【 ဆောင်းပါး 】တရုတ် သမ္မတ ၏ နှစ်သစ်ကူးမိန့်ခွန်းလားရာ

【 ဆောင်းပါး 】တရုတ် သမ္မတ ၏ နှစ်သစ်ကူးမိန့်ခွန်းလားရာ

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်အတွင်း ထင်ရှားသည့် နိုင်ငံတကာတင်းမာမှုများဖြစ်ခဲ့ရာ ထိုတင်းမာမှုများကြောင့် ယနေ့တိုင် ကမ္ဘာ့ပြည်သူများအပေါ် ရိုက်ခတ်ပြီး စားနပ်ရိက္ခာအကျပ်အတည်းနှင့် စွမ်းအင်လောင်စာ အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ ထို့ပြင် အာရှ-ပစိဖိတ်ဒေသအတွင်း လက်နက်အပြိုင်အဆိုင်တပ်ဆင်ကြမည့်ဘေးကိုလည်း ရင်ဆိုင်ရနိုင်သည့်အခြေအနေကြုံတွေ့နေရာ စစ်ပွဲချောက်ကမ်းပါးစွန်းတွင် ရပ်တည်နေရသည့် ကမ္ဘာအတွက် ယခု ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ်နှစ်ဖြစ်လာဖွယ် ရှိနေလေသည်။

ထိုအခြေအနေအရ ယခုနှစ်ဘာတွေဖြစ်လာနိုင်မလဲဆိုသည်ကို သိဖို့ရာ နိုင်ငံတကာခေါင်းဆောင်များ၏ သဘောထားအမြင်မှာ အရေးပါလှသည်။ နိုင်ငံတကာ ခေါင်းဆောင်များ နှစ်သစ်မိန့်ခွန်းကို အကဲဖြတ်ကာ ကမ္ဘာ့အရေးကို ကြိုတင်ခန့်မှန်းကြသည်မှာ နှစ်တစ်နှစ်၏ အစပိုင်းတွင် ပြုကြသည့် အစဉ်အလာတစ်ခုပင် ဖြစ်သော်လည်း ယခုနှစ်တွင်မူ ပို၍အရေးပါလာသည်။ အမေရိကန်ဦးဆောင်သည့် နေတိုးအုပ်စုနှင့် ရုရှားအကြား ဖြစ်နေသည့် အားပြိုင်မှုတွင် အလယ်ဗဟိုတွင် မားမားမတ်မတ်ရပ်နေသည့် တရုတ်နိုင်ငံ၏အခန်းကဏ္ဍမှာ ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် အရေးပါသည့် နေရာတွင်ရှိနေပေသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တစ်လျှောက်လုံး ကမ္ဘာ့မျှခြေတစ်ခုအဖြစ်ရပ်တည်ခဲ့သည့် တရုတ်၏အခန်းကဏ္ဍမှာ ယခုနှစ်တွင် ပိုစိတ်ဝင်စားဖွယ်ကောင်းလာမည်ဖြစ်သည်။ ထိုအခြေအနေကြောင့် ၂၀၂၂ ခုနှစ် အကုန် ၂၀၂၃ ခုနှစ် အကူးတွင် တရုတ်မီဒီယာများနှင့် အင်တာနက်အွန်လိုင်းပလက်ဖောင်းမှ ပြောကြားခဲ့သည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ နှစ်သစ်ကူးမိန့်ခွန်းမှာ ကမ္ဘာအတွက်စောင့်ကြည့်ရသည့် နိုင်ငံတကာခေါင်းဆောင်၏မိန့်ခွန်းဖြစ်လာခဲ့သည်။

၎င်း၏မိန့်ခွန်းတွင် ရှီက ယနေ့တရုတ်နိုင်ငံသည် စီးပွားရေးအရ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးဖြစ်နေဆဲ ဖြစ်ပြီး ဆက်လက်တိုးတက်နေဆဲ ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်နိုင်ငံသားများ၏ စည်းလုံးစုစည်းမှုဖြင့် တရုတ်နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ အာကာသတွင် အမြဲတမ်းစခန်း တည်ဆောက်လာနိုင်မှု၊ C919 လို အကြီးဆုံးလေယာဉ်၊ ဘိုဟီတန် ရေအားလျှပ်စစ်စက်ရုံဖွင့်လှစ်လာနိုင်မှုများကို ပြောခဲ့သည်။  လွတ်လပ်သောကုန်သွယ်မှုဇုန်၊ ရှေ့ပြေးစမ်းသပ်မှု အမျိုးမျိုးနဲ့ ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်းတို့ဖြင့် တိုးတက်နေသော တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခံနိုင်ရည် အားကောင်းနေဆဲဖြစ်ပြီး အလားအလာကောင်းမွန်ကာ တက်ကြွမှုလည်း ရှိနေကြောင်းပြောခဲ့သည်။

နိုင်ငံရေးနှင့် ပတ်သက်လျှင် တစ်နိုင်ငံစနစ်နှစ်ခုကြောင့် ဟောင်ကောင်နဲ့ မကာအိုဟာ ရေရှည်ကြွယ်ဝချမ်းသာမှုနဲ့ တည်ငြိမ်မှုတို့ကို ခံစားနိုင်မှာဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်နိုင်ငံမှာ ကမ္ဘာနှင့် နီးကပ်စွာချိတ်ဆက်နေသည့် နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ မိတ်ဆွေဟောင်းတွေရော မိတ်ဆွေသစ်တွေကိုပါ ပေကျင်းမှာ လက်ခံတွေ့ဆုံခဲ့တဲ့အပြင် ကမ္ဘာကြီးအပေါ်မှာ တရုတ်ရဲ့ ရပ်တည်ချက်တွေကို နိုင်ငံရပ်ခြားအထိ သွားကာ မျှဝေခဲ့ကြောင်းဆိုသည်။ ရှီ၏မိန့်ခွန်းတွင် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှုများကို မျက်ခြေမပျက်စောင့်ကြည့်နေကြောင်းကို ရာစုနှစ်အတွင်း မကြုံဖူးသေးတဲ့ ပြောင်းလဲမှုတွေဟာ လျင်မြန်စွာ ဖြစ်ပေါ်နေပြီး ကမ္ဘာကြီးဟာ ငြိမ်းချမ်းတဲ့နေရာတစ်ခု မဟုတ်သေးကြောင်း ပြောခဲ့သည်ကို ထောက်ရှုပါက သိနိုင်သည်။

ရှီဦးဆောင်သည့် တရုတ်နိုင်ငံအနေဖြင့် လက်ရှိနိုင်ငံတကာအခြေအနေတွင် ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုကို မြတ်နိုးပြီး မိတ်ဆွေများကို တန်ဖိုးထားကြောင်း၊ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပြီး လူသားမျိုးနွယ် ယဉ်ကျေးမှုနဲ့ တိုးတက်မှုအတွက် ရပ်တည်ကြောင်း၊ တရုတ်ရဲ့ အသိပညာနဲ့ ဖြေရှင်းချက်တွေကို လူသားမျိုးနွယ်အားလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေး ဖော်ဆောင်ရာမှာ အကျိုးပြုစေဖို့ ကြိုးစားအားထုတ်နေကြောင်း ပြောခဲ့သည်။

လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အကြိမ် (၂၀) မြောက် အမျိုးသားကွန်ဂရက်အပြီး  ပေကျင်းတွင် တရုတ်သမ္မတက မိတ်ဆွေဟောင်း မိတ်ဆွေသစ်များကို လက်ခံတွေ့ဆုံခဲ့သည်။ထိုထဲတွင် အမျိုးသားကွန်ဂရက်အပြီး  တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဥရောပခေါင်းဆောင် ဂျာမန်အဓိပတိ အိုလက်ဖ်ရှုလ်ဇ်၊ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ချားလ်စ်မစ်ချဲလ်တို့နှင့်တွေ့ဆုံခဲ့ကာ အီးယူနှင့် တရုတ်အကြား တရုတ်နှင့် အီးယူအကြားက ဆက်ဆံရေးအရေးပါပုံကို ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွင် နိုင်ငံတကာကို သွားရောက်ခဲ့ရာမှာ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဥဇဘတ်ကစ္စတန်သို့ သွားရောက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုနိုင်ငံများညီလာခံတက်ကာ ရုရှားနှင့် တူရကီမှသမ္မတများ၊ အခြားနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်းဖော်ပြခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားတွင်ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံခဲ့ကာ ဗျူဟာမြောက်နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။ ဒီလိုတွေ့ဆုံမှုတွင် နှစ်ဘက်အတွက် အကျိုးရှိသော ပူးပေါင်းဆောင် ရွက်မှုအပေါ်တွင်သာ အခြေခံသင့်ကြောင်း ပြောကြားခဲ့ကာ အကြွင်းမဲ့သောပြိုင်ဆိုင်မှုအပေါ် အခြေမခံသင့်ကြောင်း ပြောကြားခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာရပ်တည်ချက်ကို တရုတ်သမ္မတရှီကျင့်ဖျင်၏ မိန့်ခွန်းတွင် ထင်ထင်ရှားရှား တွေ့ရသည်။ တရုတ်သမ္မတက လွန်ခဲ့တဲ့နှစ်တွင် တရုတ်နိုင်ငံ၏ သံတမန်ရေးဟာ ကြီးမားသော စိန်ခေါ် မှုများနှင့် အခွင့်အလမ်းများကို ရင်ဆိုင်ခဲ့ပြီး တရုတ်နိုင်ငံဟာ ရှုပ်ထွေးသောနိုင်ငံတကာအခြေအနေတွင် ချည်းကပ်မှုအမှန်ကို ရွေးချယ်ခဲ့ရကြောင်း၊ ဒီလို စိန်ခေါ်မှုများ ရှိနေသော်လည်း တရုတ်ဟာ နိုင်ငံတကာနဲ့ ဆက်လက်ဆက်ဆံခဲ့ပြီး နိုင်ငံတကာအရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်ဦးနှစ်ဖက်အကြားက ဆက်ဆံရေးကိုလည်း မြှင့်တင်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။

တရုတ်သမ္မတက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ဆွေးနွေးမှုနှင့် နှစ်ဘက်စလုံး အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်သာ အခြေခံသင့်ကြောင်း ပြောကြားခဲ့သည်။ ထိုသည်က တရုတ်၏ နိုင်ငံတကာနှင့်ပတ်သက်သည့်ရပ်တည်ချက်ဖြစ်သည်။ အဆိုပါပြောကြားချက်ကို ကြည့်ပါက တရုတ်နိုင်ငံအနေဖြင့် အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေးမှုများနဲ့ ဖြေရှင်းချင်သော ဆန္ဒရှိသည်ကိုတွေ့ရမည်ဖြစ်သည်။ ကြီးစိုးမှုအပေါ် အခြေခံထားသော လက်ရှိနိုင်ငံတကာဆက်ဆံရေးတွင်  တရုတ်နိုင်ငံလို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုက အင်အားပြိုင်ဆိုင်မှုကို မလိုလားသောနိုင်ငံဖြစ်နေသည်မှာ ယနေ့ကမ္ဘာအတွက် ကံကောင်းမှုပင်ဖြစ်သည်။

ရှီ၏ နှစ်သစ်ဆုတောင်းကိုကြည့်ပါကလည်း ကမ္ဘာကြီးကို  ငြိမ်းချမ်းစေပြီး နိုင်ငံအားလုံးက ပြည်သူများကို ပျော်ရွှင်ကြစေချင်သည့် ဆန္ဒကိုမြင်ရသည်။ ထိုသည်က လက်ရှိနိုင်ငံတကာအကျပ်အတည်းမှ ကမ္ဘာ့ပြည်သူတွေ လွတ်မြောက်စေချင်သည့် သဘောဖြစ်သည်။ ရှီ၏မိန့်ခွန်းကို ပြန်ကောက်ကြည့်လျှင် လက်ရှိအခင်းအကျင်းကို  ကမ္ဘာ့ပြည်သူများမလိုလားသည့်အတိုင်း တရုတ်ကလည်း ထိုသဘောအတိုင်း ဖြစ်နေသည်ကို ချပြထားသည်ကို တွေ့ရသည်။ လက်ရှိနိုင်ငံတကာတွင် ဖြစ်နေသည့် စစ်မက်နှင့် ပိတ်ဆို့အတားအဆီးများက ဆင်းရဲမွဲတေမှုကို အတိုင်းအဆမဲ့ ဖြစ်စေရာ  ဆင်းရဲမွဲတေမှုကို ကမ္ဘာ့စံချိန်တင်လျော့ချလာနိုင်ခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ထိုပိတ်ဆို့ မှုနှင့် စစ်မက်များကြောင့် စိတ်မသက်မသာဖြစ်နေသည်ကို မြင်ရသည်။  

ရှီ၏မိန့်ခွန်းတွင် သဲသဲကွဲကွဲမြင်ရသည်က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအရေးတွင် အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ပြီး တရုတ်ပုံစံသံတမန်ရေးဖြင့် အသစ်သော စာမျက်နှာဖန်တီးလိုမှုကို ပြသနေခြင်း ဖြစ်သည်။

လင်းသစ်အောင်