင်စျေးမှာ ၅၈၀၀ ကျပ်မှ ၆၀၀၀ ကျပ်ကြား စျေးဖြင့် ဝယ်ယူ၍ လက်လီစျေးများအတွင်း တစ်ပိဿာလျှင် ၈၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ကြားဖြင့် ရောင်းချကြခြင်းဖြစ်သည်။ ထို့အတူ ဝယ်သူနှစ်သက်မှုများသည့် ဗမာကြက်မှာ ဒိုင်စျေးအဖြစ် တစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်မှ ၁၄၅၀၀ ကျပ် ကြားဖြင့် ဝယ်ယူ၍ လက်လီစျေးအတွင်း တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ကြားဖြင့် လက်လီဈေးအတွင်း ရောင်းချ ကြရသည်။

ထိုကြက်သားစျေးနှုန်းများကဲ့သို့ပင် ဝက်သား၊ ဆိတ်ဆား၊ အမဲသား အစရှိသည့် အသားများစွာ၊ ငါးမျိုးစုံနှင့် ဟင်းသီးဟင်းရွက် များစွာမှာလည်း အရင်းစျေးနှုန်းများမှာပင် မြင့်မားခြင်းကြောင့် အနိုင်နိုင်သာ ရောင်းနေကြရသည်။ ဝယ်ယူရင်းနှီးရသည့် စျေးက မြင့်နေခြင်းက ကုန်ပမာဏများများ ဝယ်မရင်းနိုင်သည့် အခြေအနေဖြစ်နေသလို မရောင်းရသော ရက်များ၌ ရင်းနှီးခဲ့ရသည့်ငွေ ပြန်ရရန် ခင်မင်ရာ ထမင်းဆိုင်၊ အကင်ဆိုင်၊ စားသောက်ဆိုင်များသို့ မေတ္တာရပ်ခံ၍ရောင်းခဲ့ရသော အခြေအနေမျိုး ကြုံခဲ့ကြရသည်။

ဆိတ်သားသည်လေး မကြည်ခိုင်က “အစ်မရောင်းတဲ့ ကုန်ပစ္စည်းက ကျန်ရင်ရေခဲရိုက်ထားတယ်၊ ရက်တအားကြာကြာ ထားဖို့ အဆင်မပြေတော့ရင် အတုံးလေးတွေလုပ်ပြီး ဘီယာဆိုင်တွေ၊ စားသောက်ဆိုင်တွေကို သွားရောင်းရတယ်၊ အရင်းလောက် စျေးနဲ့ပါပဲ၊ သူတို့က မဝယ်တဲ့ဟာကျတော့ ဆိတ်မွှကြော်တို့ဘာတို့ အကြော်အလှော်တွေနဲ့ ကိုယ်တိုင်ဟင်းချက်ပြီး ရောင်းရတာမျိုးရှိတယ်”ဟုလည်း ရှင်းပြသည်။ ရက်ရှည်ထားသို၍ အဆင်မပြေနိုင်တော့သည့် ကုန်များကို စားသုံးသူဘက်မှ အသင့်စားနိုင်သော အခြေအနေမျိုးရောက်အောင် ပြင်ဆင်ချက်ပြုတ်ကာ ရောင်းချလာကြသည့်အတွက်ကြောင့်လည်း လက်လီစျေးများအတွင်း ကြက်သားဆိုင်နှင့်အတူ ကြက်ကြော်ဆိုင်၊ ကြက်ကင်ဆိုင်၊ ဝက်သားဆိုင်နှင့်အတူ ဝက်ကြော်ဆိုင်၊ ဝက်ကင်ဆိုင် စသည်ဖြင့် အများအပြားပေါ်လာခဲ့သည်။

မရောင်းရသောနေ့ရက်များကြောင့် စိုးရိမ်စိတ်များစွာဖြင့် ရောင်းနေရင်း ထူးထူးခြားခြား အရောင်းအဝယ်သွက်လာရုံသာမက လက်ကျန်မရှိတော့လောက်အောင် ဖြစ်ခဲ့ရသည်မှာ အိပ်မက်များမက်လေသလားဟု ထင်မှတ်ရမည်ပင်ဖြစ်သည်။ လက်ကျန်မရှိတော့သည့် အတွက် အရင်လိုစျေးသိမ်းချိန်များတွင် အရင်းပြန်မရသေးသည့်အခါ ကြုံရဖူးသည့် စိတ်သောကများက ကွယ်ပျောက်ခဲ့ရသည်။

ရောင်းလိုက်ရသည့် ငွေလေးကို လက်မှကိုင်ကာ ရေတွက်နေရင်း နောက်ရက်များတွင်လည်း ယခုလိုလေး အရောင်းအဝယ် ကောင်းသည့်အခါ ငွေစုမည်၊ ငွေအချို့ကို အဝတ်စားလှလှဝယ်မည်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် လျှောက်သွားမည် စားမည်၊ သောက်မည် စသည်ဖြင့် မကြည်ခိုင်တစ်ယောက်တွေးနေစဉ်မှာပဲ ဘေးမှတစ်စုံတစ်ယောက်၏ ပြောစကားကြောင့် အတွေးစများ ပျောက်ပြယ်သွားသည်။

ထိုသို့အတွေးကို ပျက်ပြယ်စေသူမှာ အခြားသူတော့မဟုတ်၊ ကြက်သားသည်လေး ကိုဝင်းနောင် ဖြစ်သည်။ ၎င်းမှာ စိတ်ရင်းကောင်းသူဖြစ်သော်လည်း ရှေ့မကြည့် နောက်မကြည့် ပြောဆိုလုပ်ကိုင်တတ်သူလည်းဖြစ်သည်။ ယခုလည်း ၎င်းကိုယ်တိုင်ပင် ရောင်းချနေသည့် ကြက်သားများ မကျန်အောင် ရောင်းလိုက်ရပြီး ဆိုင်သိမ်းရင်း ခင်မင်ရင်းနှီးရာ မကြည်ခိုင်၏ ဆိုင်သို့လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

“ဟယ် ဝင်းနောင် ရယ် ငါဖြင့် တွေးနေတာ၊ လန့်တောင်လန့်တယ်”ဟု အတွေးလေးများကို ပြန်သတိရနေသည့်သဖွယ် မကြည်ခိုင်က ပြောဆိုခဲ့သည်။ ကြက်သားသည်လေး ကိုဝင်းနောင်သည်လည်း ယခုလို ရောင်းကောင်းသည့် အခြေအနေမျိုး ပြီးခဲ့သော သင်္ကြန်မကျမိကာလက ထူးထူးခြားခြားကြုံခဲ့ဖူးသလို ယခုအခါတွင်လည်း ကြုံရသည့်အတွက် အားရဝမ်းသာစွာဖြင့် ၎င်းနှင့်ခင်မင်သူများဆီကို ပြောပြရန် ရောက်သွားခြင်းလည်း ဖြစ်သည်။ ရောင်းချသည့် ကုန်ပစ္စည်းချင်း မတူသော်လည်း စျေးတစ်ခုအတွင်း၌ အတူတူရောင်းချသူများဖြစ်သလို ခင်မင်ရင်းနှီးသူများလည်း ဖြစ်ကြသည်။

ဝက်သားစျေးနှုန်းများမှာလည်း မြင့်မားနေပြီး အဆီအသား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ သုံးထပ်သားမှာ ၂၀၀၀၀ ကျပ်၊ ကလီစာအစုံမှာ ၁၆၀၀၀ ကျပ် ဖြစ်နေသလို အရောင်းအဝယ်ကောင်းလို့နေသည်။ ထိုသို့အသားရောင်းချသည့် ဆိုင်များသာ အရောင်းအဝယ်ဖြစ်သည်မဟုတ် ရေထွက်ကုန်ရောင်းချသည့် ငါးစိမ်းတန်း၌လည်း အရောင်းအဝယ်ဖြစ်နေကြသည်။ ငါးကြင်း၊ ငါးမြစ်ချင်း၊ ကကတစ်၊ ငါးမုတ် စသည့် ငါးများမှာ အများဆုံး အရောင်းအဝယ် ကောင်းခဲ့ခြင်းဖြစ်သည်။ ပုစွန်နှင့် ကဏန်းများ ကလည်း ရောင်းနေရသည်။ ယခင်က ၂၂၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်စျေးရှိသည့် ပုစွန်ကျော့များမှာ လက်ရှိတွင် ၂၆၀၀၀ ကျပ်စျေး၊ ပုစွန်ထုပ်များမှာ ၂၉၀၀၀ ကျပ်မှ ၃၃၀၀၀ ကျပ်ကြား စျေးအဖြစ်သို့ ရောက်နေသော်လည်း အရောင်းအဝယ် သွက်ခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်လောက်ကတည်းက အရောင်းအဝယ်သိသာစွာ ကောင်းခြင်းမျိုးမရှိဘဲ သာမန်လောက်သာ ရောင်းရသော ရက်များနှင့် အရောင်းအဝယ်မကောင်း၍ အရင်းပြန်စိုက်ထည့်ရသော ရက်များက အများအပြားပင်ကြုံခဲ့ကြသည်။ ယခု နောက်ပိုင်း အစစအရာရာတွင် မြင့်မားနေသော စျေးနှုန်းများကြောင့် ကုန်များ၏အရင်းစျေးလည်း လိုက်ပါမြင့်မားကာ စျေးကွက်တလျှောက် မြင့်မားသောစျေးနှုန်းအခြေအနေမျိုးဖြစ်နေခဲ့သည်။ ထိုသို့စျေးမြင့်မားသော အခြေအနေ၌ အရောင်းအဝယ်ကောင်းခြင်းက ကံစမ်းမဲပေါက်သလို၊ ထီပေါက်သလို ပျော်ရမည့် ပျော်ရွှင်မှုမျိုးလည်း ဖြစ်သည်။

ကိုဗစ်အပါအဝင် အခြေအနေအရပ်ရပ်ကြောင့် နောက်ဆက်တွဲအဖြစ် မြင့်မားနေသော ကုန်စျေးနှုန်းများကြားတွင် ဝယ်သူ များအတွက် အခက်အခဲကြုံရသလို ရောင်းသူများအတွက်လည်း ခက်ခဲဆဲကာလဖြစ်သည်။ ကိုဗစ်ကူးစက်မှုလည်း လျော့ပါးလာခြင်းနှင့်အတူ ၂၀၂၂ ခုနှစ်အကုန် ၂၀၂၃ နှစ်ဆန်းလောက်တွင် အလှူအတန်း ပွဲများ လုပ်ကိုင်လာကြသလို တရုတ်နှစ်သစ်ကူးပွဲတော် အခါသမယအတွင်း ရှိခိုးခြင်းအပါအဝင် မိသားစု၊ ဆွေမျိုးအပေါင်းအသင်းများ ဆုံဆည်းကာ စားသောက်ကြရန်အတွက် ဝယ်ယူမှုများကလည်း လွန်ခဲ့သောနှစ်များကထက် များပြားခဲ့သည်။ ဇန်နဝါရီ ၁၅ ရက် နောက်ပိုင်းမှ စကာ တစ်ရက်ထက်တစ်ရက် အရောင်းအဝယ်သွက်လာသည်ကို လက်လီစျေးသည်များက ကြုံလာရသည်။

ပြောင်းလဲသွားတော့မည့် ယုန်နှစ်အတွက် နှစ်သစ်ကူးပွဲကို မြန်မာပြည်ဖွား တရုတ်လူမျိုးများအပါအဝင် စီစဉ်နေကြပြီ ဖြစ်သည်။ တရုတ်နှစ်သစ်ကူးအခါသမယကြောင့်လည်း ရောင်းအားပိုကာ အရောင်းအဝယ်ပြန်ကောင်းခဲ့ဖူးသော အခြေအနေကို လက်လီ စျေးများအတွင်းမှ စျေးသည်များကြုံခဲ့ရသည်။ စျေးဦးမပေါက်မည်ကို စိုးရိမ်ရသော ရက်များက ပြုံးပျော်နေရသည့်ကာလ အဖြစ်သို့ရောက်ခဲ့သလို အပြုံးများ ပျံ့လွင့်ရာကာလသို့ ရောက်လာခဲ့ပြီ။ ယခုလို ပျော်ရွှင်ကြည်နူးရသော အချိန်များက စျေးသည်လေးများ၏ ဘ၀တွင် အမှတ်ရစရာများ ဖြစ်လိမ့်မည်မှာ မလွဲမသွေပင်ဖြစ်တော့သည်။

ဧပရယ်လ်