【 ဆောင်းပါး 】တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့ပြများ အပိုင်း (၂)

【 ဆောင်းပါး 】တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့ပြများ အပိုင်း (၂)

တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်တဲ့ မြို့ (၄) မြို့ထဲ အံ့မခန်းဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့တစ်မြို့ကို ရွေးထုတ်တင်ဆက်ပေးရမယ်ဆိုရင်တော့ ရှန်ဟိုင်းမြို့ကို ညွှန်းဆိုပေးရမှာဖြစ်ပါတယ်။သမိုင်းကြောင်းရှည်လျားတဲ့ ရှန်ဟိုင်းမြို့ဟာ ရှေးခေတ် တရုတ်မင်းဆက်တွေ ခေတ်ကာလကနေ ဒုတိယကမ္ဘာစစ်အထိ ခေတ်အဆက်ဆက်ကို ကြံ့ကြံ့ခံဖြတ်သန်းလာခဲ့ပြီးနောက် ခေတ်မီတိုးတက်တဲ့ မြို့ပြကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ယန်စီမြစ်ဝတွင် ရှန်ဟိုင်းမြို့တည်ရှိပါတယ်။ရှေးယခင်က ရှန်ဟိုင်းမြို့ဟာ တံငါရွာငယ်လေးတစ်ရွာသာဖြစ်ခဲ့တယ်လို့ ယနေ့ခေတ်မှာ ဘယ်သူမှ ယုံကြည်နိုင်မှာမဟုတ်ပါဘူး။ သာမန်တံငါရွာလေးအဖြစ်ကနေ အံ့မခန်းဖွံ့ဖြိုးတိုးတက်လာပြီး လက်ရှိမှာ စီးပွား‌ရေးအားကောင်းတဲ့ မြို့ကြီးတစ်မြို့ဖြစ်နေလို့ပဲဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့လို့ ဖြစ်တည်လာမယ့် တံငါရွာလေးကို 'စုန့်' မင်းဆက်ခေတ်လက်ထက်မှာ မြို့ငယ်လေးအဖြစ် သတ်မှတ်ခဲ့ပြီး ရှန်ဟိုင်းလို့ ခေါ်ဆိုခဲ့ကာ ၁၉ ရာစုအထိ မြို့ငယ်လေးအဖြစ်သာ တည်ရှိခဲ့ပါတယ်။ 'ချင်း' မင်းဆက်ခေတ်ကို အရောက်မှာတော့ ရှန်ဟိုင်းဟာ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာနေရာ ဖြစ်လာခဲ့ပါတယ်။ထို့နောက်မှာ ဗြိတိသျှတို့နဲ့ နိုင်ငံခြားသားများက ရှန်ဟိုင်းမှာ ကုန်သွယ်ရေး စခန်းများ ထူထောင်ပြီး စက်ရုံများ ဆောက်လုပ်ကာ အဓိကဆိပ်ကမ်းမြို့အဖြစ် ပြောင်းလဲခဲ့တဲ့အတွက် ရှန်ဟိုင်းဟာ အရေးပါလာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ ဂျပန်တပ်တွေက ရှန်ဟိုင်းမြို့ကို သိမ်းပိုက်ခဲ့ပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။နာမည်ဆိုးနဲ့ ကမ္ဘာကျော်တဲ့ နန်ကျင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ ရှန်ဟိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ပွဲအတွင်း ပျက်စီးမှုတွေကို ခံစားခဲ့ရပါတယ်။

အဆိုပါအဖြစ်အပျက်များအပြီး တရုတ်ကွန်မြူနစ်ပါတီက  တရုတ်နိုင်ငံကို ဦးဆောင်တဲ့ အစိုးရဖြစ်လာပြီးနောက် ရှန်ဟိုင်းမြို့ဟာ စက်မှုလုပ်ငန်းများရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ရှန်ဟိုင်းမြို့အတွင်း အထပ်မြင့်အဆောက်အအုံများနဲ့ ခေတ်မီအခြေခံအဆောက်အအုံများ ဆောက်လုပ်တာဟာလည်း  အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံတွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ပြီးတဲ့နောက်မှာတော့ ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးအချက်အချာ နေရာများထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံတွင်း လူဦးရေအများဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်က လူဦးရေအများဆုံး မြို့များထဲမှ တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ရေပန်းစားတဲ့ ခရီးသွားနေရာတစ်ခုလည်းဖြစ်ပြီး၊ နှစ်စဉ် ခရီးသွားသန်းပေါင်းများစွာကို ဆွဲဆောင်လျက်ရှိနေပါတယ်။ရှန်ဟိုင်းမြို့တွင်း လည်ပတ်စရာနေရာများအဖြစ် ရှန်ဟိုင်းတာဝါ၊ ကမ္ဘာ့ဒုတိယ အမြင့်ဆုံးအဆောက်အအုံတို့အပါအဝင် အခြားသော နာမည်ကျော် လည်ပတ်စရာ နေရာတွေကိုလည်း သွားရောက်နိုင်မှာဖြစ်ပါတယ်။

ရှန်ဟိုင်းကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ နွေဦး (သို့မဟုတ်) ဆောင်းဦးရာသီဖြစ်ပြီး ရာသီဥတုသာယာနေချိန်လည်းဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ ရှန်ဟိုင်းမြို့ဟာ ဘဏ္ဍာရေး၊ နည်းပညာနဲ့ နိုင်ငံတကာကုန်သွယ်မှုအတွက် အချက်အချာနေရာတစ်ခုအဖြစ်ရပ်တည်နေပြီဖြစ်ပြီး ခေတ်မီတိုးတက်တဲ့ ဆန်းသစ်တီထွင်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

တံငါရွာငယ်လေး အဖြစ်ကနေ ကမ္ဘာ့အကြီးဆုံး မြို့တစ်မြို့အဖြစ် ပြောင်းလဲလာခဲ့တဲ့ ရှန်ဟိုင်းမြို့ဟာ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနဲ့ စီးပွားရေးအားကောင်းသော ကမ္ဘာ့မြို့ကြီးတစ်မြို့အဖြစ် ဆက်လက်တောက်ပလျက်ရှိနေပြီဖြစ်ပါတယ်။

 မိုးသီဟန်