【 ဆောင်းပါး 】တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့ပြများ အပိုင်း (၃)

 【 ဆောင်းပါး 】တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်သော မြို့ပြများ အပိုင်း (၃)

တရုတ်နိုင်ငံ မြို့‌တော်ပေကျင်းကဲ့သို့ပဲ သက်တမ်ပေါင်း နှစ်ထောင်ချီရှိပြီဖြစ်တဲ့ မြို့တစ်မြို့ကတော့ ထျန်ကျင်းမြို့ဖြစ်ပါတယ်။ထျန်ကျင်းမြို့ဟာ တရုတ်အစိုးရ တိုက်ရိုက်အုပ်ချုပ်တဲ့မြို့ (၄) မြို့ထဲမှာလည်း တစ်မြို့အပါအဝင်ဖြစ်ပါတယ်။

ထျန်ကျင်းမြို့တစ်ဝိုက်ရှိ ဧရိယာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်ကတည်းက လူသားများ လှုပ်ရှားနေထိုင်မှုများရှိခဲ့တယ်လို့ သက်သေထူနိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာတည်ရှိပြီး ရှေးခေတ် တရုတ်မင်းဆက်တွေ လက်ထက်မှာ အချက်အခြာကျတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ထျန်ကျင်းမြို့ရဲ့ မဟာဗျူဟာမြောက် တည်နေရာကြောင့် အရေးပါတဲ့ ကုန်သွယ်မှုဗဟိုချက် ဖြစ်ခဲ့သလို ကျူးကျော်သူများရန်က ကာကွယ်နိုင်ဖို့အတွက် မြို့စောင့်တပ်ကိုလည်း ထားရှိခဲ့ပါတယ်။

ထျန်ကျင်းမြို့ဟာ 'ဟန်' မင်းဆက်လက်ထက်ကတော့ ရွာလေးတစ်ရွာမျှသာဖြစ်ပါတယ်။ 'ထန်'မင်းဆက် ခေတ်မှာတော့ ဂျပန်၊ ကိုရီးယားတို့နဲ့ ကုန်သွယ်မှုအတွက် အရေးပါတဲ့ ဆိပ်ကမ်းမြို့ဖြစ်လာခဲ့ပါတယ်။ နှစ်ထောင်ချီရှိတဲ့ ထျန်ကျင်းမြို့ရဲ့သမိုင်းကြောင်းဟာ အလွန်ရှည်လျားပြီး ရှေးတရုတ်မင်းဆက်များလက်ထက် အဆက်ဆက်ကနေ ကိုလိုနီခေတ်၊ ၂၀ ရာစုနဲ့ လက်ရှိမျက်မှောက်ခေတ်အထိ ကြံ့ကြံ့ခံတည်ရှိလာခဲ့တာဖြစ်ပါတယ်။

ကိုလိုနီခေတ်ဖြစ်တဲ့ ၁၉ ရာစုနှောင်းပိုင်းမှာ ထျန်ကျင်းမြို့ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ကိုလို နီခေတ်အတွင်း တရုတ်နိုင်ငံနဲ့ အခြားကမ္ဘာ့နိုင်ငံများ ကုန်ပစ္စည်းများ ကူးလူးဖလှယ်တဲ့ အဓိကဆိပ်ကမ်း မြို့အဖြစ် ရပ်တည်ခဲ့ပါတယ်။၂၀ ရာစု အစောပိုင်းဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ ဂျပန်တို့က ထျန်ကျင်းမြို့ကို သိမ်းပိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်တဲ့ ၁၉၄၉ ခုနှစ်မှာ ထျန်းကျင်းမြို့ဟာ လျင်မြန်စွာ ခေတ်မီ တိုးတက်လာပြီး စက်မှုထွန်းကားတဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှာ ထျန်ကျင်းမြို့မှာ စက်မှုဇုန်အသစ်များ ဖန်တီးခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေးကွန်ရက် ချဲ့ထွင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး၊ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သက်တမ်းပေါင်း နှစ် ၂၀၀၀ ကျော်ရှိပြီဖြစ်တဲ့ ထျန်ကျင်းမြို့မှာ  ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းထားသလို ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ တရုတ်ပြည် မဟာတံတိုင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဟာ ထျန်ကျင်းမြို့မှာ တည်ရှိပြီး၊ လှပတဲ့ ရှုခင်းများနဲ့ ကောင်းမွန်စွာထိန်းသိမ်းထားတဲ့ ခံတပ်နေရာတွေကို လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့ အပြင် ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း မျက်မြင်တွေ့ရှိ လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။

ထျန်ကျင်းမြို့ရဲ့ ကြွယ်ဝတဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုများက ခရီးသွားများကို ဆွဲဆောင်လျက်ရှိနေပါတယ်။ယနေ့ခေတ်မှာတော့ ထျန်ကျင်းမြို့ဟာ တရုတ်မြောက်ပိုင်းရဲ့ အကြီးဆုံးစက်မှုဇုန်မြို့တော်အဖြစ် ရပ် တည်နေပြီဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လျက်ရှိနေပါတယ်။

 

မိုးသီဟန်